တာချီလိတ်မြို့ရှိ အ.ထ.က ကျောင်းများတွင် ယာဉ်စည်းကမ်း အသိပညာပေးဟောပြော

တာချီလိတ်မြို့ရှိ အ.ထ.က ကျောင်းများတွင် ယာဉ်စည်းကမ်း အသိပညာပေးဟောပြော
ဇူလိုင် 12, 2012
By Tachileik News Agency

ယာဉ်စည်းကမ်း အသိပညာပေးဟောပြောပွဲကို တာချီလိတ်မြို့ရှိ အ.ထ.က-တာချီိလိတ်နဲ့ အ.ထ.က-ဆန်ဆိုင်းကျောင်းတို့မှာ နံနက်ပိုင်းအစီအစဉ်အဖြစ် ဟောပြောပွဲပြုလုပ်ခဲ့ကြပြီး နေ့လည်ပိုင်းအစီအစဉ်ကိုတော့ အ.ထ.က-ဟောင်လိတ်ကျောင်းမှာပြုလုပ်မှာဖြစ်ပါတယ်။ နံနက်ပိုင်းအစီအစဉ်ကိုတော့ နံနက်(၈)နာရီမှာ စတင်ပြီး နေ့လည်ပိုင်းအစီအစဉ်ကိုတော့ (၂)နာရီမှာ ပြုလုပ်မှာဖြစ်ကြောင်း သိရပါသည်။

ယာဉ်စည်းကမ်း လမ်းစည်းကမ်းနဲ့ပတ်သက်ပြီး ယာဉ်ထိန်းရဲတပ်ဖွဲ့မှ ရဲအုပ်စံသိန်းနှင့်အဖွဲ့က ဟောပြောခဲ့ကြပြီး ပူးတွဲအစီစဉ်အနေနဲ့ မူးယစ်အထူးတပ်ဖွဲ့မှ ရဲအုပ်မြင့်နိုင်ဦးနှင့် လူကုန်ကူးမှုနိမ်နင်းရေးအထူးအဖွဲ့မှ ဒုရဲအုပ်မင်းခိုင်တို့က သက်ဆိုင်ရာ ကဏ္ဍအလိုက် ကျောင်းသား/ကျောင်းသူများကို ဟောပြောခဲ့ကြပါသည်။


ထိုသို့ပညာပေးဟောပြောပွဲကို အ.ထ.က-တာချီလိတ်ကျောင်းမှ (၉)တန်းကျောင်းသား/သူ ၂၃၀-ဝန်းကျင်နှင့် အ.ထ.က-ဆန်ဆိုင်း ကျောင်းမှ ကျောင်းသား/သူ ၂၅၀ကျော်တို့ တက်ရောက်ခဲ့ကြောင်းသိရှိရပါသည်။

ကျောင်းသား ကျောင်းသူများအား ယာဉ်စည်းကမ်း လမ်းစည်းကမ်းနဲ့ပတ်သက်ပြီး ၂၅.၆.၂၀၁၂ နံနက်ပိုင်း ( ၇ ) နာရီဝန်းကျင်က (၈)တန်းကျောင်းသားလေးမှစပြီး ယာဉ်တိုက်မှုဖြစ်ပွားခဲ့သည်ကို နမူနာထား၍
ဟောပြောခဲ့ကြပါသည်။ ကျောင်းသား ကျောင်းသူများအနေဖြင့် ထိုသို့ မဖြစ်စေရန်အတွက် သတိထားဖို့ကို ရုပ်ပုံများဖြင့် ယာဉ်အန္တရာယ်အသိပညာပေး ဟောပြောကြသည်။


တာချီလိတ်မြို့တွင် ယာဉ်တိုက်မှုနှင့် ထိခိုက်ဒဏ်ရပြီး သေဆုံးသူ အရေအတွက်ကို
ဟောပြောပွဲမှ ကောက်နှုတ်ချက်အရ " ၂၀၁၁ ခုနှစ်တွင် ယာဉ်တိုက်မှု (၈၂)မှုဖြစ်ပွားခဲ့ပြီး ထိခိုက်ဒဏ်ရာရသူ ကျား (၉၂)ဦး နှင့် မ-(၂၈)ဦး စုစုပေါင်း(၁၂၀)ဦးဖြစ်ပြီး ထိုအထဲမှာမှ ယာဉ်တိုက်မှုကြောင့် သေဆုံးသွားသူ ကျား(၂၁)ဦးနှင့် မ(၉)ဦး စုစုပေါင်း သေဆုံး(၃၀)ဦးရှိခဲ့ကြောင်းနှင့် ယခု ၂၀၁၂ခုနှစ် (၁)လပိုင်းမှစ၍ ခု (၇) လပိုင်းအထိ ယာဉ်တိုက်မှု (၄၂)မှုရှိခဲ့ပြီး ထိခိုက်ဒဏ်ရာရရှိသူ ကျား(၃၅)ဦးနှင့်မ(၁၀)ဦးတို့ဖြစ်ကြပြီး ထိုအထဲမှ သေဆုံးသူ ကျား(၁၀)ဦးနှင့် မ(၁)ဦးရှိခဲ့ကြောင်း" သိရှိရပါသည်။

အကြံပြုအသိပေးခြင်း

ယာဉ်စည်းကမ်း လမ်းစည်းကမ်းနဲ့ပတ်သက်ပြီး တာချီလိတ်မြို့တွင်း ပြုပြင်ဖို့အတွက် လိုအပ်နေသည်များကိုလည်း အများအသိပင်ဖြစ်ပါသည်။ တာချီလိတ်မြို့၏ လမ်းမကြီးသည် ကျဉ်းမြောင်းနေပြီး ကားများနှစ်ထပ်ရပ်တန့်ထားသည်ကိုလည်း တွေ့ရှိရပါ၍ ထိုသို့ မဖြစ်စေရန်အတွက်လည်း လုပ်ဆောင်ပေးဖို့လိုပါသည်။ ချစ်ကြည်ရေးအမှတ်(၁)တံတားထိပ် အ၀ိုင်းအနီးတွင် ညနေဘက်ဆိုလျှင် ကားများ ဘေးတစ်ဖက်တစ်ချက်တွင် ရပ်တန့်ထားခြင်းကြောင့် လမ်းကြောပိတ်စို့မှုများလည်း တွေ့ရှိရပါသည်။ (၁၈)နှစ်မပြည့်သေးသော ကျောင်းသားကလေးငယ်များအနေဖြင့် မော်တော်ဆိုင်ကယ်မောင်းနင်ခြင်းကို စည်းစနစ်တကျသတ်မှတ်ပေးနိုင်မည်ဆိုပါက (၁၈)နှစ်အောက်အရွယ် ယာဉ်တိုက်မှုများ လျော့ပါးစေမည်ဟု ယူဆပါသည်။ ထိုသို့ကိစ္စရပ်များကို အများပြည်သူများမှ ပြောကြားလာသည်ဖြစ်တာကြောင့်သက်ဆိုင်ရာဌာနများမှ
ဆောင်ရွက်ပေးရန်လိုအပ်ပါကြောင်း လေးစားစွာဖြင့် အကြံပြုအသိပေးလိုက်ပါသည်။

ပုံများကိုကြည့်ရန်

တာချီလိတ်အွန်လိုင်းစာမျက်နှာ
www.tachileik.net