ကြက်မ နှင့် ကြက်ဥ ဘယ်ဟာက အရင်စဖြစ်သလဲဟု အချေအတင် ငြင်းခုံရာမှ လူသတ်မှုဖြစ်ပွား

ကြက်မ နှင့် ကြက်ဥ ဘယ်ဟာက အရင်စဖြစ်သလဲဟု အချေအတင် ငြင်းခုံရာမှ လူသတ်မှုဖြစ်ပွား
သြဂုတ် 6, 2024
By Mr John

ကြက်မ နှင့် ကြက်ဥ ဘယ်ဟာက အရင်စဖြစ်သလဲဆိုသည်ကို အချေအတင် ဆွေးနွေးငြင်းခုံရာမှ  လူသတ်မှုတစ်ခု အင်ဒိုနီးရှားနိုင်ငံတွင် ဖြစ်ပွားခဲ့သည်။ 

အင်ဒိုနီးရှား ကျေးရွာတစ်ရွာတွင် ကြက်မနှင့် ကြက်ဥ ဘယ်ဟာက အရင်စဖြစ်သလဲဆိုသည်ကို လူ (၂) ဦး အရက် အတူတူသောက်ရင်း ငြင်းခုံခဲ့ကြရာမှ လူသတ်မှု ဖြစ်ပွားခဲ့ကြောင်း သိရသည်။

အသက် (၄၇) နှစ်အရွယ် Kadir Marku နှင့် DR ဟုသာ သိရှိရသူတို့ကြား ၂၀၂၄ ခုနှစ် ဇူလိုင်လ (၂၄) ရက် ညနေပိုင်းက  ကြက်မနှင့် ကြက်ဥကိစ္စ အရက် အတူတူသောက်ရင်း အချေအတင် အငြင်းအခုံဖြစ်ခဲ့ကြသည်။  

Kompas သတင်းဌာန၏ ဖော်ပြမှုအရ ထိုအမျိုးသား (၂) ဦးမှာ အရက် အတူတူသောက်သည့် နေ့မှ ပထမဆုံး တွေ့ဆုံ ခင်မင်ကြသူများ ဖြစ်ကြောင်း သိရသည်။ 

၎င်းတို့ (၂) ဦး အရက် မိတ်ဖြစ်ဆွေဖြစ် အတူတူသောက်နေစဥ် DR ဆိုသူက ကြက်မနှင့် ကြက်ဥ ဘယ်ဟာက အရင်စဖြစ်သလဲဆိုသည့် ပဟေဠိကို မေးခွန်းထုတ်ခဲ့ရာမှ အငြင်းပွား စကားများကြားပြီး ထိုပဟေဠိကို Marku က မဖြေနိုင်ခဲ့ဘဲ အရက်ဝိုင်းမှ ထွက်ခွာသွားရန် ပြင်ခဲ့သည်။ 

ဆက်လက်၍ အရက်ဝိုင်းမှ ထွက်ခွာသွားရန် ပြင်နေသည့် Marku ကို DR က ထွက်သွားခွင့် မပေးဘဲ ၎င်း၏ နေအိမ်ကို အမြန်ပြန်သွားပြီး ဓားမြှောင်တစ်လက် ယူဆောင်လာပြီးနောက် ၎င်းတို့ အရက်သောက်သည့် နေရာတွင် Marku မရှိတော့၍ DR က လိုက်ရှာရာ ခရစ်ယာန်ဘုရားကျောင်းတစ်ခုရှေ့၌ တွေ့သွားခဲ့ကြောင်း သိရသည်။

ယင်းနောက် ထိုနေရာမှာပင်  DR က Marku ကို ဓားမြှောင်ဖြင့် (၁၅) ချက်အထိ ရက်ရက်စက်စက် ထိုးမှုကြောင့် Marku ကို ဆေးရုံသို့ အမြန်ပို့ဆောင်ခဲ့သော်လည်း ဓားထိုးခံရသည့် ဒဏ်ရာများကြောင့် သေဆုံးသွားခဲ့သည်။ 

အဆိုပါ ဖြစ်စဉ်နှင့် ပတ်သက်ပြီး ဓါးဖြင့် ထိုးသည့် DR ကို ရဲတပ်ဖွဲ့က ဖမ်းဆီးကာ စစ်ဆေးနေကြောင်း Tongkuno ရဲတပ်ဖွဲ့မှူးက အတည်ပြုထားသည်။

Source: The Thaiger

Mr John သည် Tachileik News Agency ၏ နိုင်ငံတကာသတင်း ကဏ္ဍအတွက် ဘာသာပြန် သတင်းတင်ဆက်နေသူ ဖြစ်သည်...