အမေရိကန်ပြည်ထောင်စု မြောက်ကာရိုလိုင်းနားပြည်နယ်ရှိ Amazon Fulfillment Center တစ်ခုတွင် အလုပ် လုပ်နေချိန်အတွင်း အသက် (၈) နှစ်အရွယ် သမီးငယ်ကို ရာသီဥတု ပူပြင်းနေစဥ် ကားထဲ၌ နာရီနှင့်ချီကြာ ထားရစ်ခဲ့သောကြောင့် ကလေးငယ် သေဆုံးမှုအတွက် အသက် (၃၆) နှစ်အရွယ် မိခင်ကို ကြီးလေးသော ရာဇဝတ်ပြစ်မှုများဖြင့် စွဲချက်တင်ထားကြောင်း သိရသည်။
အက်ရှ်လီ စတောလင်းဆိုသူ အမျိုးသမီးကို ဇွန်လ (၂၇) ရက်နေ့တွင် ဖမ်းဆီးခဲ့ပြီး တမင်ရည်ရွယ်ခြင်း မဟုတ်သော လူသေမှုနှင့် အပြင်းအထန် ဒဏ်ရာရစေသည့် ကလေးသူငယ် ညှဥ်းပန်းနှိပ်စက်မှုတို့ဖြင့် စွဲချက်တင်လိုက်ကြောင်း အာဏာပိုင်များက ပြောသည်။
ချားလော့မြို့၏ Charlotte-Mecklenburg ရဲဌာန သတင်းထုတ်ပြန်ချက်အရ ၂၀၂၄ ခုနှစ် ဇွန်လ (၂၆) ရက်နေ့ ဒေသစံတော်ချိန် ညနေ (၆) နာရီခွဲခန့်တွင် ကလေးငယ်တစ်ဦး သတိလစ်နေကြောင်း အကူအညီတောင်းခံမှု ရှိလာပြီးနောက် အခင်းဖြစ်နေရာသို့ သွားရောက်ခဲ့ကြသည်။
ရဲအရာရှိများ ရောက်ရှိသွားချိန်တွင် ကားတစ်စီးအတွင်း အသက် (၈) နှစ်အရွယ် ကလေးမလေးမှာ သတိလစ်နေပြီး အသက်အန္တရာယ် စိုးရိမ်ရသည့် အခြေအနေဖြင့် တွေ့ရ၍ ဆေးရုံသို့ ပို့ဆောင်ပြီးနောက် သေဆုံးသွားခြင်း ဖြစ်ကြောင်း သိရသည်။
စုံစမ်းစစ်ဆေးမှုများ အရ သေဆုံးသူ ကလေးငယ်မှာ ရာသီဥတု ပူပြင်းနေစဥ် ကားထဲတွင် ကျန်ရစ်ခဲ့ပြီး အရေးပေါ် ဆေးကုသမှုလိုအပ်သည့် အခြေအနေ ခံစားခဲ့ရကြောင်း ကောက်ချက်ချခဲ့သည်။
အဆိုပါ ဖြစ်ရပ် ဖြစ်ပွားခဲ့သည့် ၂၀၂၄ ခုနှစ် ဇွန်လ (၂၆) ရက်နေ့တွင် အပူချိန်မှာ (၉၉) ဒီဂရီဖာရင်ဟိုက်အထိ မြင့်တက်နေခဲ့ပြီး မြောက်ကာရိုလိုင်းနားပြည်နယ် ချားလော့မြို့၏ တစ်နှစ်ပတ်လုံးအတွက် အပူဆုံးနေ့ ဖြစ်ခဲ့ကြောင်း CBS သတင်းဌာန၏ မိတ်ဖက် WBTV က ဖော်ပြသည်။
Amazon Fulfillment Center တွင် အလုပ်သွားလုပ်ခဲ့စဥ် သမီးဖြစ်သူကို ကားအတွင်း ချန်ထားပြီး လေးအေးပေးစက် ဖွင့်ထားခဲ့ကြောင်း မိခင် အက်ရှ်လီ စတောလင်းက ရဲတပ်ဖွဲ့ထံ ထွက်ဆိုသည်။
သူမ၏ သမီးက ကားထဲတွင်း အေးလာသောကြောင့် ကားစက်ရပ်ထားလိုက်သည်ဟု သူမ ယူဆကြောင်း အက်ရှ်လီ စတောလင်းက ဆိုသည်။
အက်ရှ်လီ စတောလင်းက သမီးငယ်ကို ကားထဲတွင် (၃) နာရီခွဲခန့်ကြာ ချန်ထားခဲ့ခြင်းဖြစ်သော်လည်း ထိုအချိန်အတွင်း အနည်းဆုံး တစ်ကြိမ် အဆက်အသွယ် လုပ်ခဲ့ကြောင်း Charlotte ABC သတင်းဌာန၏ မိတ်ဖက် WSOC က ဖော်ပြသည်။
သူမ၏ သမီးထံမှ မက်ဆေ့ချ်တစ်ခု ဝင်လာခဲ့ပြီးနောက် (၁) နာရီခွဲခန့်အကြာတွင် ကားဆီသို့ ပြန်သွားခဲ့ရာ သမီးဖြစ်သူမှာ ပါးစပ်မှ အမြှုပ်များထွက်နေပြီး အသက်ရှူရုံမျှသာ ဖြစ်နေသည်ကို တွေ့ရကြောင်း အက်ရှ်လီ စတောလင်းက ဆိုသည်။
ထို့နောက် အက်ရှ်လီ စတောလင်းက တူတစ်လက်ဖြင့် ကားနောက်တံခါးမှန်ကို ရိုက်ခွဲပြီး အနီးရှိ ဆေးရုံသို့ ကနဦး မောင်းနှင်သွားခဲ့သေးသော်လည်း အနီးအနားရှိ ဆိုင်တစ်ဆိုင်တွင် ကားရပ်ပြီး အရေးပေါ်ဖုန်းနံပါတ် ၉၁၁ ကို ဆက်သွယ်ခဲ့ကြောင်း သိရသည်။
ကလေးငယ်၏ အလောင်းကို ဆေးစစ်သူတစ်ဦးက ကလေးငယ်မှာ ခန္ဓာကိုယ်အပူချိန် ပုံမှန်ထက် မြင့်တက်ရာမှ ဦးနှောက်ထိခိုက်ခဲ့ကြောင်း ကောက်ချက်ချခဲ့သည်။
ယခုအခါ အက်ရှ်လီ စတောလင်းကို Mecklenburg County အချုပ်ခန်းတွင် ထိန်းသိမ်းထားပြီး ၎င်းအတွက် ဒေါ်လာ (၂၅၀,၀၀၀) ခံဝန်ချုပ် သတ်မှတ်ထားပြီး ၂၀၂၄ ခုနှစ် ဇူလိုင်လ (၁၆) ရက်နေ့တွင် အက်ရှ်လီ စတောလင်းကို တရားရုံးထုတ်သွားမည်ဟု ABC News က ဖော်ပြထားသည်။
Source: LawAndCrime