မွန်ပြည်နယ် ကျိုက်ထိုမြို့နယ်အတွင်း စစ်ကောင်စီတပ်မှ ကျေးရွာများအတွင်းသို့ ပစ်မှတ်ထား၍ လက်နက်ကြီးဖြင့် ပစ်ခတ်မှုကြောင့် ပြည်သူတစ်ဦး သေဆုံးကာ နေအိမ် (၃)လုံး ထိခိုက်ပျက်စီးကြောင်း KNU က ယနေ့ ၂၀၂၅ခုနှစ် ဇန်နဝါရီလ (၂၅)ရက်နေ့တွင် သတင်းထုတ်ပြန်သည်။
ကျိုက်ထိုမြို့နယ်အတွင်း ၂၀၂၅ ခုနှစ် ဇန်နဝါရီလ (၂၁)ရက်နေ့ ည (၇)နာရီခန့်တွင် စစ်ကောင်စီတပ်၏ အမှတ် (၆၀၂)အမြှောက်တပ်ရင်းမှ ငှက်ပျောတောကျေးရွာအုပ်စုအတွင်းရှိ ပြည်သူများနေထိုင်သည့် ကျေးရွာများအတွင်းသို့ လက်နက်ကြီး (၃)လုံး ပစ်ခတ်ခဲ့ရာ ငှက်ပျောတော အောက်ရွာတွင် ကျရောက်ပေါက်ကွဲခဲ့ကြောင်း သိရသည်။
"စစ်ကောင်စီတပ်က လက်နက်ကြီး (၃)လုံး လူနေတဲ့ရွာထဲကို တမင် ရည်ရွယ်ချက်ရှိရှိနဲ့ကို ပစ်တာ ဦးသန်းအောင် အိမ်နောက်ဖေးကို တစ်လုံး၊ ဒေါ်ကြည်ကြည်အိမ်ဘေးမှာ တစ်လုံးနဲ့ ဦးတင်နိုင် အိမ်မိုးပေါ် တစ်လုံး ကျရောက်ပေါက်ကွဲခဲ့တာ။"ဟု ကေအဲန်ယူ-ကျိုက်ထိုမြို့နယ် သတင်းတာဝန်ခံက ပြောသည်။
လက်နက်ကြီး ကျရောက်ပေါက်ကွဲမှုကြောင့် ငှက်ပျောတောအောက်ရွာမှ ဦးတင်နိုင်၏ အိမ်စီးကားတစ်စီး ပျက်စီးပြီး ဇနီးဖြစ်သူ ဒေါ်အေးချို လက်နက်ကြီးကျည်စထိမှန်၍ သေဆုံးခဲ့ကာ သမီးဖြစ်သူ မယွန်းနဒီဦး အသက် (၁၅)နှစ် ၊ မလဲ့လဲ့ခိုင် အသက် (၁၅)နှစ်နှင့် ဒေါ်ခင်ညွန့် အသက် (၆၀)နှစ်တို့ ထိခိုက်ဒဏ်ရာရရှိခဲ့သည့်အပြင် ဦးသန်းအောင် ၊ ဒေါ်ကြည်ကြည်နှင့် ဦးတင်နိုင်တို့၏ နေအိမ်များလည်း ထိခိုက်ပျက်စီးခဲ့ရကြောင်း သိရသည်။
KNU ထိန်းချုပ်နယ်မြေ ဒူးသထူ (သထုံခရိုင်)အတွင်း စစ်ကောင်စီတပ်၏ လက်နက်ကြီး ၊ လေကြောင်းများဖြင့် တိုက်ခိုက်ခြင်း ၊ မြေပြင်စစ်ကြောင်းထိုးခြင်းများကြောင့် နေရပ်စွန့်ခွာထွက်ပြေး တိမ်းရှောင်နေရသည့် စစ်ဘေးရှောင်ဦးရေ တသိန်းကျော် (၁၁၁,၂၇၄) ဦးရှိကြောင်း KPSN (Karan Peace Support Network)၏ အစီရင်ခံစာအရ သိရသည်။
#TachileikNewsAgency
#TNA_LE
Photo: 𝗞𝗮𝗿𝗲𝗻 𝗡𝗮𝘁𝗶𝗼𝗻𝗮𝗹 𝗨𝗻𝗶𝗼𝗻