မကွေးတိုင်း၊ ဂန့်ဂေါမြို့နယ်မြောက်ပိုင်း၊ စမ်းမြို့ရွာအနီး၌ စစ်ကောင်စီတပ်၏ စစ်ကြောင်းတစ်ခုနှင့် ဒေသကာကွယ်ရေးတပ်တို့ မေလ (၂၁)ရက် မွန်းလွဲပိုင်းက တိုက်ပွဲဖြစ်ပွားခဲ့ကြောင်း သိရသည်။
စစ်ကောင်စီ၏ စစ်ကြောင်းသည် ပျူစောထီးများ ပူးပေါင်းပါဝင်သည့် စစ်ကြောင်းဖြစ်ပြီး တိုက်ပွဲအတွင်း စစ်သား နှင့် ပျူစောထီး (၅)ဦးသေကြောင်း PDF-GanGaw ၏ မေလ (၂၂)ရက် ရက်စွဲဖြင့် ထုတ်ပြန်သည့် ထုတ်ပြန်ချက်က ဆိုသည်။
အဆိုပါ စစ်ကောင်စီနှင့် ပျူစောထီးများ ပူးပေါင်းစစ်ကြောင်းအား PDF-GanGaw တပ်ရင်း(၁)ဦးဆောင်သော ကာကွယ်ရေးအဖွဲ့က တိုက်ခိုက်ခဲ့ပြီး တိုက်ပွဲမှာ အချိန် (၂)နာရီခန့်ကြာမြင့်ခဲ့သည်ဟု ဆိုသည်။
တိုက်ပွဲအတွင်း စစ်ကောင်စီဘက်က အများအပြား ထိခိုက်ဒဏ်ရာရကာ ၆၀ မမ၊ ၁၂၀ မမ လက်နက်ကြီးများဖြင့် အချက် (၅၀)ဝန်းကျင် အဆက်မပြတ် ပြန်လည်ပစ်ခတ်ခဲ့သော်လည်း ဒေသကာကွယ်ရေးတပ်ဘက်က အထိအခိုက်မရှိ ခုခံနိုင်ခဲ့သည်ဟု ထုတ်ပြန်ထားသည်။
စစ်ကောင်စီနှင့် ပျူစောထီးပူးပေါင်းစစ်ကြောင်း အင်အားကိုမူ PDF-GanGaw ၏ ထုတ်ပြန်ချက်တွင် မတွေ့ရှိရပေ။
ထိုစစ်ကြောင်းသည် လမ်းတစ်လျှောက်ရှိ စစ်ဘေးရှောင်တဲများကို မီးရှို့ဖျက်ဆီးခြင်း၊ ကျွဲနွားများသတ်ဖြတ်စားသောက်ခြင်း၊ ဆန်စပါးနှင့်စားနပ်ရိက္ခာများကို ယူဆောင်ခြင်း၊ မီးရှို့ဖျက်ဆီးခြင်းများပြုလုပ်ခဲ့ကြောင်းလည်း သိရသည်။