iPhone ဝယ်ပေးရန် ပန်းသည် မိခင်ကို အစာငတ်ခံ ဆန္ဒပြသည့် အိန္ဒိယ ဆယ်ကျော်သက်

iPhone ဝယ်ပေးရန် ပန်းသည် မိခင်ကို အစာငတ်ခံ ဆန္ဒပြသည့် အိန္ဒိယ ဆယ်ကျော်သက်
သြဂုတ် 28, 2024 | နိုင်ငံတကာသတင်း
By Mr John

 iPhone အသစ် ဝယ်ပေးရန် ပန်းသည် မိခင်ဖြစ်သူအား (၃) ရက်ကြာ အစာငတ်ခံ ဆန္ဒပြခဲ့သည့် အိန္ဒိယဆယ်ကျော်သက်ကို မိခင်အား စိတ်ပိုင်းဆိုင်ရာ ခြိမ်းခြောက်မှုလုပ်သူဟု ဝေဖန်ပြောဆိုနေကြသည်။ 

အိန္ဒိယနိုင်ငံတွင် စမတ်ဖုန်းဆိုင် ပိုင်ရှင်တစ်ဦး ရိုက်ကူးထားသော ဗီဒီယိုတစ်ခု ပြီးခဲ့သည့် သီတင်းပတ်အတွင်း ပျံ့နှံ့ခဲ့ပြီး ထိုဗီဒီယိုအတွင်း တွေ့ရသည့် ဆယ်ကျော်သက် ကောင်လေးက ၎င်း၏မိခင်ကို iPhone အသစ်တစ်လုံး ဝယ်ပေးရန် (၃) ရက်ကြာ အစာငတ်ခံ ဆန္ဒပြခဲ့သည်ဟု ထုတ်ဖော်ပြောထားသည်။

မိခင်ဖြစ်သူမှာ ဘုရားကျောင်းတစ်ခု၏ အပြင်ဘက်တွင် ပန်းရောင်းခြင်းဖြင့် အသက်မွေးဝမ်းကျောင်းသူ ဖြစ်ပြီး သူမကိုလည်း ဗီဒီယိုတွင် တွေ့ရသည်။ 

အိန္ဒိယဂျာနယ်လစ် Abhishek က X လူမှုကွန်ရက်ပေါ်တွင် ထိုဗီဒီယိုကို မျှဝေထားပြီး ကြည့်ရှုမှု အကြိမ်ရေ (၁) သန်းကျော်ရှိပြီး စမတ်ဖုန်းများက အဆင့်အတန်းသင်္ကေတနှင့် မျိုးဆက်သစ်များ၏ ရပိုင်ခွင့်သဖွယ် ဖြစ်လာမှုအပေါ် ဆွေးနွေးငြင်းခုံမှုများ ပွဲဆူလာခဲ့သည်။

"ဒီဗီဒီယိုက စိတ်မကောင်းစရာပါပဲ။ ဒီကောင်လေးရဲ့ အမေက ဘုရားကျောင်းတစ်ခု အပြင်ဘက်မှာ ပန်းရောင်းပါတယ်။ သူက iPhone တစ်လုံး ဝယ်ပေးဖို့ မရမက တောင်းဆိုခဲ့ပြီး (၃) ရက်ကြာ အစာငတ်ခံ ဆန္ဒပြခဲ့တယ်။ နောက်ဆုံးမှာ မိခင်က လက်လျှော့လိုက်ရပြီး သူရဲ့ ပင်ပင်ပန်းပန်း ရှာထားတဲ့ငွေနဲ့ သူ့ကို iPhone တစ်လုံး ဝယ်ပေးခဲ့တယ်။ ဗီဒီယိုထဲမှာ တွေ့ရတဲ့ သူမရဲ့ မျက်နှာအမှုအရာက စကားတွေ အများကြီး ပြောတယ်" ဟု ဂျာနယ်လစ်က ရေးသားထားသည်။

"ကျွန်မက ဘုရားကျောင်း အပြင်ဘက်မှာ ပန်းရောင်းပါတယ်။ သူက (၃) ရက်ကြာ ဘာမှ မစားဘဲနေလို့ သူ့ကို ဖုန်းဝယ်ဖို့ ကျွန်မ ပိုက်ဆံပေးခဲ့တယ်။ ကျွန်မ ဝမ်းသာပါတယ်။ ဒါပေမဲ့ သူ ဝင်ငွေရှာပြီး ငွေပြန်ရလာတာမျိုး ဖြစ်စေချင်တယ်လေ" ဟု ပန်းသည်အမျိုးသမီးက ဖွင့်ဟခဲ့သည်။

 

ထိုဆယ်ကျော်သက်၏ မိခင်ကို အကျပ်ကိုင်သည့် အစာငတ်ခံ ဆန္ဒပြမှု လုပ်ရပ်အပေါ် အွန်လိုင်းတွင် ဝေဖန်ပြောဆိုမှု များစွာရှိခဲ့သည်။

ဆိုရှယ်မီဒီယာ အသုံးပြုသူ အများအပြားက ၎င်းကို မိခင်အပေါ် ငွေရေးကြေးရေးအရ နှင့် စိတ်ပိုင်းဆိုင်ရာအရ နှိပ်စက်သူအဖြစ် စွပ်စွဲကြပြီး မိဘအပေါ် မသိတတ်သူဟု ပြောဆိုကြသည်။ 

"မင်းအမေက ပင်ပင်ပန်းပန်းနဲ့ ပန်းရောင်းနေရပေမဲ့ မင်းက အလုပ်မလုပ်ဘဲ iPhone အတွက် ဒီလောက် ပိုက်ဆံအများကြီး သုံးစွဲတယ်။ အဓိပ္ပါယ် မရှိလိုက်တာ" ဟု X လူမှုကွန်ရက် အသုံးပြုသူတစ်ဦးက မှတ်ချက်ပေးထားသည်။

 

Source: OddityCentral