စစ်ကောင်စီ၏ ပြည်သူ့စစ်မှုထမ်းဥပဒေကြောင့် အတင်းအဓမ္မစစ်သားစုဆောင်းခံရ၍ စစ်ကောင်စီတပ်သား ဖြစ်လာသည့် (၄)ဦး လွိုင်ကော်မြို့နယ်ဒေသခံပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့( Loikaw Local PDF )ထံ လက်နက်ခဲယမ်းများနှင့်အတူ ခိုလှုံလာကြောင်း သိရသည်။
ကရင်နီ(ကယား)ပြည်နယ်အတွင်း စစ်ကောင်စီ၏ ဘောလခဲအခြေစိုက် အမှတ်(၄၂၉)ခြေမြန်တပ်ရင်းမှ တပ်သား(၄)ဦးသည် လွိုင်ကော်မြို့နယ်ဒေသခံပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့( Loikaw Local PDF )ထံ ၂၀၂၅ ခုနှစ် ဇန်နဝါရီလ(၂၉)ရက်နေ့တွင် လက်နက်(၃)လက်၊ ခဲယမ်း၊ ကျည်ဘောက်၊ မိုင်းများနှင့်အတူ ခိုလှုံလာခြင်းဖြစ်သည်ဟုလည်း ဆိုသည်။
အဆိုပါ တပ်သားများသည် ပြည်သူစစ်မူ့ထမ်း ဥပဒေထုတ်ပြန်ပြီး မကြာမီ ရှောင်တစ်ခင် အဖမ်းအဆီးခံခဲ့ရပြီး အတင်းအဓမ္မလူသစ်စုဆောင်းခံခဲ့ရသော ပြည်သူ့စစ်မူထမ်းများဖြစ်ကြောင်း သိရသည်။
လွိုင်ကော်မြို့နယ်ဒေသခံပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့( Loikaw Local PDF ) အနေဖြင့်လည်း ခိုလှုံလာသော တပ်သားများအား လုံခြုံသောနေရာတွင်ထားပြီး ၎င်းတို့ဆန္ဒအလျောက် လွတ်လပ်စွာရွေးချယ်ခွင့်ပြုသွားမည်ဟု သိရသည်။
ပြည်သူကာကွယ်ရေးတပ်များထံသို့ ဝင်ရောက်ပူးပေါင်းလာကြမည့် ပြည်သူစစ်မူထမ်းများ၊ အရာရှိစစ် သည် ရဲဘော်၊ အောက်ခြေ ရဲဘော်များ၊ Non CDM ဝန်ထမ်းများအား နွေးထွေးစွာကြိုဆိုနေသည်ဟုလည်း ဆိုသည်။
နိုင်ငံအတွင်း စစ်ရှုံးနေပြီး စစ်သည် အင်အားလျော့နည်းလာချိန်တွင် အာဏာသိမ်း စစ်ကောင်စီသည် ပြည်သူ့စစ်မှုထမ်းဥပဒေကို အသက်သွင်းကာ စစ်သားသစ်အတွက် အတင်းအဓမ္မ လူသစ်စုဆောင်းပြီး ရှေ့တန်းစစ်မြေပြင်သို့ ပို့ဆောင်နေရာ ရှေ့တန်း စစ်မြေပြင်တွင် စစ်သုံ့ပန်းအဖြစ် အဖမ်းခံရသူများနှင့် သေဆုံးသူများထဲတွင် ပြည်သူ့စစ်မှုထမ်းဥပဒေဖြင့် စစ်ထဲသွင်းခံရသည့် စစ်သားသစ်များစွာ ပါဝင်နေသည်ကိုလည်း စစ်မြေပြင် သတင်းများအရ သိရသည်။
စစ်ကောင်စီ၏ ပြည်သူ့စစ်မှုထမ်း ဥပဒေကြောင့် မဖြစ်မနေ စစ်ထဲသွင်းခံရသူများထဲတွင် စုရပ်နေရာများနှင့် စစ်သင်တန်းကာလအတွင်း၌ ထွက်ပြေးကြသူ အများအပြားရှိလာနေသလို ရှေ့တန်းပို့ခံရချိန်တွင်လည်း တော်လှန်ရေးတပ်ဖွဲ့များနှင့် ဆက်သွယ် ပူးပေါင်းမှုများ ရှိလာကြောင်း သိရသည်။
Photo: Loikaw Local PDF