ရှမ်းပြည်နယ်တောင်ပိုင်းဒေသ၊ လင်းခေးခရိုင်အတွင်း၊ မိုင်းပန်မြို့တွင် CDM လုပ်သွားသူများ၏ နေရာကို အစားထိုး ဝင်ရောက်လာသည့် မိုင်းပန်ပြည်သူ့ဆေးရုံအုပ်က ဌာနမှ ထုတ်ပေးသည့် ဆေးဝါးများကို ကျေးလက်ကျန်းမာရေးဌာနခွဲများသို့ ပြန်လည် ခွဲဝေပေးခြင်း မရှိဘဲ ၎င်းကိုယ်ကျိုးအတွက် အသုံးပြုနေသလို ဌာနအတွင်း ရာထူးအာဏာကို အသုံးချပြီး အလွဲသုံးစားမှုများ ပြုလုပ်နေကြောင်း သိရသည်။
မိုင်းပန်မြို့နယ်အတွင်း ရေကြီးရေလျှံမှု ဖြစ်ပေါ်ခဲ့ပြီးနောက် မိုးစပါး ဧက ထောင်ချီ နှင့် ပဲပုပ်စိုက်ခင်း ဧက ထောင်ချီ ပျက်စီးဆုံးရှုံးခဲ့ရသလို လမ်းပန်းဆက်သွယ်ရေးများ ပြတ်တောက်သွားသည့်အတွက် ဆေးဝါးနှင့်လူသုံးကုန်ပစ္စည်းဈေးနှုန်းများမှာ ယနေ့ ၂၀၂၄ခုနှစ် အောက်တိုဘာလ(၉)ရက်နေ့အထိ မြင့်တက်နေဆဲဖြစ်ကြောင်း သိရသည်။
ယင်းသို့ ဆေးဝါးနှင့်လူသုံးကုန်ပစ္စည်းဈေးနှုန်းများ ဈေးနှုန်းမြင့်တက်နေသည့် မိုင်းပန်မြို့တွင် မြို့နယ်အတွင်းရှိ ကျေးလက်ကျန်းမာရေးဌာနနှင့် ဌာနခွဲများသို့ ဆေးဝါးများကို ပြန်လည်ခွဲဝေပေးခြင်းမရှိဘဲ ဆေးရုံအုပ်က ကိုယ်ကျိုးအတွက် အသုံးပြုနေကြောင်း သိရသည်။
"ဆေးဝါးများကို ကျေးလက်ကျန်းမာရေးဌာန၊ ဌာနခွဲသို့ ခွဲဝေပေးခြင်း မရှိဘဲ တောင်ကြီးမြို့မစျေးအနီး ဖွင့်လှစ်ထားသည့် ဆေးဆိုင်သို့ ပြန်လည်ရောင်းချ၍ ငွေ ရှာသလို မြို့နယ်ပြည်သူ့ဆေးရုံတွင်လည်း လာရောက်ကုသမှု ခံယူသည့် လူနာများသည် ယခင် ဆရာဝန် နေအိမ်၊ ယခု ဆေးရုံအဆောက်အဦးထဲတွင် ဖွင့်လှစ်ထားသည့် ဆေးခန်းတွင်ပြသပြီး ဆေးဝါးများကိုလည်း ပြင်ပဆေးဆိုင်ကဲ့သို့ ဝယ်ယူရသည်ဟု ဆေးရုံနှင့်နီးစပ်သည့် ဒေသခံထံက သိရသည်။
မိုင်းပန်ပြည်သူ့ဆေးရုံအုပ် ဒေါက်တာ နိုင်လင်းထွန်း(ဆမ/၂၂၁၁၈)သည် ဆေးဝါးများကို ကိုယ်ကျိုးအတွက် အသုံးပြုသည့်အပြင် RELIFE INTERNATIONNAL ကဲ့သို့ နိုင်ငံတကာမှ ထောက်ပံ့ပေးသည့် သင်တန်းကြေးများကိုလည်း
မသိ နားမလည်သည့် ရုံးအကူ၊ သန့်ရှင်းရေးတို့ သိရှိရခြင်း မရှိဘဲ သင်တန်းသား အမည်ထည့်သွင်းကာ ၎င်း K-Pay တခုထဲ၌သာ ငွေရယူ လိမ်လည်ထုတ်ယူသကဲ့သို့ နိုင်ငံတကာမှ ထောက်ပံ့သည့်
အခြားလက်အောက် ဝန်ထမ်းများ၏ သင်တန်းကြေးများကိုလည်း ကြိမ်ရေများစွာဖြတ်တောက် ရယူကြောင်း သိရသည်။
ရံဖန်ရံခါ ယင်း၏ အမိန့်ဖြင့် ၎င်း၏ စာရေးမ ဖြစ်သူကလည်း ဝန်ထမ်းများ၏ လက်မှတ်အတုထိုး၍ သင်တန်းကြေး ဖြတ်တောက်ရယူနေမှုများ ရှိနေသည်ဟု သိရသည်။