အမေရိကန်နိုင်ငံခြားရေးဝန်ကြီးဌာနအနေဖြင့် မြန်မာပြည်အတွက် ပိုမိုထိရောက်သော အရေးယူမှုများနှင့် ကူညီမှုများ ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ကတိပြု

အမေရိကန်နိုင်ငံခြားရေးဝန်ကြီးဌာနအနေဖြင့် မြန်မာပြည်အတွက် ပိုမိုထိရောက်သော အရေးယူမှုများနှင့် ကူညီမှုများ ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ကတိပြု
ဇွန် 23, 2024 | 2021 Military Coup

အမေရိကန်နိုင်ငံခြားရေးဝန်ကြီးဌာနအနေဖြင့် မြန်မာပြည်သူများနှင့်အတူ ရပ်တည်ပြီး ယခုထက် ပိုမိုထိရောက်သော အရေးယူဆောင်ရွက်မှုများနှင့် ကူညီမှုများ လုပ်ဆောင်သွားမည်ဖြစ်ကြောင်း အမျိုးသားညီညွတ်ရေးအစိုးရတာဝန်ရှိသူများနှင့် အမေရိကန်နိုင်ငံခြားရေးဝန်ကြီးဌာန၏ ထိပ်တန်းအရာရှိတို့ အမေရိကန်နိုင်ငံခြားရေးဌာန၌ တွေ့ဆုံစဉ် ကတိပြုပြောဆိုခဲ့ကြောင်း အမျိုးသားညီညွတ်ရေးအစိုးရက သတင်းထုတ်ပြန်သည်။

အမျိုးသားညီညွတ်ရေးအစိုးရ လူ့အခွင့်အရေးဆိုင်ရာဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးအောင်မျိုးမင်းသည် နိုင်ငံခြားရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးမိုးဇော်ဦးနှင့်အတူ အမေရိကန်နိုင်ငံခြားရေးဝန်ကြီးဌာန၏ ထိပ်တန်းအရာရှိတစ်ဦးဖြစ်သည့် Principal Deputy Assistant Secretary Bureau Of Democracy, Human Rights, and  Labor ဖြစ်သူ Mr. Robert S. Gilchrist နှင့် ၂၀၂၄ခုနှစ် ဇွန်လ (၂၂) ရက်နေ့တွင် အမေရိကန်နိုင်ငံခြားရေးဌာန၌ တွေ့ဆုံစဉ် ပြောဆိုခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

အဆိုပါ တွေ့ဆုံမှုတွင် ပြည်ထောင်စုဝန်ကြီးက လက်ရှိ မြန်မာနိုင်ငံ၏ လူ့အခွင့်အရေးအခြေအနေများ၊ ဆိုးဝါးလာသည့် လေကြောင်းတိုက်ခိုက်မှုများ အထူးသဖြင့် ရခိုင်ပြည်အတွင်း အရပ်သားပြည်သူများအပေါ် စစ်အုပ်စု၏ ပစ်မှတ်ထား အကြမ်းဖက်တိုက်ခိုက်နေမှုများအကြောင်းတို့ကို တင်ပြခဲ့ကြောင်း သိရသည်။

ပြည်ထောင်စုဝန်ကြီးက အမေရိကန်နိုင်ငံအစိုးရအနေဖြင့် စစ်အုပ်စုအပေါ် ယခုထက်ပိုမိုသော အရေးယူဆောင်ရွက်မှုများ လုပ်ဆောင်ရန်နှင့်  မြန်မာပြည်သူများအပေါ်  တိုက်ရိုက်အကျိုးရှိသော ကူညီမှုများ ပေးနိုင်ရန် တိုက်တွန်းပြောဆိုခဲ့ကြောင်း သိရသည်။ 

အရပ်သား ပြည်သူများအပေါ် စစ်အုပ်စုက ကျူးလွန်နေသည့် နိုင်ငံတကာ ရာဇဝတ်မှုများနှင့် ပတ်သက်၍ ပိုမိုပြင်းထန်ပြီး ပူးပေါင်းဆောင်ရွက်မှု ရှိသည့် စီးပွားရေးနှင့် လက်နက်တင်ပို့မှု ပိတ်ဆို့ခြင်း အပါအဝင် အရေးယူဆောင်ရွက်မှုများ ထပ်မံတိုးမြှင့်လုပ်ဆောင်ရန် ဆွေးနွေးခဲ့ကြောင်း သိရသည်။

ထို့အပြင် စစ်အုပ်စုက စနစ်တကျ ကျူးလွန်နေသည့် လူ့အခွင့်အရေးနှင့် လူသားချင်းစာနာမှုဆိုင်ရာ အကြပ်အတည်းများကြောင့် ထွက်ပြေးတိမ်းရှောင်လာသောသူများ၊ အဓမ္မ စစ်မှုထမ်း ဥပဒေကြောင့် ထွက်ပြေးတိမ်းရှောင်လာသည့် လူငယ်မျိုးဆက်သစ်များကို တိုက်ရိုက် ကူညီမှုများ အမြန်ဆုံးလုပ်ဆောင်ပေးနိုင်ရန် ဆွေးနွေးခဲ့ကြောင်း သိရှိရသည်။ 

ပြီးခဲ့သည့် ဇွန်လ (၁၈) ရက်နေ့ကလည်း အမျိုးသားညီညွတ်ရေးအစိုးရ၊ ကျန်းမာရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ပါမောက္ခဒေါက်တာဇော်ဝေစိုးသည် နိုင်ငံခြားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါ်ဇင်မာအောင်နှင့်အတူ တီမောလက်စ်တီ ဒီမိုကရက်တစ်သမ္မတနိုင်ငံ မြို့တော် Dili တွင် တီမောလက်စ်တီ သမ္မတနှင့်တွေ့ဆုံပြီး မြန်မာနိုင်ငံ၏ လက်ရှိအခြေအနေများအပါအဝင် နှစ်နိုင်ငံ ပူးပေါင်းဆောင်ရွက်ရန် ကိစ္စရပ်များနှင့်ပက်သက်ပြီး (၂)နာရီခန့်ကြာ ဆွေးနွေးခဲ့ကြကြောင်း သိရသည်။

#TachileikNewsAgency