မြန်မာ-ထိုင်း ချစ်ကြည်ရေးအမှတ်(၁)တံတားပေါ်တွင် ထိုင်းနိုင်ငံ မယ်ဆိုင်မြို့ဘက်မှ တာချီလိတ်သို့အ၀င်၌ သုံးဘီးဆိုင်ကယ်ဖြင့် သယ်ဆောင်လာသော ကိုးမမ ကျည်(၁၄၉၀)တောင့်အား တရားခံနှင့်အတူ ဖမ်းဆီးရမိကြောင်း သတင်းရရှိသည်။
မူယစ်အထူးအဖွဲ့မှ ရဲအုပ်မြင့်လွင် ၊ ဒုရဲအုပ် ကြည်လွင်၊ တပ်ကြပ်ဇော်ဝင်းဌေး၊ တပ်သားဝင်းမြင့်လှိုင်တို့သည် ၂၀၁၂ခုနှစ် စက်တင်ဘာလ(၆)ရက်နေ့ နံနက်(၁၀း၁၂)မိနစ်ခန့်တွင် ထိုင်းဘက်မှ ၀င်ရောက်လာသော အသက်(၃၁)နှစ်အရွယ် မြန်မာနိုင်ငံသား ကို_____ နှင့် ထိုင်းနိုင်ငံသား အသက်(၃၅)နှစ်အရွယ် Mr.Nai Than တို့ စီးနင်းလာသော သုံးဘီးဆိုင်ကယ်အား ရပ်တန့်စစ်ဆေးရှာဖွေရာ သုံးဘီးဆိုင်ကယ်ပေါ်တွင် ကိတ်မုန့်ဘူးခွံ နှင့် နို့မှုန့်ဘူးခွံများ အတွင်းတွင် ထည့်၍သယ်ဆောင်လာသော ကိုးမမ ကျည်ဆံ(၁၄၉၀)တောင့်အား တွေ့ရှိရသောကြောင့် တရားခံ(၂)ဦးအား သေသက်ခံပစ္စည်းများနှင့်အတူ ဖမ်းဆီးအရေးယူလျှက်ရှိသည်။ ကျည်ဆံတွေမှာ Thai Arms Co,Ltd တံဆိပ်ပါ ဘူးများဖြင့် ထည့်ထားကြောင်းသိရှိရသည်။
မြန်မာနိုင်ငံသားဖြစ်သူ ကို_____ သည် ကျိုင်းတုံမြို့တွင် နေထိုင်သူဖြစ်ပြီး ထိုင်းနိုင်ငံသား Mr.Nai Than မှာ ထိုင်းနိုင်ငံ မယ်ဆိုင်မြို့ လွယ်ငန်းရပ်ကွက်တွင် နေထိုင်သူဖြစ်သည်။
တရားခံဖြစ်သူ မြန်မာနိုင်ငံသား ကို_____၏ ထွက်ဆိုချက်အရ ၎င်းသည် စက်တင်ဘာလ(၄)ရက်နေ့က ကျိုင်းတုံမြို့မှ တာချီလိတ်မြို့သို့ ရွှေရေကန်ကားဖြင့် ရောက်ရှိလာပြီး ထိုနေ့မှာပင် မယ်ဆိုင်မြို့သို့ သွားရန် ယာယီနယ်စပ်ဖြတ်သန်းခွင့်လက်မှတ်စာအုပ်ပြုလုပ်ပြီး မယ်ဆိုင်မြို့တွင်နေထိုင်သော မိခင်၏ နေအိမ်သို့သွားရောက်ခဲ့သည်။
၎င်း၏ မိခင်နေအိမ်တွင် သားနှင့်သမီးမှာ ကျောင်းတက်နေသဖြင့် ကလေးများအား
ကျောင်းကြိုပို့လုပ်ပေးနေရာမှ ကျောင်းကြိုပို့ ပြုလုပ်ရင်း ရင်းနှီးခဲ့သည့် ကျိုင်းတုံဇာတိဖွားဖြစ်သော မယ်ဆိုင်မြို့တွင် နေထိုင်သူ အသက်(၂၅)နှစ်အရွယ် အမျိုးသားတစ်ဦးနှင့် ရင်းနှီးကျွမ်းဝင်ရင်း မိသားစုအခက်အခဲများကို အပြန်အလှန်ပြောဆိုကြရာမှ အသက်(၂၅)နှစ်အရွယ် အမျိုးသားသည် တရားခံဖြစ်သူ ကို_____အား စက်တင်ဘာလ(၆)ရက် နံနက်(၇)နာရီခန့်တွင် ဖုန်းဆက်၍ ယခုသိမ်းဆည်းရမိသော ကျည်ဆံများအား တာချီလိတ်ဘက်သို့ ပို့ဆောင်ပေးပါက ပို့ဆောင်ခအဖြစ် ထိုင်းဘတ်ငွေ(၅၀၀၀)ဘတ်
ပေးမည်ဖြစ်ကြောင်း ပြောလာရာ ၎င်းမှ သဘောတူလက်ခံခဲ့၍ ယခုလို သယ်ဆောင်လာခဲ့ကြောင်း ထွက်ဆိုလာသည်။
အဆိုပါ ကျည်ဆံများအား သယ်ဆောင်ပေးရန်အတွက် နံနက်(၁၀)နာရီခန့်တွင် ထိုင်းနိုင်ငံ မယ်ဆိုင်မြို့စည်ပင်ရုံးရှေ့တွင် သွားရောက်စောင့်ဆိုင်းစဉ် အသက်(၂၅)နှစ်အရွယ် အမျိုးသားတစ်ဦးမှ ကျည်ဆံထည့်ထားသော ပလပ်စတစ် အပြာရောင်အိတ်(၁)အိတ်နှင့် ပလပ်စတစ် အဖြူရောင်အိတ်(၃)အိတ် စုစုပေါင်း အိတ်(၄)အိတ်အား ဆိုင်ကယ်ဖြင့် လာရောက်ပို့ဆောင်ပေးခဲ့ပြီး ၎င်းမှ ဆိုင်ကယ်ဖြင့်ပင် မယ်ဆိုင်ရဲစခန်းအနီးရှိ သုံးဘီးဆိုင်ကယ်ဂိတ်သို့ ပို့ပေးခဲ့ပြီး သုံးဘီးဆိုင်ကယ်အမှတ်(---)အား မြန်မာနိုင်ငံ တာချီလိတ်သို့အရောက် ထိုင်းဘတ်ငွေ(၂၅၀)ဘတ်ဖြင့် ငှားရမ်းကာ မယ်ဆိုင်မြို့မှ တာချီလိတ်မြို့သို့အ၀င် တွင် တာဝန်ရှိသူများ၏ ရှာဖွေဖမ်းဆီးခြင်းကို ခံခဲ့ရကြောင်း ထွက်ဆိုခဲ့သည်။
ယခုအခါ ၎င်းတို့အား သက်ဆိုင်ရာမှ ဥပဒေအရ အရေးယူရန်အတွက် ဆောင်ရွက်လျက်ရှိကြောင်း သိရှိရပါသည်။
ပုံများကိုကြည့်ရန်
www.tachileik.net