တာချီလိတ်မြို့နယ်အတွင်း စည်ပင်သာယာရေးဌာန၏ ၂၀၂၂ - ၂၀၂၃ ခု ဘဏ္ဍာရေးနှစ်အတွက် စုစုပေါင်း ကြမ်းခင်းဈေး ကျပ်သိန်းပေါင်း( ၈၅၀၀ )ကျော်ဖိုးရှိ အခွန်အကောက်၊ အပေါင် နှင့် သားသတ်လုပ်ငန်းများအတွက် လေလံရောင်းချမှုကို ၂၀၂၂ခုနှစ် မတ်လ(၃)ရက်နေ့ နံနက်(၉)နာရီခွဲတွင် အောင်မြတ်ခန်းမ၌ စတင်ပြုလုပ်မည်ဖြစ်ကြောင်း သိရသည်။
တာချီလိတ်မြို့မ(ဝမ်ကောင်းဈေး) နှင့်မြို့ပေါ်ဈေးများ၊ ပုဂ္ဂလိကဈေးများ အပါအဝင် ကျေးလက်ဈေးများမှ ဝက်၊ ဆိတ်၊ အမဲ နေရာပေါင်း (၂၁)နေရာအတွက် ကြမ်းခင်းဈေး စုစုပေါင်း ကျပ်သိန်းပေါင်း (၅,၇၀၀)ကျော်ရှိကြောင်း သိရသည်။
အပေါင်ဆိုင်လုပ်ငန်း (၁၆)ခု နှင့် မြန်မာ-ထိုင်းချစ်ကြည်ရေးအမှတ်(၁)(၂)တံတားနှင့် အဝေးပြေးကားဘီးကောက် အပါအဝင် လုပ်ငန်း (၃)ခု၊ ဖန်မင်ဈေးကောက် နှင့် တာလေဈေးပျံကျဈေးကောက် အပြင် တာလော့ဈေးအိမ်သာ နှင့် တာလော့ဈေးယာဉ်စောင့် လုပ်ငန်းများအတွက် ကြမ်းခင်းဈေး စုစုပေါင်း ကျပ်သိန်းပေါင်း(၂,၈၀၀)သိန်းကျော်ရှိကြောင်း သိရသည်။
တာချီလိတ်မြို့နယ်စည်ပင်သာယာရေးဌာန၏ ၂၀၂၂ - ၂၀၂၃ ခု ဘဏ္ဍာရေးနှစ်အတွက် ကြမ်းခင်းဈေးစုစုပေါင်းမှာ ကျပ်သိန်းပေါင်း (၈,၅၀၀)ကျော်ရှိပြီး ဈေးပြိုင်လေလံဖြစ်၍ သားသတ်လုပ်ငန်းလိုင်စင်လေလံတွင် ဘတ်ဂျတ်ပမာဏတိုးဖွယ်ရှိသည်ဟု စည်ပင်ဘက်က မှန်းထားသည်။
စည်ပင်သာယာရေးဌာနတွင် ဘတ်ဂျတ်မရှိတော့သည့် အတွက် ၂၀၂၂ - ၂၀၂၃ ခု ဘဏ္ဍာရေးနှစ်အတွက် ကြမ်းခင်းဈေးထက် သာလွန်သည့် ငွေကြေးများရရှိရေး လုပ်ဆောင်ရန် ပြည်နယ်ကလည်း မြို့နယ်အသီးသီးရှိ စည်ပင်သာယာရေးဌာနများကို ဖိအားပေးထားသည်ဟုလည်း သိရသည်။
ဆက်စပ်သတင်း