နိုင်ငံတော်အာဏာကို သိမ်းယူခဲ့ခြင်းမဟုတ်ဘဲ ၂၀၀၈ ဖွဲ့စည်ပုံအခြေခံဥပဒေအရ ဆောင်ရွက်ခြင်းဖြစ်သည်ဟု အာဏာသိမ်းစစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ၎င်းစိတ်တိုင်းကျ ခန့်ထားသည့် စစ်ကောင်စီအဖွဲ့ဝင်များကို ၂၀၂၂ခုနှစ် ဇူလိုင်လ(၂၁)ရက်နေ့က ထပ်ပြောပြန်သည်။
အာဏာသိမ်းစစ်ခေါင်းဆောင်က နိုင်ငံတော်အာဏာကို သိမ်းယူခဲ့ခြင်း မဟုတ်ဘဲ မိမိတို့အား ပေးအပ်ထားသည့် အုပ်ချုပ်ရေး၊ ဥပဒေ ပြုရေးနှင့် တရားစီရင်ရေးကိစ္စရပ်များကို ဖွဲ့စည်းပုံအခြေခံဥပဒေအရ တည်ဆဲဥပဒေ များအပေါ် မူတည်ပြီး ဆောင်ရွက်နေခြင်းဖြစ်ပြီး ယင်းသို့ ဆောင်ရွက်မှုကို ဆန့်ကျင်တော်လှန်သူများအား နှိမ်နင်းရန်အတွက် ပြည်ထဲရေးဝန်ကြီးဌာနက ဆောင်ရွက်ပြီး လက်နက်ကိုင် တော်လှန်သူများကို စစ်တပ်က တာဝန်ယူ ဆောင်ရွက်ရခြင်းဖြစ်ကြောင်း နှင့် ဒီမိုကရေစီနိုင်ငံဖြစ်သဖြင့် စစ်အုပ်ချုပ်ရေးသတ်မှတ်မှု များကို တတ်နိုင်သမျှ အနည်း ဆုံးဖြစ်အောင် ထိန်းသိမ်းဆောင်ရွက်ခဲ့သည်ဟု အသက်(၆၀)ကျော်များဖြင့် ဖွဲ့စည်းထားသည့် ၎င်း၏ စစ်ကောင်စီအဖွဲ့ဝင်များကို ၂၀၂၂ခုနှစ် ဇူလိုင်လ(၂၁)ရက်နေ့က စစ်ကောင်စီအစည်းအဝေးတွင် ပြောကြားခြင်း ဖြစ်သည်။
တကယ့်မြေပြင်အခြေအနေမှန်မှာ အာဏာသိမ်းမှုကို လက်မခံနိုင်၍ ပြည်သူများက ဖေဖော်ဝါရီလ(၃)ရက်နေ့ နောက်ပိုင်းကစပြီး ဆန္ဒပြမှုများ လုပ်ဆောင်ရာတွင် ၎င်းတို့အား နှိမ်နှင်းရန်အတွက် ရဲတပ်ဖွဲ့ကို အသုံးပြုသည်ဟု ဆိုသော်လည်း စစ်တပ်က အလိုအလျောက်ပါနေပြီး အဓိက အားဖြင့် စရဖဟုခေါ်သည့် စရတ(စစ်ဖက်ရေးရာ လုံခြုံရေးတပ်ဖွဲ့) နှင့် နယ်မြေခံ တပ်တို့က လုပ်ဆောင်နေခြင်းဖြစ်သည်ကို မှတ်တမ်း ဗီဒီယိုများ နှင့် ဓါတ်ပုံများတွင် တွေ့ရသည်။
အစည်းအဝေးတွင် စစ်ကောင်စီအဖွဲ့ဝင်များက "ပညာရေးမူဝါဒလမ်းကြောင်းကို သွေဖယ်၍ဆောင်ရွက်နေသည့် ပုဂ္ဂလိကကျောင်းများအား ဖော်ထုတ်အရေးယူ ဆောင်ရွက်ပေးရန်"တင်ပြသည့်အခါ အာဏာသိမ်းစစ်ခေါင်းဆောင်က ၎င်းတို့၏ တင်ပြမှုအတိုင်း "ပညာရေးမူဝါဒနှင့် မကိုက်ညီသည့် ပုဂ္ဂလိကကိုယ်ပိုင် ကျောင်းများ ဖွင့်လှစ်သည့် ကိစ္စနှင့်ပတ်သက်၍ စိစစ်အရေးယူဆောင်ရွက်သွား မည်"ဟု ပြောကြားကြောင်း သိရသည်။
အာဏာသိမ်းစစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သည် အရပ်သားအစိုးရကို ဖမ်းဆီးပြီး နိုင်ငံ့အာဏာအား အကြမ်းဖက် သိမ်းဆည်းမှုနှင့် ပတ်သက်၍ ၎င်း၏ နယ်ခရီးစဉ်များ နှင့် ယခုလို အစည်းအဝေးများတွင် နိုင်ငံ့အာဏာကိုသိမ်းယူခြင်းမဟုတ်ဘဲ အခြေခံဥပဒေအရသာ လုပ်ဆောင်ခြင်း ဖြစ်သည်ဟု အမြဲပြောလေ့ရှိသည်။
#TachileikNewsAgency