ထိုင်ဝမ် လွတ်လပ်ရေးရရန် ကြိုးပမ်းမှုကြောင့် စစ်ပွဲ ဖြစ်လာနိုင်ကြောင်း တရုတ် သတိပေး

ထိုင်ဝမ် လွတ်လပ်ရေးရရန် ကြိုးပမ်းမှုကြောင့် စစ်ပွဲ ဖြစ်လာနိုင်ကြောင်း တရုတ် သတိပေး
By Mr John

ထိုင်ဝမ်ကို တရုတ်နိုင်ငံကနေ လွတ်လပ်ရေးရရန် ကြိုးပမ်းမှုမှန်သမျှက တရုတ်တပ်ဖွဲ့များ၏ စစ်ရေးအရး အရေးယူဆောင်ရွက်မှုကို ဖြစ်လာစေလိမ့်မည်ဟု တရုတ်က အမေရိကန်ကို သတိပေးလိုက်သည်။ 

စင်ကာပူနိုင်ငံ၌ ကျင်းပပြုလုပ်သည့် အာရှလုံခြုံရေး ထိပ်သီးအစည်းအဝေးပြင်ပတွင် တရုတ်ကာကွယ်ရေးဝန်ကြီး Wei Fenghe နှင့် အမေရိကန်ကာကွယ်ရေးဝန်ကြီး Lloyd Austin တို့ တွေ့ဆုံခဲ့ကြသည်။

တရုတ်ထံမှ ထိုင်ဝမ်ကို ခွဲထုတ်ခြင်းက တရုတ်စစ်တပ်အတွက် မည်သည့်နည်းနှင့်မဆို တိုက်ခိုက်ရန်ကလွဲပြီး ရွေးချယ်စရာမရှိ ဖြစ်လိမ့်မည်ဟု တရုတ်ကာကွယ်ရေးဝန်ကြီး Wei က ဆိုသည်။ 

အမေရိကန်ကာကွယ်ရေးဝန်ကြီး Austin က တရုတ်စစ်တပ်လှုပ်ရှားမှုက တမင်ဆွပေးခြင်း၊ မတည်မငြိမ်ဖြစ်စေခြင်းဟု နောက်ပိုင်းတွင် ပြောဆိုခဲ့သည်။

ထိုင်ဝမ်ကျွန်းအနီး တရုတ်လေယာဥ်များက နေ့စဥ်နီးပါး စံချိန်တင် အရေအတွက်ဖြင့် ပျံသန်းနေခြင်းက ဒေသတွင်း ငြိမ်းချမ်းရေးနှင့် တည်ငြိမ်ရေးကို ထိခိုက်စေသည်ဟု Austin က ဆိုသည်။

တရုတ်က ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ထိုင်ဝမ်ကို ခွဲထွက်၍မရသည့် တရုတ်၏ ပိုင်နက်နယ်မြေ အစိတ်အပိုင်းအဖြစ် သဘောထားပြီး အမေရိကန်က ထိုင်ဝမ်သို့ လက်နက်များရောင်းချခြင်းကို Wei က ဝေဖန်ရှုတ်ချခဲ့သည်။

"မည်သူမဆို ထိုင်ဝမ်ကို တရုတ်ကနေ ခွဲထုတ်ဖို့လုပ်ဝံ့ရင် တရုတ်ပြည်သူ့လွတ်မြောက်ရေးတပ်မတော်က မည်သည့်နည်းနှင့်မဆို တိုက်ခိုက်ရန်နှင့် ထိုင်ဝမ်လွတ်လပ်ရေး ကြိုးပမ်းမှုမှန်သမျှကို ချေမှုန်းရန်၊ နိုင်ငံ၏ အချုပ်အခြာအာဏာနှင့် နယ်မြေတည်တံ့ခိုင်မြဲရေးကို ကာကွယ်ရန်ကလွဲပြီး ရွေးချယ်စရာမရှိ ဖြစ်လိမ့်မည်" ဟု တရုတ်ကာကွယ်ရေးဝန်ကြီး Wei ကို ကိုးကားပြီး ပြောခွင့်ရအမျိုးသားက ပြောသည်။

အမေရိကန်ကာကွယ်ရေးဝန်ကြီး Austin က အမေရိကန်နိုင်ငံအနေဖြင့် ဘေဂျင်းကို တရုတ်နိုင်ငံ၏ တစ်ခုတည်းသော အစိုးရအဖြစ် အသိအမှတ်ပြုမှုကို ဆက်လက်ထိန်းသိမ်းထားရန်နှင့် ထိုင်ဝမ်လွတ်လပ်ရေးကို ဆန့်ကျင်ကန့်ကွက်ရန် ကတိပြုခဲ့သည်ဟု ဆိုသည်။ 

၎င်းက တင်းမာမှုများကို အင်အားသုံး ဖြေရှင်းရန်ကြိုပမ်းမှု မရှိစေရကြောင်း အခိုင်အမာ ပြောခဲ့သည်။

အမေရိကန်နှင့်တရုတ် ကာကွယ်ရေးဝန်ကြီးတို့က စင်ကာပူနိုင်ငံတွင် ကျင်းပပြုလုပ်သည့် Shangri-La Dialouge အာရှလုံခြုံရေး ထိပ်သီးအစည်းအဝေး တက်ရောက်လာစဥ်အတွင်း ပထမဆုံးအကြိမ် တွေ့ဆုံခဲ့ကြခြင်းဖြစ်ပြီး ၎င်းတို့၏ တွေ့ဆုံဆွေးနွေးမှုမှာ တစ်နာရီနီးပါး ကြာမြင့်ခဲ့သည်။ 

တရုတ်ကာကွယ်ရေးဝန်ကြီး Wei က ဆွေးနွေးမှုများမှာ ချောမွေ့ခဲ့ကြောင်း ပြောခဲ့ပြီး နှစ်ဘက်လုံးက ယခုတွေ့ဆုံမှုကို ဖော်ရွေပျူငှာသော တွေ့ဆုံမှုအဖြစ် ဆိုကြသည်။ 

အမေရိကန်ကာကွယ်ရေးဝန်ကြီး Austin က နားလည်မှုလွဲမှားခြင်း မဖြစ်စေရန် တရုတ်စစ်တပ်နှင့် ဆက်သွယ်ရေးလိုင်းများ အပြည့်အဝ ဖွင့်လှစ်ထားရန် အရေးကြီးမှုကို ဆွေးနွေးမှုအတွင်း ထည့်သွင်းပြောကြားခဲ့ကြောင်း သိရသည်။

ပြီးခဲ့သည့် မေလ (၃၀) ရက်နေ့တွင် ထိုင်ဝမ် လေကြာင်းကာကွယ်ရေးဇုန်အတွင်း တရုတ်စစ်လေယာဥ် အစီး (၃၀) ကျော် ဝင်ရောက်ပျံသန်းခဲ့ရာ ယခုနှစ် ဇန်နဝါရီလနောက်ပိုင်း တရုတ်စစ်လေယာဥ်များ၏ အကြီးဆုံး ကျူးကျော်ဝင်ရောက်မှု ဖြစ်လာခဲ့သည်။ 

ထိုနေ့က ထိုင်ဝမ်၏ လေကြောင်းကာကွယ်ရေးဇုန်အတွင်း တရုတ်တိုက်လေယာဥ် (၂၂) စီး အပါအဝင် စစ်လေယာဥ်များ ကျူးကျော်ပျံသန်းခဲ့ကြောင်း ထိုင်ဝမ်ကာကွယ်ရေးဝန်ကြီးဌာနက ထုတ်ပြန်သည်။

တရုတ်နှင့်ထိုင်ဝမ် အခြေခံအကြောင်းတရားများ

  • - ၁၉၄၀ ပြည့်လွန် နှစ်များအတွင်း ပြည်တွင်းစစ်ကာလတွင် တရုတ်နှင့် ထိုင်ဝမ် နှစ်ခြမ်းကွဲခဲ့သည်။ သို့သော် တရုတ်အစိုးရက ထိုင်ဝမ်ကျွန်းကို တစ်ချိန်ချိန်တွင် ပြန်လည်သိမ်းယူမည်၊ လိုအပ်ပါက စစ်အင်အားသုံးမည်ဟု အခိုင်အမာပြောထားသည်။
  • - ထိုင်ဝမ်တွင် ကိုယ်ပိုင်ဖွဲ့စည်းပုံအခြေခံဥပဒေ ရေးဆွဲပြဌာန်းထားပြီး ဒီမိုကရေစီနည်းလမ်းဖြင့် ခေါင်းဆောင်များကို ရွေးကောက်တင်မြှောက်သည်။ ထိုင်ဝမ်၏ လက်နက်ကိုင်တပ်ဖွဲ့များတွင် စစ်သည်အင်အား ၃၀၀,၀၀၀ ခန့်ရှိသည်။
  • - နိုင်ငံအနည်းငယ်မျှကသာ ထိုင်ဝမ်ကို အသိအမှတ်ပြုထားသည်။ အများစုက ဘေဂျင်းရှိ တရုတ်အစိုးရကို အသိအမှတ်ပြုကြသည်။ အမေရိကန်က ထိုင်ဝမ်နှင့် တရားဝင် ဆက်ဆံရေး မရှိသော်လည်း ထိုင်ဝမ်ကျွန်းအနေဖြင့် ကိုယ့်ကိုယ်ကိုယ် ခုခံကာကွယ်ရေး စီစဥ်ပေးရန်လိုအပ်သော ဥပဒေတစ်ရပ်ရှိထားသည်။ 

Source: BBC