ဆိပ်ဖြူမြို့နယ်အတွင်း အမှတ်(၂၂)ကာကွယ်ရေးပစ္စည်းစက်ရုံ အနီးတဝိုက်ရှိ ကျေးရွာများတွင် အာဏာသိမ်း စစ်ကောင်စီတပ်က စစ်ကြောင်းထိုးသည့် လုပ်ဆောင်မှုများကြောင့် အနီးဝန်းကျင်ရွာများမှ ဒေသခံ ပြည်သူ (၇,၀၀၀)ကျော် ဘေးလွတ်ရာကို ထွက်ပြေး တိမ်းရှောင်နေကြရကြောင်း သိရသည်။
ဆိပ်ဖြူမြို့နယ်၊ ကျောက်ကြီးကျေးရွာအုပ်စုအတွင်းရှိ ရွှေဘိုးကျွန်းကျေးရွာရှိ အခြေခံပညာမူလတန်းလွန်ကျောင်းတွင် လက်နက်ကိုင် တပ်စွဲထားသည့် စစ်ကောင်စီတပ်နှင့်လက်အောက်ခံ ပြည်သူ့စစ်အဖွဲ့များသည် ၂၀၂၅ခုနှစ် ဇန်နဝါရီလ(၃၀)ရက်နေ့က တစ်ရွာပြီး တစ်ရွာ စစ်ကြောင်းထိုးနေကြခြင်း ဖြစ်ကြောင်း သိရသည်။
၎င်းတို့ စစ်ကြောင်းထိုးရာ လမ်းတလျှောက်ရှိ ကျေးရွာများထဲက ညောင်ဂွေးဝကျေးရွာအတွင်းရှိ ပြည်သူပိုင် ဈေးဆိုင်များ နှင့် နေအိမ်များကို ဝင်ရောက် ဖျက်ဆီး မွှေနှောက်ရှာဖွေကာ အစားအသောက် နှင့် အသုံးဆောင် ပစ္စည်းများကို ခိုးဝှက်ထုတ်ပိုးယူဆောင်သွားကြောင်း သိရသည်။
ယင်းအပြင် အဆိုပါ ကျေးရွာအတွင်းမှ ဆိုင်ကယ်(၂)စီး နှင့်ကားဝပ်ရှော့တစ်ခုအား မီးရှို့ဖျက်ဆီးသွားကြောင်း သိရသည်။
စစ်ကောင်စီတပ်၏ စစ်ကြောင်းထိုးရာ လမ်းကြောင်းအတွင်း ညောင်ဂွေးဝကျေးရွာ တောင်ဘက်တွင် ဆိပ်ဖြူမြောက်ပိုင်း ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ နှင့် ပစ်ခတ်တိုက်ခိုက်မှု ဖြစ်ပွားခဲ့ကြောင်းလည်း သိရသည်။
တစ်ရွာပြီး တစ်ရွာစစ်ကြောင်းထိုးနေသည့် စစ်ကောင်စီတပ်သည် ဇန်နဝါရီလ(၃၀)ရက်နေ့ ညပိုင်းက ကပစ(၂၂)ဂိတ်သို့ ဝင်ရောက်သွားကြောင်း ဆိပ်ဖြူမြောက်ပိုင်း ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က သတင်းထုတ်ပြန်ထားရှိသည်။
"ကပစ(၂၂)ထဲကနေ ဒီကောင်တွေ ထွက်သွားလိုက် ဝင်သွားလိုက်နဲ့ တစ်ဖွဲ့ပြီး တစ်ဖွဲ့ လုပ်နေကြတာ။ အနီးအနား ကျေးရွာက ဒေသခံတွေ အမြဲတမ်း အထိတ်တလန့်နဲ့ ဖြတ်သန်းနေရတယ်။ အခုလည်း စစ်ကြောင်းထိုးလို့ တော်တော်များများ တိမ်းရှောင်နေကြတာ။ ရွာထဲမှာလည်း လူငယ်၊ လူလတ်ပိုင်းတွေလည်း မနေရဲကြဘူး။ သူတို့ ဝင်လာပြီး စစ်ဆေး ညှင်းပမ်းနှိပ်စက်မှာ ကြောက်လို့လေ"ဟု ဒေသခံ တစ်ဦးက Tachileik News Agency သို့ ပြောပြသည်။
စစ်ကောင်စီတပ်သည် တစ်ရွာပြီး တစ်ရွာ ဝင်ရောက်ချိန်တွင် ရွာအတွင်းသို့ မရောက်မီတွင် လက်နက်ကြီး လက်နက်ငယ်များဖြင့် ရမ်းသမ်းပစ်ခတ် ခြောက်လန့်သည့်အတွက် လမ်းကြောင်းတလျှောက်ရှိ ကျေးရွာများနေ ဒေသခံ ပြည်သူ (၇၀၀၀)ကျော်သည် အိုးပစ် အိမ်ပစ်ပြီး ဘေးလွတ်ရာကို ထွက်ပြေးတိမ်းရှောင်နေကြရခြင်း ဖြစ်ကြောင်း သိရသည်။