စစ်အာဏာရှင် ဖန်တီးတဲ့ အိပ်မက်ဆိုးတွေ
- နွေဦးကြယ် -
ပေ ၂၀ ပတ်လည်ရှိတဲ့ အခန်းငယ်တစ်ခုထဲမှာရှိတဲ့လူ ၁၀ ယောက်လုံးက A4 စာရွက်ဖြူ တစ်ရွက်စီပေါ်မှာ ဆေးရောင်တွေခြယ်ပြီး ကိုယ့်စိတ်ထဲမှာ ရှိနေတာတွေကို ပုံဖော်ရေးဆွဲနေကြပါတယ်။
သူတို့တွေဟာ ပန်းချီသင်တန်းသားတွေ မဟုတ်သလို ပန်းချီဆွဲတတ်သူတွေတော့လည်း မဟုတ်ကြပါဘူး။ ဒါပေမယ့် သူတို့တွေက ကိုယ့်ဘဝမှာ ကြုံတွေ့ခဲ့တဲ့ စိတ်ဒဏ်ရာတွေကို ပြန်လည်တူးဆွနေသူတွေ ဒါမှမဟုတ် စိတ်ဒဏ်ရာတွေကို ဖြေဖျောက်ဖို့ ကြိုးစားနေတဲ့ လူငယ်တွေပါ။ တိတ်ဆိတ်နေတဲ့ ခန်းမထဲမှာ စိတ်ကျန်းမာရေးဆိုင်ရာ ကျွမ်းကျင်တဲ့ ဆရာနှစ်ဦးနဲ့ စိတ်ဒဏ်ရာတွေကို ဖြေဖျောက်ကုစားဖို့ ကြိုးစားနေသူတွေလည်း ဖြစ်ပါတယ်။
ဒီလူတွေ အားလုံးဟာ စစ်အာဏာသိမ်းမှုနောက်ပိုင်း ကြုံတွေ့ရတဲ့အခြေအနေအမျိုးမျိုးကြောင့် ရရှိတဲ့ စိတ်ဒဏ်ရာတွေကို ကုစားဖို့ ကြိုးစားနေကြတာလည်း ဖြစ်ပါတယ်။
သူတို့ထဲမှာ အာဏာသိမ်းမှုကို ဆန့်ကျင်လို့ ဖမ်းဆီးခံရပြီး စစ်ကြောရေးငရဲခန်းကို ပို့ဆောင်ခံခဲ့ရတဲ့ လူငယ်တွေပါသလို စစ်တပ်က ဖမ်းဆီးဖို့ ဝရမ်းထုတ်ခံထားရတဲ့ သတင်းသမားတွေလည်း ပါ ပါတယ်။ ဒီလူတွေ အားလုံးဟာ အခြေအနေအမျိုးမျိုးကြောင့် စိတ်မလုံခြုံမှုကို ခံစားနေရသူတွေ ဖြစ်ကြပါတယ်။
သင်တန်းသားတွေထဲက တစ်ယောက်ဖြစ်တဲ့ အသက် ၂၄နှစ် အရွယ် အသားဖြူဖြူ ပိန်သွယ်သွယ်နဲ့ အမျိုးသမီးငယ်လေး ဖြူဖြူက သူစာရွက်ဖြူပေါ်မှာ အစိမ်းရင့်ရောင်ကို အဓိက ရေးခြယ်တာတွေ့ရပါတယ်။ အစိမ်းရောင်ကို ရွေးချယ်ရေးဆွဲပေမယ့် တကယ်တော့ အစိမ်းရောင်ကို နှစ်မြို့သူ မဟုတ်ဘူးလို့ မြန်မာ့နိုင်ငံရေးနဲ့ဆက်စပ်ပြီး သူက ရှင်းပြပါတယ်။
“အာဏာသိမ်းပြီးနောက်ပိုင်း ညီမ အစိမ်းရောင်တွေကို လုံးဝ မြင်လို့ မရဘူး၊ အထူးသဖြင့် စစ်စိမ်းရောင်လို အစိမ်းရင့်ရောင်တွေကိုမြင်ရင် စိတ်မှာ အဆင် မပြေဘူး၊ အဲ့ဒီ့ ခံစားချက်ကို ဘယ်လိုမှ ဖြေဖျောက်လို့မရဘူး” လို့သူက သင်တန်းခန်းထဲက မိတ်ဆွေတွေကို ရှင်းပြပါတယ်။
အစိမ်းရောင်ကို မနှစ်မြို့တဲ့ မဖြူဖြူ၊ အစိမ်းရောင်မြင်ရင် ထိတ်လန့်နေတတ်တဲ့ မဖြူဖြူဟာ အဲ့ဒီနေ့ သင်တန်းမှာတော့ အစိမ်းရောင်ကို ရေးခြစ်ပြီး ရင်ဆိုင်ခဲ့ပါတယ်။ "ကြောက်တဲ့ဟာကို ရှောင်ပြေးမယ့်အစား ရင်ဆိုင်မှာပေါ့ဆိုပြီး ချဆွဲတာ၊ ညီမ ဒီဟာတွေကို ကြောက်ပေမယ့် တရက်ကျရင် ကြုံတွေ့ရမှာပဲ။ reality (လက်တွေ့မှာ) ရင်ဆိုင်ဖို့ မဖြစ်နိုင်သေးရင်တောင် ပုံနဲ့ပဲဖြစ်ဖြစ် ရင်ဆိုင်မယ်ဆိုပြီး ချဆွဲဖြစ်တာပေါ့" လို့ သူက ဆိုပါတယ်။
၂၀၂၁ ခုနှစ် ဖေဖော်ဝါရီ ၁ရက် စစ်တပ်က အာဏာသိမ်းလိုက်တဲ့နောက်မှာ ဖြူဖြူ အပါအဝင် လူငယ်တွေဟာ စစ်အာဏာရှင်ကို တော်လှန်ဖို့အတွက် ဆန္ဒပြခဲ့ကြရာမှာ ပါဝင်ခဲ့ကြပါတယ်။ ဒီလို ဆန့်ကျင်တဲ့သူတွေကိုလည်း စစ်တပ်က ဖမ်းဆီး၊ ထိန်းသိမ်း၊ နှိပ်စက်မှုတွေ မျိုးစုံလုပ်ခဲ့ပါတယ်။ တချို့ဆိုရင် စစ်ကြောရေးမှာတင် အသက်ပေးခဲ့ကြရပါတယ်။
လက်ရှိ မြန်မာနိုင်ငံတစ်ဝှမ်းရှိ အကျဉ်းထောင်တွေထဲမှာ ဖမ်းဆီးခံထားရသူ ၁၅,၂၆၈ ဦးရှိပြီး ထိုအထဲမှ ၂,၄၄၅ ဦးမှာ အမျိုးသမီးများဖြစ်ကြပါတယ်။
မေ့မရတဲ့ စစ်ကြောရေးနေ့ရက်များ
အဲ့နေ့က စက်တင်ဘာလ ၁၄ရက်ရဲ့ ညသန်းကောင် ၁နာရီ အချိန်။ တံခါးကို အပြင်ကနေ အပြင်းအထန်ထုနေတယ်။ ဖြူဖြူနိုးလာတဲ့အချိန် သူမရောက်နေတဲ့ အိမ်တစ်အိမ်လုံး လှုပ်ရမ်းနေသလို ခံစားလိုက်ရတယ်။ အဲ့ညမှာ သူမအပါအဝင် သူငယ်ချင်းအချို့ရှိနေတဲ့အိမ်ကို စစ်ကောင်စီတပ်က စစ်သား ၃၀၀ လောက်က ပတ်ပတ်လည် ဝိုင်းထားပြီး အင်အား အလွန်အကျွံသုံးပြီး လာဖမ်းဆီးတာဖြစ်တယ်။
နာမည်ဆိုးနဲ့ ကျော်ကြားတဲ့ ရေကြည်အိုင်စစ်ကြောရေးစခန်းမှာ ၃ ည နဲ့ ၄ ရက်၊ ရွှေပြည်သာစစ်ကြောရေးမှာ ၄ ရက် စစ်ဆေးခံရတဲ့အကြောင်းကို ဖြူဖြူက အားယူပြီး ပြန်ပြောပြနေတာပါ။
အိမ်မှာရှိတဲ့ ပြတင်းပေါက်တံခါးတွေကို ထုခွဲ၊ ရိုက်ချိုးပြီး အိမ်ထဲကို စစ်သားတွေရောက်မလာခင် အိမ်ရှေ့ခန်းမှာ အိပ်နေတဲ့ အမျိုးသားငယ်ကို ပြင်းတင်းတံခါးမှန်ကွဲစတွေနဲ့ စစ်သားတွေက ပေါက်နေတဲ့ မြင်ကွင်းကို သူမက ပြန်ပြောင်းပြောပြပါတယ်။
"ညီမတို့အားလုံးကို မှောက်ခိုင်းထားပြီး အိမ်ထဲမှာရှာတယ်။ ပြီးတော့ သူတို့ရှာတဲ့တစ်ယောက် နာမည်ကိုမေးတယ်။ မသိဘူးပြောရင် အပေါ်ကနေ နင်းတယ်။ မသိပါဘူး ဦးလေးလို့ပြောလေ ရိုက်လေပဲ။ နောက်ပိုင်း ဆရာလို့ ပြောင်းခေါ်တော့ ဆက်မရိုက်တော့ဘူး။ နင်မဖြေရင် နင့်သူငယ်ချင်းတွေကို နှိပ်စက်မှာလို့ပြောတယ် နောက်ဆုံးမေး မရတော့ ညီမကို ဆံပင်ကနေဆွဲပြီး နောက်ဖေးကို ဒရွတ်တိုက် ဆွဲခေါ်သွားတယ်"
အဲ့ဒီနောက်မှာတော့ နာမည်ဆိုးနဲ့ကျော်ာ်ကြားတဲ့ ရေကြည်အိုင်စစ်ကြောရေးစခန်းမှာ ၃ ညနဲ့ ၄ ရက်၊ ရွှေပြည်သာစစ်ကြောရေးမှာ ၄ ရက်။ စစ်ကြောရေးစခန်းနှစ်ခုမှာ ၈ ရက်ကြာ စစ်ဆေးခံရတဲ့အကြောင်းကို ဖြူဖြူက ဆက်ပြောပါတယ်။
"ဘယ်ဘက်နံရိုးကို ၁၅ချက် နီးပါး ကန်တယ်။ ညီမဖုန်းထဲကပုံတွေကြည့်ပြီး Defense team မှာ ပါတဲ့ ပုံတွေ။ PDF တွေကို လှူထားတာတွေ တွေ့ပြီး ဘာလို့ ဒီလိုလုပ်တာလဲ မေးတယ်။ အဲ့အချိန်မှာ ညီမ အရမ်းနာနေပြီ။ စိတ်ကလည်း ဒေါသထွက်လာတော့ ဓမ္မနဲ့ အဓမ္မမှာ ဓမ္မဘက်က ရပ်တည်တာလို့ ပြောလိုက်လို့ ပါးရိုက်တယ်။ ကန်တယ်၊ ဆံပင်ကိုဆွဲတယ်၊ အရှိုက်ကိုကန်တယ်၊ တခါကန်ရင် ၅ချက် ကန်တယ်"
စစ်ကြောရေးမှာ သူမတို့သူငယ်ချင်းတွေကို သီးခြားခွဲပြီး စစ်ဆေးတာရှိသလို အတူစစ်ဆေးတာတွေလည်း ရှိခဲ့တယ်။ သွေးညှီနံ့ရတဲ့ အဝတ်တွေနဲ့ မျက်လုံးကို စည်းနှောင်ပြီးတစ်လှည့်၊ ဒူးအောက်မှာ ခဲလုံးတွေထားပြီး အချိန်ကြာမြင့်စွာ ဒူးထောက်ခိုင်းပြီး တစ်လှည့် ရိုက်နှက်စစ်ဆေးတယ်။ ကျောကုန်းကို ထုရိုက်တယ်၊ လက်နှစ်ဖက်ကို ကြမ်းမှာချခိုင်းပြီး အပေါ်ကနေ စစ်သားတွေက တက်နင်းတယ်၊ ညဘက်တွေဆို အိပ်ငိုက်ခါနီးဖြစ်သွားချိန်တိုင်း "ဒါဟိုတယ်မဟုတ်ဘူး ထ" ဆိုပြီး လာကန်တယ်၊ တခါတရံ သူမရဲ့ သူငယ်ချင်းတွေကို နှိပ်စက်ချိန်မှာ မျက်လုံးစည်းထားတဲ့အဝတ်ကို ဖြည်ပေးပြီး ကြည့်ခိုင်းတာမျိုးတွေလည်း လုပ်ခဲ့တယ်လို့ ဖြူဖြူက ပြန်ပြောပြတယ်။
ဒါ့အပြင် ဘာသာရေးကို ခုတုံးလုပ်ပြီး စစ်ဆေးမှုတွေလည်း ရှိတယ်လို့ သူမက ပြောပြတယ်။ အစ္စလာမ်ဘာသာကိုးကွယ်သူ ဖြူဖြူကို စစ်ကြောရေးက စစ်သားက “ဝက်သား ဘယ်လောက်ကောင်းလဲ စားကြည့်ပါလားလို့ ပြောတယ်။ ပြီးတော့ ဩကာသ (ဗုဒ္ဓဘာသာ ဘုရားကန်တော့ခြင်း) ရလား မရရင် ငါသင်ပေးမယ်လို့ ပြောတယ်"လို့ သူက ဆိုပါတယ်။
မဖြူဖြူကို စစ်ကောင်စီတပ်သားတွေလာဖမ်းစဉ်က အမျိုးသမီး ရဲဝန်ထမ်း မပါသလို စစ်ဆေးစဉ်မှာလည်း စစ်ကောင်စီတပ်သား အမျိုးသားတွေကသာ စစ်ဆေးတယ်လို့ဆိုပါတယ်၊ လာရောက်ဖမ်းဆီးစဉ်မှာ လိင်ပိုင်းဆိုင်ရာ ထိပါးဖို့ ကြိုးစားတာမျိုးလည်း ရှိတယ်လို့ ပြောပါတယ်။
"သူတို့လာခေါ်တုန်းက ညဘက်ကြီးဆိုတော့ အတွင်းခံအင်္ကျီ ဝတ်ဖို့ အချိန်မရလိုက်ဘူး။ ဝတ်နေတုန်း ကြာတယ်ဆိုပြီး အတင်းခေါ်သွားတာ။ စစ်ကြောရေးရောက်တော့ စစ်သားက နင်ဘော်လီမဝတ်ရသေးဘူးမှတ်လား သွားဝတ်လို့ ပြောတယ်။ အခန်းထဲ ဝင်ရုံရှိသေးတယ်။ ကြာတယ် ငါလာဝတ်ပေးမယ်လို့ပြောပြီး ချိတ်ကို အတင်း လာတပ်ပေးတယ်။ ပြီးတော့ လက်က အငြိမ်မနေလို့ ညီမသူ့ကို ဖြတ်ရိုက်လိုက်တယ်။ သူက နင်ငါ့အကြောင်း ကောင်းကောင်းသိဦးမယ်လို့ လက်ညှိုးထိုးပြီးကြိမ်းတယ်"
၃ ည နဲ့ ၄ ရက်ရေကြည်အိုင်မှာ စစ်ဆေးပြီးတဲ့နောက်မှာတော့ ရွှေပြည်သာစစ်ကြောရေးကို ပို့ဆောင်ခဲ့ပါတယ်။ ရွှေပြည်သာမှာ ရောက်ရောက်ချင်းစစ်ဆေးပုံက ရေကြည်အိုင်မှာလို အခန်းထဲမှာ စစ်ဆေးတာမဟုတ်ဘဲ နာရီဝက်ခန့် နေလုံးကို တည့်တည့်ကြည့်ခိုင်းတာ၊ မကြည့်နိုင်တော့လို့ မျက်နှာလွှဲတာနဲ့ ရိုက်တာတွေ ကြုံခဲ့ရတယ်လို့ သူမက ပြန်ပြောပြတယ်။
"ရေကြည်အိုင်မှာ ဆီးသွားဖို့ကို တစ်နေ့တစ်ခေါက်ပဲပေးသွားတယ်။ ရွှေပြည်သာမှာကတော့ ထမင်းစားရတယ်။ ရေချိုးလို့ရတယ်။ ရေသောက်လို့ရတယ်။ ဒါပေမယ့် ရေသောက်တာလည်း အိမ်သာထဲက ရေကိုပဲသောက်ရတယ်"
၈ ရက်တိတိ စစ်ကြောရေးနှစ်ခုကို ဖြတ်သန်းအပြီးမှာတော့ အချုပ်မှာ ၇၆ ရက်နေခဲ့ရတဲ့ ဖြူဖြူက အခုဆိုရင်တော့ မြန်မာနိုင်ငံမြေ မဟုတ်တဲ့ တဖက်နိုင်ငံရဲ့ နယ်စပ်မြို့တစ်ခုကို ရောက်ရှိနေပါပြီ။ ဒါပေမယ့် သူမ ဖြတ်သန်းခဲ့ရကာလတွေရဲ့ အတိတ်ဆိုးတွေကတော့ အခုထိ အိပ်မက်တွေကတစ်ဆင့် ခြောက်လှန့်နေဆဲပဲလို့ ဆိုပါတယ်။
တကယ့်အဖြစ်အပျက် မေ့မရတဲ့အိမ်မက်ဆိုး
ဒီလိုမျိုး အိပ်မက်ဆိုးတွေရဲ့ ခြောက်လှန့်မှု ဒဏ်တွေကို ရင်ဆိုင်နေရတာက ဖြူဖြူတစ်ယောက်တည်းတော့ မဟုတ်ပါဘူး။ သူ့လိုပဲ အိပ်မက်ဆိုးတွေကို ကြောက်ပြီး လနဲ့ချီပြီး မအိပ်နိုင်တဲ့ ရက်တွေကို ဖြတ်သန်းပြီးတဲ့နောက်မှာတော့ စိတ်ကျန်းမာရေးပညာရှင်တွေဆီမှာ အကြိမ်ပေါင်းများစွာ ကုသမှုခံယူခဲ့ရသူ တစ်ဦးလည်းရှိပါတယ်။ သူကတော့ အာဏာသိမ်းပြီးတဲ့နောက်ပိုင်း ဖြိုခွင်းမှုတွေကို ဓာတ်ပုံမှတ်တမ်းယူခဲ့တဲ့ ဓာတ်ပုံသတင်းထောက် မငြိမ်းပါ။
ငြိမ်းက အာဏာသိမ်းပြီးစ ကာလတွေမှာ ရန်ကုန်မြို့က ဆန္ဒပြပွဲတွေမှာ ဓာတ်ပုံသတင်းတွေ လိုက်ယူချိန်မှာ သူမရှေ့မှာတင် ပစ်ခတ်ခံသူတွေကို မျက်ဝါးထင်ထင် ကြုံတွေ့ဖူးသူပါ။ အဲ့ဒီ့ပုံရိပ်တွေက အခု အာဏာသိမ်းပြီး တစ်နှစ်ခွဲကြာတဲ့အထိ မနေ့၊ တနေ့ကလို ခြိမ်းခြောက်နေဆဲပဲလို့ ပြောပါတယ်။ ရန်ကုန်၊ လှိုင်မြို့နယ်မှာ မတ်လ ၁၇ ရက် ညနေပိုင်းက ဆန္ဒပြပွဲမှာ စစ်တပ်က ပစ်ခတ်ဖြိုခွင်းမှုကြောင့် လူငယ်တစ်ဦး ဦးခေါင်းကျည်ထိမှန်ပြီး နေရာမှာတင် သေဆုံးခဲ့ရပါတယ်။
“သူ့ခေါင်းကနေ ဦးနှောက်ဘာညာတွေထွက်လာတာလည်း မြင်လိုက်ရတာ။ အဲ့ဒါကြီးက ကိုယ့်အတွက် တကယ့်ကို စိတ်ဒဏ်ရာပေါ့။ အခုထက်ထိ အဲ့ဒါကြီးက အဲ့ဒီ့မြင်ကွင်းကြီးက ဘယ်လိုမှ မဖြေနိုင်ဘူး ဖြစ်နေတာ တခြားသူတွေက ဘုန်းကြီးကျောင်းထဲထိ သယ်သွားတာက အစ ဓာတ်ပုံလိုက်ရိုက်ခဲ့တော့ အစအဆုံး အကုန်မြင်ခဲ့ရတာ အခုနောက်ပိုင်းမှ ဒါတွေ ပြောပြလို့ရလာတာ အရင်တုန်းကဆို ပြောပြတိုင်း ထိုင်ငိုတာ”
အဲ့ဒီ့နောက်ပိုင်း ရန်ကုန်မှာရှိတဲ့ စိတ်ကျန်းမာရေးဆိုင်ရာကျွမ်းကျင်သူတစ်ဦးနဲ့ တွေ့ဆုံပြီး တိုင်ပင်ဆွေးနွေးမှုတွေ လုပ်ခဲ့ရတဲ့ ငြိမ်းက အဲ့ဒီ့ ပညာရှင်ရဲ့ အကြံပေးချက်နဲ့ပဲ စိတ်ကျန်းမာရေးဆရာဝန်နဲ့ပါ တွေ့ဆုံပြီး ဆေးကုသမှု ခံယူခဲ့ရပါတယ်။
“အဲ့အချိန် မိသားစုကိုလည်း ကိုယ့်အခြေအနေကို ပြောပြလို့ မရဘူး။ သူငယ်ချင်းတွေကလည်း ကိုယ်နဲ့ မပေါင်းဘူး။ အဲ့လိုတွေဖြစ်နေတဲ့အချိန်မှာ တစ်ယောက်နဲ့ တစ်ယောက်လည်း ဘယ်သူမှ မယုံကြတဲ့ အချိန်ဖြစ်တော့ ပိုဆိုးတာပေါ့” လို့ ငြိမ်းက ပြောပြပါတယ်။
အိပ်မက်ဆိုးတွေက ကုစားဖို့ လိုအပ်လား
အိပ်မက်ဆိုးတွေကနေ လန့်နိုးတာ၊ အိပ်မက် တစ်ခုထဲကို ထပ်တလဲလဲ မက်တာတွေက စိတ်ဒဏ်ရာရနေတဲ့ လက္ခဏာဖြစ်ပြီး ဒါဟာ ကုသဖို့ လိုအပ်တယ်လို့ စိတ်ကျန်းမာရေးပညာရှင် ဒေါက်တာ မေဇော်နိုင်က ပြောပါတယ်။
၂၀၂၀ နှစ်ဦးပိုင်းကစလို့ ကမ္ဘာ့ကပ်ရောဂါ ကိုဗစ်ကြောင့် လူအများစုဟာ စိတ်ပိုင်းဆိုင်ရာ အဆင်မပြေမှုတွေ ကြုံတွေ့မှုတွေ များလာတာဖြစ်တယ်လို့ တွေ့ရှိချက်တွေက ဆိုပါတယ်။ ဒါ့အပြင် တစ်ချို့သော ဆေးဘက်ဆိုင်ရာ သုတေသနတွေမှာ အာဏာသိမ်းမှုဖြစ်စဉ်က နိုင်ငံသားတွေရဲ့ ကျန်းမာရေးသုခအပေါ် ဆိုးရွားတဲ့ သက်ရောက်မှုတွေ ဖြစ်ပေါ်စေတယ်လို့လည်း ဖော်ပြချက်တွေ ရှိပါတယ်။
လူတစ်ယောက်ဟာ ၎င်းကို စိတ်ဒဏ်ရာဖြစ်စေတဲ့ ဆိုးဝါးတဲ့ ဖြစ်ရပ်တွေကို ပြန်မစဉ်းစားချင်တော့ဘဲ လျစ်လျူရှုဖို့ ကြိုးစားကြတာတွေ ရှိကြပါတယ်။ ဒါဟာလည်း စိတ်ဒဏ်ရာရသူတွေမှာ တွေ့ရတတ်တဲ့ လက္ခဏာတွေထဲက တစ်ခုဖြစ်တယ်လို့ ဆိုပါတယ်။
"စိတ်ဒဏ်ရာကြောင့် ခံစားရတဲ့ လက္ခဏာတွေမှာ အဓိပ္ပါယ်အမျိုးမျိုးရှိတတ်ကြတယ်။ အဲ့ဒီ အဓိပ္ပါယ်တွေကို အပြစ် မမြင်မိဖို့နဲ့ လက္ခဏာတွေကို ရှက်လို့ အတင်းလစ်လျူရှုထားတာမျိုး မလုပ်မိဖို့ အရေးကြီးပါတယ်။" ဩလို့ ဒေါက်တာ မေဇော်နိုင်က ပြောပါတယ်။
ထိတ်လန့်လွယ်တာ၊ အရာရာကို အကောင်းမမြင်တော့တာ၊ တစ်စုံတစ်ဦးက အန္တရာယ်ပြုတော့မယ်လို့ ထင်ပြီး တုန့်ပြန်ဖို့ အသင့် အနေအထား အမြဲရှိနေတာ၊ ပတ်ဝန်းကျင်ကို ရှောင်ခွာပြီး လူအများနဲ့ မနေချင်တော့တာ၊ အာရုံစိုက်ရခက်ခဲလာတာ၊ ပိုပြီး စိတ်တိုဒေါသထွက်လွယ်လာတာ၊ ဘာကိုမှ စိတ်ဝင်စားမှုမရှိတော့တာ၊ ကိုယ့်ကိုယ်ကို အပြစ်တင်စိတ်တွေဝင်တာ၊ နှစ်ခြိုက်စွာ မအိပ်စက်နိုင်တော့တာ၊ အိပ်ဖို့ခက်ခဲလာတာ၊ အိပ်တဲ့အခါမှာလည်း အိပ်မက်ဆိုးတွေ မက်တာတွေက စိတ်ဒဏ်ရာရဲ့ လက္ခဏာတွေထဲက တချို့ဖြစ်တယ်လို့ ဒေါက်တာမေဇော်နိုင်က ရှင်းပြပါတယ်။
မြန်မာအမျိုးသမီးသတင်းထောက်များအဖွဲ့ MWJS က ပြုစုထားတဲ့ အာဏာသိမ်းပြီးနောက်ပိုင်း အမျိုးသမီးသတင်းသမားတွေ ကြုံတွေ့ခံစားနေရတဲ့ အခြေအနေတွေနဲ့ ပတ်သက်တဲ့ စစ်တမ်းမှာလည်း အမျိုးသမီး သတင်းမီဒီယာသမား သုံးပုံနှစ်ပုံ (၈၅%) ဟာ "စိုးရိမ်ပူပန်မှု"တွေ ခံစားနေရပြီး ၆၀% သော အမျိုးသမီးသတင်းထောက်တွေကတော့ အိပ်မရတဲ့ ပြဿနာတွေ ရှိနေတယ်လို့ တွေ့ရှိရပါတယ်။
လူမှုစိတ်ကျန်းမာရေး သုတေသန စစ်တမ်းတွေအရ စိတ်ပိုင်းဆိုင်ရာ ကြုံတွေ့ခံစားရမှုမှာ အမျိုးသမီးတွေက အမျိုးသားတွေထက် ပိုပြီး ဆိုးဝါးတဲ့ ဖြစ်ရပ်လွန် စိတ်ဒဏ်ရာရောဂါ ရနိုင်ဖို့ ၂ဆနီးပါး တွေ့ရှိရတယ်လို့လည်း စိတ်ကျန်းမာရေးပညာရှင် ဒေါက်တာ မေဇော်နိုင်က ပြောပါတယ်။
ကမ္ဘာ့ကျန်းမာရေးအဖွဲ့ကြီး WHO ရဲ့ လေ့လာတွေ့ရှိချက်တွေအရ ပဋိပက္ခဒဏ်ခံစားရတဲ့ လူဦးရေ ငါးဦးမှာ တစ်ဦး ဟာ စိတ်ဒဏ်ရာရရှိနိုင်တဲ့ အခြေအနေမှာ ရှိတယ်လို့ ဆိုပါတယ်။
စိတ်ဒဏ်ရာ လက္ခဏာတွေကို ကြုံတွေ့ရပြီဆိုရင် စိတ်ပိုင်းဆိုင်ရာမဆွေးနွေးမီ စိတ်ပိုင်းဆိုင်ရာ Check up အရင်လုပ်လို့ ရသင့်တယ်လို့ သိရပါတယ်။ လူတစ်ဦးချင်းစီရဲ့ ဒဏ်ရာ အတိမ်အနက်ပေါ်မူတည်ပြီး Counseling ယူဖို့လိုသလား၊ ဆေးရော Counseling ရော တွဲယူသင့်သလား ဆိုတာတွေ ကျွမ်းကျင်သူက အကြံပေးနိုင်မှာဖြစ်တယ်လို့ ဒေါက်တာ မေဇော်နိုင်က ပြောပါတယ်။
"မိမိကိုယ်ကို ဂရုဏာပြခြင်းဟာ ခံနိုင်ရည်အားကို တည်ဆောက်တဲ့အခါ လိုအပ်တဲ့စွမ်းရည် တစ်ခု ဖြစ်ပါတယ်။ ခံစားမှုတွေမှာ မှားတယ် မှန်တယ်ဆိုတာ မရှိပါ။ သူတစ်ပါးကို မေတ္တာပြပီး ကြင်နာပေးနိုင်ကြသလို မိမိ ကိုယ်တိုင်ရဲ့ ခံစားမှုတွေကိုလည်း အသိအမှတ်ပြုပေးပါ။ စိတ်ကျန်းမာရေး ဂရုစိုက်ဖို့အတွက် ကိုယ်တိုင်အတွက်လည်း လိုအပ်တဲ့အချိန်မှာ မိမိကိုယ်ကို မေတ္တာပေးပြီး စောင့်ရှောက်ပါ။" လို့ ဒေါက်တာ မေဇော်နိုင်ကလည်း အကြံပြုထားပါတယ်။
ဒုတိယနိုင်ငံကို ရောက်နေတဲ့ သတင်းမီဒီယာသမားတွေနဲ့ တက်ကြွလှုပ်ရှားသူတွေအတွက် psychosocial support ဆိုင်ရာ Workshop တွေ ပြုလုပ်ပေးနေတဲ့ NGO အဖွဲ့အစည်း တာဝန်ရှိသူတစ်ဦးကတော့ မြန်မာပြည်ကသူ အများစုက စိတ်ပိုင်းဆိုင်ရာကျန်းမာရေးဆိုတဲ့ စကားလုံးကို သိပ်ပြီး ရင်းနှီးမှု မရှိသေးသလို ကိုယ့်စိတ်မှာခံစားနေရတာတွေကို ဂရုတစ်စိုက်နဲ့ ကုသမှုလုပ်မယ့်ဆိုတာကို မသိကြဘူးလို့ ဆိုပါတယ်။
"သိတဲ့အခါမှာလည်း Coping tools (ပြန်လည်ကုစားရာမှာ မှန်ကန်တဲ့နည်းလမ်း)တွေ ကောင်းကောင်းလေးမရှိကြဘူး။ ကိုယ့်ခံစားချက်မှာဘာတွေဖြစ်နေလဲဆိုတာကို အာရုံမစိုက်နိုင်ရင် ကိုယ့်ရဲ့ တခြားနေရာမှာ ဆိုးတဲ့ behavior (အပြုအမူ)တွေထွက်လာနိုင်တယ်။ ဥပမာ သူများတွေကိုဆဲတာ၊ အော်တာ၊ ပစ္စည်းတွေ ပစ်ပေါက်တာလို unhealthy release တွေဖြစ်နိုင်တာပေါ့။ အဲ့ဒါကြောင့် ကျွန်မတို့က Mental Health Resilience Workshop တွေ ဘာလို့လုပ်ပေးနေလဲဆိုတော့ လူတွေကို စိတ်ပိုင်းဆိုင်ရာခံစားချက်တွေကို ထွက်ပေါက်တစ်ခုပေးဖို့ပေါ့" လို့ ၎င်းက ပြောပါတယ်။
Psychosocial support workshop တွေ ပြုလုပ်တဲ့ အတွေ့အကြုံအရ လူအများစုက စိတ်ပိုင်းဆိုင်ရာ ကျန်းမာရေးပြဿနာတွေ ရှိလာရင်တောင် ကျွမ်းကျင်သူနဲ့ ပြောဆိုတိုင်ပင်သင့်တာ ကုသသင့်တယ်ဆိုတာကို လက်ခံဖို့ ခက်ခဲကြတာကိုလည်း တွေ့ရတယ်လို့ ဆိုပါတယ်။
"အများစုက အမျိုးသားတွေပေါ့။ သူတို့က သူတို့ခံစားချက်ကို လူတွေကို မပြောချင်ဘူး။ သူ့တို့ခံစားချက်ကို လူတွေ မသိစေချင်ဘူး။ ပြီးလို့ရှိရင် သူတို့မှာ ခက်ခဲမှုရှိနေတယ်ဆိုတာကို လူတွေကို မသိစေချင်ဘူး။ ပြောလည်းမပြောချင်ဘူး။ Workshop မှာ ဆရာမတွေ ရှင်းပြပေးတဲ့အချိန်မှာလည်း သူတို့ နားမထောင်ချင်ဘူး။ အဲ့တော့ ဖြေရှင်းတဲ့အခါမှာ မတူညီတဲ့ နည်းလမ်းတွေ ဖန်တီးပေးရတယ်။"
လက်ရှိမှာ စစ်အာဏာသိမ်းမှုရဲ့ နောက်ဆက်တွဲကြောင့် ဒုတိယနိုင်ငံကို ရောက်ရှိနေတဲ့ သတင်းသမားတွေ၊ တက်ကြွလှုပ်ရှားသူတွေကို စိတ်ပိုင်းဆိုင်ရာပြဿနာတွေကို ဖြေရှင်းနိုင်ဖို့အတွက် ၎င်းတို့အဖွဲ့က စိတ်ကျန်းမာရေးဆိုင်ရာ ကျွမ်းကျင်သူတွေနဲ့ Workshop တွေ၊ တစ်ဦးချင်းဆွေးနွေးမှုတွေအပြင် Kick Boxing သင်တန်းတွေ၊ Yoga class၊ Drawing Therapy စတာတွေလည်း လုပ်ပေးနေပါတယ်။
စစ်အာဏာရှင် ဖန်တီးတဲ့ အိမ်မက်ဆိုးဒဏ် ခံစားရသူတွေရဲ့ စိတ်ဒဏ်ရာတွေ အပြင်လက်တွေ့ဘဝအပေါ် သက်ရောက်မှုတွေကို ကုစားဖို့ အချိန်ယူကြရသလို ခက်လည်းခက်ခဲလှပါတယ်။ ဒီအိမ်မက်ဆိုးတွေက ကာယကံရှင်ရဲ့ စိတ်ပိုင်းဆိုင်ရာကိုသာမကပဲ အပြင်လက်တွေ့ဘဝ သူနဲ့သက်ဆိုင်တဲ့ ပတ်ဝန်းကျင် အပေါ်ပါသက်ရောက်မှု ရှိစေတာ ဖြစ်ပြီး ဒီလိုအိပ်မက်ဆိုးတွေ အပြီးတိုင် ဖယ်ရှားဖို့ ကြိုးစားစဥ်မှာပဲ အကြောင်းခံတဲ့ အိမ်မက်ဆိုးဖန်တီးသူတွေကို တားဆီးနိုင်ဖို့လည်း အရေးကြီးတဲ့ အချက်တချက်ဖြစ်နေပါတယ်။