အွန်လိုင်းလောင်းကစားနှင့် ပတ်သက်နေသည့် ထိုင်း ဒုရဲချုပ်ကို ရာထူးကနေ ထုတ်ပယ်ရန်ရှိ မရှိ ရဲကော်မရှင် အစည်းအဝေးထိုင်မည်

အွန်လိုင်းလောင်းကစားနှင့် ပတ်သက်နေသည့် ထိုင်း ဒုရဲချုပ်ကို ရာထူးကနေ ထုတ်ပယ်ရန်ရှိ မရှိ ရဲကော်မရှင် အစည်းအဝေးထိုင်မည်
By Mr John

ထိုင်းနိုင်ငံတွင် အွန်လိုင်းလောင်းကစားလုပ်ငန်းနှင့် ဆက်နွယ်သော ငွေကြေးခဝါချမှုဖြင့် စွပ်စွဲခံရသူ ဒုရဲချုပ် ရဲဗိုလ်ချုပ်ကြီး Surachate Hakparn ကို တော်ဝင်ထိုင်းရဲတပ်ဖွဲ့က ရာထူးကနေ ထုတ်ပယ်ရန် ရှိ မရှိ ညှိနှိုင်းဆွေးနွေးမည့် ရဲကော်မရှင် အစည်းအဝေးကို ၂၀၂၄ ခုနှစ် ဇွန်လ (၂၆) ရက်နေ့တွင် ပြုလုပ်သွားမည်ဟု သတင်းရင်းမြစ်တစ်ခုက ပြောကြောင်း ဘန်ကောက်ပို့စ်က ဖော်ပြသည်။

ရဲကော်မရှင်၏ ဥက္ကဌလည်းဖြစ်သူ ဝန်ကြီးချုပ် ဆရတ်သာ သာဗီစင်က ၂၀၂၄ ခုနှစ် ဇွန်လ (၂၆) ရက်နေ့ မွန်းလွဲ (၃) နာရီတွင် ပြုလုပ်ရန် စီစဥ်ထားသော ထိုအစည်းအဝေးကို သဘာပတိအဖြစ် ဦးဆောင်သွားမည် ဖြစ်သည်။ 

ထိုင်းနိုင်ငံတွင် ရဲချုပ်နှင့် ဒုရဲချုပ်တို့ကြား အမှုကိစ္စကြီးများနှင့် ဆက်စပ်၍ အငြင်းပွားမှု ပေါ်ပေါက်ခဲ့ရာ ဝန်ကြီးချုပ်၏ ညွှန်ကြားချက်အရ ကော်မတီဖွဲ့၍ စုံစမ်းစစ်ဆေးခဲ့သည်။

၂၀၂၄ ခုနှစ် မတ်လ (၂၀) ရက်နေ့တွင် ဝန်ကြီးချုပ် သာဗီစင်က ရဲချုပ် ရဲဗိုလ်ချုပ်ကြီး Torsak Sukvimol နှင့် ဒုရဲချုပ် ရဲဗိုလ်ချုပ်ကြီး Surachate တို့ (၂) ဦးလုံးကို ဝန်ကြီးချုပ်ရုံးသို့ ရုတ်တရက် ရွှေ့ပြောင်းလိုက်ပြီးနောက် ဒုရဲချုပ်တစ်ဦးဖြစ်သူ Kitrat Panphet ကို ယာယီ ရဲချုပ်အဖြစ် တာဝန်ပေးခဲ့သည်။ 

ဝန်ကြီးချုပ်က တာဝန်ပေးအပ်ခဲ့သည့် ကော်မတီ၏ (၄) လကြာ စုံစမ်းစစ်ဆေးမှုက ထိုင်းတော်ဝင်ရဲတပ်ဖွဲ့အတွင်း အငြင်ပွားမှုများနှင့် အမိန့်မနာခံမှုများ ရာထူးအဆင့် အားလုံးတွင်ရှိကြောင်း အတည်ပြုခဲ့သည်။

၂၀၂၄ ခုနှစ် စက်တင်ဘာလ (၃၀) ရက်နေ့တွင် အငြိမ်းစားယူရန် စီစဥ်ထားသည့် ရဲချုပ် ရဲဗိုလ်ချုပ်ကြီး Torsak ကို မူလရာထူး ရဲချုပ်အဖြစ် ပြန်လည် ခန့်အပ်လိုက်ကြောင်း ဝန်ကြီးချုပ် ဆရတ်သာ သာဗီစင်၏ အကြံပေးတစ်ဦးဖြစ်သူ Wissanu Krea-ngam က ယခု သီတင်းပတ်အတွင်း ပြောခဲ့သည်။ 

ထိုအတောအတွင်း ဒုရဲချုပ် Surachate ကို အွန်လိုင်းလောင်းကစားလုပ်ငန်းနှင့် ဆက်နွယ်သော ငွေကြေးခဝါချမှုဖြင့် တရားစွဲဆိုနိုင်ကြောင်း သတင်းများ ထွက်ပေါ်နေရာ ၂၀၂၄ ခုနှစ် ဇွန်လ (၂၆) ရက်နေ့ ရဲကော်မရှင် အစည်းအဝေးရလဒ်ကို စောင့်ကြည့်ရမည် ဖြစ်သည်။

Source: Bagnkok Post