ဂျပန်နိုင်ငံဝန်ကြီးချုပ်ဟောင်း လုပ်ကြံခံရမှုနှင့် ပတ်သက်၍ မြန်မာနိုင်ငံအနေဖြင့် များစွာ အံ့ဩဝမ်းနည်း တုန်လှုပ်မိကြောင်း အာဏာသိမ်းစစ်ကောင်စီ၏ သတင်းထုတ်ပြန်ရေးအဖွဲ့ခေါင်းဆောင် ဗိုလ်ချုပ်ဇော်မင်းထွန်းက ဆိုသည်။
"မြန်မာနိုင်ငံအနေနဲ့ များစွာ အံ့ဩ ဝမ်းနည်း တုန်လှုပ်မိပါတယ်။ လုပ်ကြံမှုကိုလည်း ပြင်းထန်စွာ ရှုပ်ချပါတယ်။"ဟု ဂျပန်နိုင်ငံဝန်ကြီးချုပ်ဟောင်း လုပ်ကြံခံရမှုနှင့် ပတ်သက်၍ ဖြေကြားချက်ကို အာဏာသိမ်းစစ်ကောင်စီ၏ ဝါဒဖြန့် ဇူလိုင်လ(၉)ရက်နေ့ထုတ် သတင်းစာများကနေ ဖော်ပြထားရှိသည်ကို တွေ့ရသည်။
ဂျပန်နိုင်ငံဝန်ကြီးချုပ်ဟောင်း ရှင်ဇိုအဘေသည် ဂျပန်နိုင်ငံ အနောက်ပိုင်းရှိ နာရာမြို့တွင် ဇူလိုင်လ (၈) ရက်နေ့က မဲဆွယ်စည်းရုံးမှုအတွင်း သေနတ်ဖြင့် ပစ်ခတ်ခံရပြီးနောက် ဆေးရုံတွင် သေဆုံးသွားခဲ့ခြင်း ဖြစ်သည်။
ဝန်ကြီးချုပ်ဟောင်းအဘေးကို ပစ်ခတ်သတ်ဖြတ်ခဲ့သူမှာ အသက် (၄၁) နှစ်အရွယ် Tetsuya Yamagami အမည်ရှိ အလုပ်လက်မဲ့ အမျိုးသားတစ်ဦးဖြစ်ပြီး ၎င်းက လက်လုပ်သေနတ်တစ်လက်ကို အသုံးပြုခဲ့ကြောင်း သိရသည်။