ထီးလင်းမြို့နယ်အတွင်း စစ်ကြောင်းထိုးလာသည့် စစ်ကောင်စီတပ်ကို ပြောက်ကျားနည်းဖြင့် အနီးကပ် တိုက်ခိုက်ရာမှ စစ်ကောင်စီတပ်ဘက်က (၅)ဦးအထက် သေဆုံး

ထီးလင်းမြို့နယ်အတွင်း စစ်ကြောင်းထိုးလာသည့် စစ်ကောင်စီတပ်ကို ပြောက်ကျားနည်းဖြင့် အနီးကပ် တိုက်ခိုက်ရာမှ စစ်ကောင်စီတပ်ဘက်က (၅)ဦးအထက် သေဆုံး
သြဂုတ် 25, 2022

မကွေးတိုင်းဒေသကြီး၊ ဂန့်ဂေါခရိုင်၊ ထီးလင်းမြို့နယ်၊ အိုင်းမကျေးရွာအုပ်စုအတွင်း ရွှေခုံတိုင်ကျေးရွာတွင် ညအိပ်ပြီး ထွက်လာသည့် စစ်ကောင်စီတပ်သား အင်အား(၁၀၀)ဝန်းကျင်ပါသည့် စစ်ကြောင်းကို ပြောက်ကျားနည်းဖြင့် တိုက်ခိုက်ရာ စစ်ကောင်စီတပ်ဘက်က (၅)ဦးထက်မနည်း သေဆုံးမှုများရှိသည်ဟု ယောဒေသကာကွယ်ရေးတပ်ဖွဲ့(ထီးလင်း)၏ သတင်းမှန်ပြန်ကြားရေးအဖွဲ့က ၂၀၂၂ခုနှစ် ဩဂုတ်လ(၂၄)ရက်နေ့တွင် သတင်းထုတ်ပြန်ထားသည်။

ရွှေခုံတိုင်ကျေးရွာ၏ တောင်ဘက် (၃)မိုင် ဝန်းကျင်အကွာတွင် ၂၀၂၂ခုနှစ် ဩဂုတ်လ(၂၄)ရက်နေ့ နံနက်ပိုင်းက ယောဒေသကာကွယ်ရေးတပ်ဖွဲ့(ထီးလင်း)၏  တပ်ရင်း (၇) နှင့် တပ်ရင်း(၈)တို့ ပူးပေါင်းပြီး ပြောက်ကျားနည်းဖြင့် အနီးကပ် တိုက်ခိုက်ရာမှ စစ်ကောင်စီတပ်ဘက်က (၅)ဦးထက် မနည်း သေဆုံးပြီး ဒဏ်ရာရရှိသူလည်း များပြားသည်ဟု သတင်းထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

တိုက်ပွဲဖြစ်ပွားရာ နေရာဝန်းကျင်တွင် အာဏာသိမ်းစစ်ကောင်စီတပ်သားများ အများဆုံးအသုံးပြုသည့် ခြင်းကြားတစ်လုံး နှင့် အသုံးဆောင်ပစ္စည်းအချို့ ကျန်ခဲ့ပြီး အနီးဝန်းကျင်တွင် သွေးအိုင်များလည်း တွေ့ရကြောင်း သိရသည်။

အဆိုပါ တိုက်ပွဲအတွင်း ယောဒေသကာကွယ်ရေးတပ်ဖွဲ့(ထီးလင်း)ဘက်က ပြောက်ကျားနည်းကို အသုံးပြုခြင်းကြောင့် အထိအခိုက်မရှိကြောင်း နှင့် အဆိုပါ စစ်ကြောင်းသည် တိုက်ပွဲအတွင်း အထိနာသွားသည် ၎င်းတို့၏ လူနာများကို လူနာအထမ်း(၄)ခုဖြင့် သယ်ဆောင်ပြီး ပဇင်းချောင်းရွာသို့ ဝင်ရောက်သွားကြောင်းလည်း သိရသည်။