မြန်မာ - ထိုင်းနယ်စပ်ဒေသ တာချီလိတ်မြို့တွင် ရေကြီးရေလျှံမှုကြောင့် တစ်လကျော်ကြာ တင်ကျန်နေဆဲဖြစ်သည့် ရွံ့နွံများကို ရှင်းလင်းနေရဆဲဖြစ်ရာ သက်ဆိုင်ရာ ဌာနများ၏ အထိန်းအကွပ်မဲ့ပြီး စည်းကမ်းမဲ့တင်ဆောင်လာသည့် စွန့်ပစ် ရွှံ့နွံများ လမ်းတလျှောက် ပြုတ်ကျကျန်ရစ်မှုများကြောင့် ဆိုင်ကယ်များ လမ်းချော်ပြီး တိမ်းမှောက်ရာကနေ ကားနှင့်ကြိတ်မိပြီး နောက်ထပ် လူ(၁)ဦး ထပ်မံ သေဆုံးသွားရကြောင်း သိရသည်။
မြို့တွင်းမှ စွန့်ပစ် ရွှံ့နွံများကို မြို့ပြင်နေရာအသီးသီးသို့ ကားဖြင့် သယ်ဆောင်ပြီး စွန့်ပစ်ရာ လမ်းတလျှောက်တွင် စည်းကမ်းမဲ့စွာ သယ်ဆောင်လာမှုများကြောင့် ကားပေါ်ကနေ ရွံ့နွံအများအပြား ပြုတ်ကျခဲ့သည့်အတွက် ယနေ့ ၂၀၂၄ခုနှစ် အောက်တိုဘာလ(၁၄)ရက်နေ့တွင် အမျိုးသမီးတစ်ဦး ကားဖြင့် ကြိတ်မိပြီး သေဆုံးခဲ့ရခြင်း ဖြစ်သည်။
ဖြစ်စဉ်မှာ ယနေ့ အောက်တိုဘာလ(၁၄)ရက်နေ့ နံနက်ပိုင်းက တာချီလိတ်မြို့ လွယ်စတုံသွားလမ်း Oakwood International School ရှေ့လမ်းမကြီးပေါ်တွင် အမျိုးသမီးနှစ်ဦး စီးလာသည့် ဆိုင်ကယ်သည် လမ်းပေါ် ပြုတ်ကျနေသည့် ရွှံ့နွံများကြောင့် ဘီးချော်ပြီး တိမ်းမှောက်ရာမှ ဦးခေါင်းမှာ ကားဘီးအောက်ရောက်သွားပြီး ကြိတ်မိကာ နေရာမှာတင် သေဆုံးသွားခြင်း ဖြစ်ကြောင်း သိရသည်။
"အဓိက မြေသယ်ကားတွေ သယ်သွားတဲ့ ရွံ့နွံတွေဟာ လမ်းမပေါ်ကျတယ်။ သယ်တဲ့ ကားသမားတွေကလည်း ကိုယ်ချင်းစာစိတ် မရှိဘူး။ ငါ့အလုပ် ပြီးပြီးရော စိတ်မွေးတယ်။ ဟိုနေ့ကဆိုရင် တရုတ်ကျောင်းပို့တဲ့ ကလေးတွေ ခဏခဏ ဆိုင်ကယ်လဲတယ်။ စည်းကမ်းမရှိတဲ့ မြေသယ်ကားတွေကြောင့် ကလေးသူငယ်တွေလည်း ထိခိုက်ရတယ်။ လမ်းမပေါ်မြေသယ်ရင်လည်း ပြုတ်မကျရအောင် စနစ်တကျ စီမံခန့်ခွဲပေးမယ့် တာဝန်ရှိသူကလည်း မရှိဘူး အားလုံးက ငါ့အလုပ်ပြီးဖို့ပဲတွေးတယ်။"ဟု ဒေသခံတစ်ဦးက ဆိုသည်။
ဆိုင်ကယ်တွင် အတူလိုက်ပါလာသူ ကျန်တစ်ဦးမှာ အသက်ဘေးမှ ကင်းလွတ်ခဲ့ရကြောင်း မြင်တွေ့ခဲ့ရသူများထံက သိရသည်။
"တာဝန်ရှိတယ်ဆိုသူတွေက ဘယ်တုန်းကမှကို တာဝန် မခံကြတာ။ ငတ်ကြီးကျဖို့ပဲ သိတာ။ အခုလည်းကြည့်ကြပါဦး။ တာချီလိတ်မြို့ကြီး စုတ်ပြတ်သတ်နေတာ။ ဘာမှကို စဥ်းစားလုပ်ကိုင်တာမရှိဘူး။ ကားတွေ လမ်းတွေ ကြပ်နေတာလည်း မဖြေရှင်းဘူး။ ခုလည်း ကျွန်မတို့မြို့မှာ တစ်လကျော်ကြာနေပြီ လမ်းချော်နေတာ ဗွက်တွေ လမ်းပေါ်ကျနေတာ မသိယောင်ဆောင်နေကြတယ်။ သူတို့ကြောင့် အသက်တွေက စျေးပေါလိုက်တာ။"ဟု ဒေသခံ အမျိုးသမီးတစ်ဦးက ပြောသည်။
အလားတူ ဖြစ်စဉ်မျိုး အောက်တိုဘာလ(၁၁)ရက်နေ့ နံနက်(၇)နာရီခွဲဝန်းကျင်အချိန်ကလည်း ဖြစ်ပွားခဲ့သေးပြီး အဆိုပါ ဖြစ်စဉ်တွင် အခြေခံပညာအထက်တန်းကျောင်း(တာချီလိတ်)အငြိမ်းစားဆရာတစ်ဦးလည်း ဖြစ်သလို လက်ရှိ ရှမ်းရှေ့တန်ဆောင်ကိုယ်ပိုင်အထက်တန်းကျောင်းတွင် အလယ်တန်းပြဆရာအဖြစ် ပညာသင်ကြားပေးနေသည့် အသက်(၆၈)နှစ်အရွယ် ဆရာ ဦးတင်နိုင်ထွဋ်သည် နေရာတွင် သေဆုံးခဲ့ရသည်။
"ကျောင်းဆရာဆိုရင် ဆိုင်ကယ်စီးဦးထုပ် ဆောင်းရဲ့သားနဲ့ သေသွားတယ်ဗျာ။ နှမျောလိုက်တာ ဆရာက အသက်တောင် ကြီးနေပါပြီ။ ဆိုင်ကယ်သမားတွေက ရှေ့ကမောင်းရင် သတိနဲ့ မောင်းပြီး ကားသမားတွေလည်း ဆိုင်ကယ်နောက်က လိုက်ရင် သတိလေးနဲ့ လိုက်သင့်ပါတယ်"ဟု ဒေသခံ တစ်ဦးက ပြောသည်။
ကျောင်းဆရာ ဦးတင်နိုင်ထွဋ်ဖြစ်စဉ်တွင် လမ်းပေါ်တွင် ရွှံ့နွံကြောင့် အရှိန်မထိန်းနိုင်ဘဲ လမ်းချော်ကာ ဆိုင်ကယ်ကို အနောက်ကနေ ဝင်တိုက်မိပြီး ထွက်ပြေးသွားသူဖြစ်သည့် အသက်(၂၄)နှစ်အရွယ် စိုင်းကော်ခမ်း ဆိုသူအား ၂၀၂၄ခုနှစ် အောက်တိုဘာလ(၁၃)ရက်နေ့က ဖမ်းမိပြီ ဖြစ်ကြောင်း သိရသည်။
တာချီလိတ်မြို့တွင်း ပြန်လည် စိမ်းလန်းစိုပြေ သာယာဝပြောရေးမှာ ဒေသအုပ်ချုပ်ရေးအာဏာပိုင်များတွင် တာဝန်ရှိ၍ ဒေသအပေါ် စေတနာထား ဆောင်ရွက်စေလိုကြောင်း လုပ်ငန်းရှင်များက ဆိုသည်။
"ဒီကိစ္စမှာတော့ ဒေသအုပ်ချုပ်ရေးတွေမှာ တာဝန်ရှိတယ်။ ခရိုင်အဆင့်ဆိုရင် ခရိုင်အုပ်ချုပ်ရေးမှူး ဦးမင်းကို၊ မြို့နယ်အဆင့်ဆိုရင် မြို့နယ်အုပ်ချုပ်ရေးမှူး ဦးတင်ဦးကျော် တို့ပေါ့။ သူတို့တွေက ကိုယ့်ဒေသမဟုတ်ပေမဲ့ ကိုယ့်ဒေသလို သဘောထားပြီး အကောင်းဆုံး စီမံပေးနိုင်ရင် အခုလို မဖြစ်သင့်တာတွေ ဖြစ်လာစရာအကြောင်းမရှိဘူး။ အားနေ ဂေါက်သွားရိုက်ဖို့ပဲ လုပ်နေကြသလို ညဖက် သောက်စားပျော်ပါးဖို့ပဲ တွေးတာများတယ်။ လူသေတဲ့အထိ ဖြစ်လာတဲ့အတွက် သူတွေအပေါ်မှာ အဓိက တာဝန်ရှိတယ်။ တာချီလိတ်မြို့က မြို့ပျက်ကြီးလို ဖြစ်နေတာ တစ်လကျော်နေပြီ။"ဟု အမည်မဖော်လိုသူသည့် လုပ်ငန်းရှင်တစ်ဦးက Tachileik News Agency သို့ ပြောသည်။
တာချီလိတ်မြို့တွင် ၂၀၂၄ခုနှစ် စက်တင်ဘာလ(၁၀)ရက်နေ့ကနေ (၁၂)ရက်နေ့အထိ အဆိုးရွားဆုံး ရေကြီးရေလျှံမှုနှင့်အတူ ရွှေတူးဖော်သည့် ရွှံ့နွံများ ဖုံးလွှမ်းခဲ့မှုကြောင့် ယနေ့ အောက်တိုဘာလ(၁၄)ရက်နေ့အထိ ရွှံ့နွံများကို ရှင်းလင်းနေရဆဲဖြစ်ပြီး ရွှံ့နွံများ သယ်ဆောင်သွားရာ လမ်းတလျှောက်ပေါ်တွင် ရွှံ့နွံများ ပြုတ်ကျမှုများ ရှိနေသည်။
လမ်းပေါ် ပြုတ်ကျနေသည့် ရွှံ့နွံများကြောင့် လမ်းချော်မှုများ အချိန်နှင့်အမျှဖြစ်ပွားနေပြီး ဆိုင်ကယ်များမှာလည်း နေ့စဉ် အချိန်တိုင်း ဘီးချော်ကာ တိမ်းမှောက်မှုများကြောင့် အသေးအမွှား ဒဏ်ရာကနေ လက်ကျိုးသည်အထိဖြစ်ပွားခဲ့ကြရာမှ တဆင့် လူသေဆုံးမှုအထိ ရှိလာနေသည်။