ကချင်ပြည်၊ ဖားကန့်မြို့နယ်အတွင်းရှိ ဆယ်ဇင်းကျေးရွာကို အာဏာသိမ်းစစ်အုပ်စုက လေကြောင်းဖြင့် ဗုံးကြဲသည့်အပြင် မြေပြင်ကနေလည်း ရှမ်းနီတပ်နှင့် ပူးပေါင်းပြီး ကျေးရွာအတွင်း ဝင်ရောက်ကာ မီးရှို့ဖျက်ဆီးမှုများကို ဩဂုတ်လ(၉)ရက်နေ့ ညပိုင်းက လုပ်ဆောင်သွား၍ ပြည်သူနေအိမ်များ မီးလောင်ပျက်စီးခဲ့ရကြောင်း သိရသည်။
အဆိုပါ ဖြစ်စဉ်ကြောင့် အိမ်ခြေ(၅၀၀)ဝန်းကျင်အနက် အိမ်ခြေ(၄၀၀ )ကျော် မီးလောင်ပျက်စီးသွားပြီး ဒေသခံ အမျိုးသားတစ်ဦးမှာ စစ်အုပ်စု၏ လေယာဉ်၏ ပစ်ခတ်မှုကြောင့် သေဆုံးခဲ့ရသလို ထိခိုက်ဒဏ်ရာရသူများလည်းရှိကြောင်း သိရသည်။
အာဏာသိမ်းစစ်ကောင်စီတပ်နှင့် ရှမ်းနီအမျိုးသားများတပ်မတော် (SNA)တို့တပ်စွဲထားသော တပ်စခန်းများအား ကချင်လွတ်မြောက်ရေးတပ်မတော်(KIA)၏ တပ်မဟာ(၉)၊ အမှတ် (၂၆)တပ်ရင်းတပ်ဖွဲ့များနှင့် K-PDF အဖွဲ့များက သြဂုတ်လ (၈)ရက်နေ့၌ စခန်းသိမ်း တိုက်ခိုက်ရှင်းလင်းခဲ့ကြပြီးနောက် အထိနာသွား၍ ဩဂုတ်လ(၉)ရက်နေ့တွင် စစ်ကောင်စီတပ်နှင့် ရှမ်းနီအဖွဲ့က ဆယ်ဇင်းရွာကို မီးရှို့ဖျက်ဆီးခဲ့ကြသည်။
အာဏာသိမ်းစစ်ကောင်စီတပ်က ဆယ်ဇင်းကျေးရွာကို တစ်နေ့တည်း (၄)ကြိမ် ဗုံးကြဲတိုက်ခိုက်ခဲ့ခြင်း ဖြစ်သလို တိုက်ပွဲလည်း ပြင်းထန်နေ၍ ဒေသခံ (၃၀၀၀)နီးပါးမှ ထွက်ပြေးတိမ်းရှောင်နေကြရကြောင်းလည်း သိရသည်။