အမေရိကန်နိုင်ငံ နယူးဂျာစီပြည်နယ်ရှိ လောကချမ်းသာကျောင်းတိုက်တွင် မြန်မာ့နှစ်သစ်ကူးဈေးရောင်းပွဲတော် နှင့် ငွေတိုက်စာချုပ်ရောင်းချပွဲကို ဒေသစံတော်ချိန် ၂၀၂၂ခုနှစ် ဧပြီလ(၂၄)ရက်နေ့ နေ့လည်ပိုင်းက ပြုလုပ်ရာ တစ်နေ့တည်းအတွင်း ငွေတိုက်စာချုပ်ရောင်းရငွေမှာ အမေရိကန်ဒေါ်လာ (၁)သိန်းကျော်ရရှိကြောင်း သိရသည်။
အဆိုပါ ဈေးရောင်းပွဲတော်၏ တစ်နေ့တာအတွင်း အမျိုးသားညီညွတ်ရေးအစိုးရ(NUG)၏ ငွေတိုက်စာချုပ်ရောင်းရငွေမှာ ဒေါ်လာ(၁၀၁,၅၀၀) နှင့် အစားအသောက် ရောင်းရငွေမှာ (၄၁,၃၆၀)ဒေါ်လာ ရရှိသည့်အတွက် စုစုပေါင်း (၁၄၂,၈၆၀)ဒေါ်လာ ရရှိကြောင်း သိရသည်။
ဈေးရောင်းပွဲတော်ကို Helping Hands for Burma နွေဦးအတွက် ကမ်းလက်များအဖွဲ့က ဦးစီးကာ ကျင်းပခြင်းဖြစ်ပြီး အဆိုပါ ဈေးရောင်းပွဲသို့ သံအမတ်ကြီး ဦးကျော်မိုးထွန်း ကိုယ်တိုင် ပါဝင်ပြီး NUG ငွေတိုက်စာချုပ်ကို ရောင်းချပေးခဲ့ကြောင်း သိရသည်။
ဈေးရောင်းပွဲတော်အတွင်း ရိုးရာအစားအစာ အမျိုးပေါင်း (၆၀)ကျော် အပါအဝင် အမှတ်တရပစ္စည်းများ နှင့် မြန်မာ့ရှုခင်းရေဆေးပန်းချီကားများ ရောင်းချခဲ့သည်ဟု သိရသည်။
အမေရိကန်နိုင်ငံရောက် မြန်မာများသည် အာဏာသိမ်းခံထားရသည့် မြန်မာနိုင်ငံ၏ စစ်အာဏာရှင်တော်လှန်ရေးအတွက် နည်းလမ်းမျိုးစုံဖြင့် ရန်ပုံငွေ ရှာပေးနေလျှက်ရှိကြောင်း သိရသည်။
#TachileikNewsAgency
Photo: Terry Win