စိုင်းနော်ခမ်းနှင့် အပေါင်းအပါ(၅)ဦးအား တရုတ်နိုင်ငံတွင် ရုံးတင်စစ်ဆေးခဲ့

စိုင်းနော်ခမ်းနှင့် အပေါင်းအပါ(၅)ဦးအား တရုတ်နိုင်ငံတွင် ရုံးတင်စစ်ဆေးခဲ့
စက်တင်ဘာ 24, 2012
By Tachileik News Agency
 ပြီးခဲ့သောအောက်တိုဘာက မဲခေါင်မြစ်အတွင်း သင်္ဘောနှစ်စင်းပေါ်၌ တရုတ်နိုင်ငံသား သင်္ဘောသား (၁၃)ယောက်အား သတ်ဖြတ်မှုဖြင့် စွဲချက်တင်ခံထားရတဲ့ မူးယစ်ရာဇာအမည်ရ ရှမ်းလူမျိုး စိုင်းနော်ခမ်းကို တရုတ်နိုင်ငံတောင်ပိုင်း ကူမင်းမြို့မှာ ယခုလ စက်တင်ဘာတွင်းမှာ ရုံးတင်စစ်ဆေးခဲ့တယ်လို့ သိရပါတယ်။
လာအို၊ မြန်မာနှင့် ထိုင်းနိုင်ငံတို့ဆုံရာ ရွှေတြိဂံဒေသမှာ တရားမ၀င်မှောင်ခိုပစ္စည်းများ သယ်ယူပို့ဆောင်ခြင်း နဲ့ မူးယစ်ဆေးဝါး လုပ်ငန်းများ တိုးပွားပျံ့နှံ့ရန်အင်တိုက်အားတိုက်လုပ်ကိုင်သူလို့ သတ်မှတ်ခံထားရတဲ့ စိုင်းနော်ခမ်းကို အဆိုပါသုံးနိုင်ငံနဲ့ တရုတ်နိုင်ငံမှ လုံခြုံရေးဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှုများ ပြုလုပ်ခဲ့ပြီးနောက် ဧပြီ(၂၅)ရက်က လာအိုနိုင်ငံမှ  ဖမ်းဆီးထိန်းသိမ်းခဲ့ကြပါတယ်။ အခု ရုံးတင်စစ်ဆေးမှုများ ပြုလုပ်ရာမှာ စိုင်းနော်ခမ်းနဲ့ သူ့ရဲ့ အပေါင်းအပါ(၅)ဦးကိုလည်း ရုံးတင်စစ်ဆေးခဲ့ပါတယ်။
ထိုင်းသတင်းဌာနများရဲ့ ရေးသားဖော်ပြချက်များကို ကောက်နုတ်ဖော်ပြရာမှာ စိုင်းနော်ခမ်းက သူ့အား ကွက်ကျော်ရိုက်ကာ ဖြတ်သန်းပြီး မူးယစ်ဆေးဝါးသယ်ယူပို့ဆောင်နေတယ်လို့ သင်္ဘောနှစ်စင်းကို သံသယရှိခဲ့ပါတယ်၊ အဲ့ဒီအတွက်ကြောင့် ထိုသင်္ဘောနှစ်စင်းမှ သင်္ဘောဝန်ထမ်းစုကို လေးနိုင်ငံကြား မဲခေါင်မြစ်တွင် တရားဝင်နှင့် တရားမ၀င် မြစ်ကြောင်း ကုန်သွယ်မှုကျယ်ပြန့်စွာပြေးဆွဲနေသော အခြားသင်္ဘောများကို နမူနာပြသည့်အနေဖြင့် သတ်ဖြတ်ခဲ့တယ်လို့ ထိုင်းသတင်းဌာနများက ယခုလိုဖော်ပြထားပါတယ်။  စိုင်းနော်ခမ်းက တရုတ်ရဲများရှေ့မှာ ၀န်ခံပြီးဖြစ်သော်လည်း တရားရုံးတွင်ငြင်းဆိုခဲ့ပြီး ထိုသတ်ဖြတ်မှုကို ထိုင်းလုံခြုံရေးတပ်ဖွဲ့အပေါ် အပြစ်ပုံချခဲ့တယ်လို့လည်း ထိုင်းသတင်းဌာနတစ်ခုက ရေးသားထားပါသေးတယ်။
Hua Ping နှင့် Yu Xing 8 အမည်ရှိတဲ့ သင်္ဘောနှစ်စင်းကို Chiang Saen ဆိပ်ကမ်းနဲ့မဝေးတဲ့ မဲခေါင်မြစ်ရဲ့ ထိုင်းနိုင်ငံဘက်ခြမ်းမှာ အောက်တိုဘာအစောပိုင်းက တွေ့ခဲ့ရကြောင်းနဲ့ ထိုသင်္ဘောနှစ်စင်းကို အောက်တိုဘာလအတွင်းက တိုက်ခိုက်ခံခဲ့ရတယ်လို့ တရုတ်အာဏာပိုင်များက ပြောကြားခဲ့ပါတယ်။ လက်များကို ကြိုးများဖြင့်ချည်ထားပြီး ပစ်ခတ်ခံထားရတဲ့ (၁၃)ဦးရဲ့ အလောင်းကို ရက်ပေါင်းအတော်ကြာမှ ရှာဖွေတွေ့ရှိခဲ့ကြပါတယ်။ (၁၀၀) ထက်မနည်းတဲ့ မျက်မြင်သက်သေများကို စစ်ဆေးပြီးနောက်မှာတော့ မဲခေါင်မြစ်တစ်လျှောက်လုံခြုံရေးအတွက်တာဝန်ရှိတဲ့ ထိုင်းစစ်တပ်မှစစ်သား (၉) ဦးကို လူသတ်မှုမှာသံသယရှိသူများအဖြစ် ထိုင်းရဲတပ်ဖွဲ့က 
အောက်တိုဘာလကုန်မှာ ကြေငြာခဲ့ပါတယ်။ ထိုင်းစစ်သားများသည် သင်္ဘောပေါ်မှာပစ်ခတ်ခဲ့တယ်လို့  တချို့မျက်မြင်သက်သေများက ထွက်ဆိုခဲ့ကြပါတယ်။
သို့သော်လည်း သေနတ်ပေါ်တွင်ကန့်လန့်ဖြတ်လဲကျသေဆုံးနေတဲ့ ခေါင်းဆောင်တစ်ယောက်နဲ့
 မြစ်ကမ်းပါးပေါ်မှာ ကျည်ဆံများနဲ့ ဆန်ခါပေါက်သဖွယ်ဖြစ်နေတဲ့ သင်္ဘောနှစ်စင်းကိုသာတွေ့ရှိခဲ့ခြင်းဖြစ်တယ်လို့ ထိုင်းစစ်ဘက်ဆိုင်ရာမှ တုန့်ပြန်ပြောကြားခဲ့ပါတယ်။ ဒီပြင် သင်္ဘောပေါ်မှာ Methamphetamine ဆေးပြား (၉၂၀၀၀၀) ပြားကိုလည်း တွေ့ရှိခဲ့တယ်လို့ အစီရင်ခံခဲ့ကြပါတယ်။ ထိုင်းစစ်သား (၉) ဦးကို တရားစွဲဆိုထားခြင်း မရှိသော်လည်း သံသယရှိသူများအဖြစ် ထိုင်းရဲတပ်ဖွဲ့မှ ယူဆထားဆဲဖြစ်ကြောင်း သိရပါတယ်။
ထိုစစ်သားများရဲ့နာမည်များကို ရှင်းလင်းရန်အတွက် ထိုင်းစစ်ဘက်မှဗိုလ်ချုပ် Prayuth Chanocha မှ ခွင့်ပြုခဲ့ပြီး တရုတ်သဘောင်္သားများ သတ်ဖြတ်မှုတွင် ပတ်သက်ခြင်းမရှိကြောင်း ငြင်းဆိုခဲ့ပြန်ပါတယ်။ သို့သော်လည်း ၀န်ကြီး Chalerm Yubumrang က ထိုင်စစ်သားများက သင်္ဘောပေါ်တွင်ပစ်ခတ်ခဲ့ခြင်းကို ခိုင်မာသော သက်သေခံအထောက်အထားရှိသည်ဟု အလေးအနက်ပြောကြားခဲ့သည်။ ထိုင်းနိုင်ငံဘက်တွင် ထိုသတ်ဖြတ်မှုဖြစ်ပွားရန်နီးစပ်သော်လည်း ထိုသို့ပြောဆိုရန် အထောက်အထား အနည်းငယ်သာရှိတယ်လို့ ထပ်တလဲလဲ ပြောဆိုခဲ့ပါတယ်။
ထိုသတ်ဖြတ်မှုအားစုံစမ်းမေးမြန်းမှုမှာ ဦးဆောင်ခဲ့သူ နိုင်ငံရပ်ခြားအရေးကိစ္စကော်မတီ ပါလီမန်လွှတ်တော် ဥက္ကဌ Sunai Chulapongsathorn က သက်သေခံအထောက်အထားများအရ ထိုင်းလုံခြုံရေးတပ်ဖွဲ့မှ ပါဝင်ပတ်သက်ခဲ့တယ်လို့ ပြောကြားခဲ့ပါတယ်။ 
သင်္ဘောများအား တွေ့ရှိပြီးနောက် မကြာခင် တရုတ် "arm-twisting" အကြီးတန်းအရာရှိ ထိုင်းနိုင်ငံသို့ရောက်ရှိလာပြီး အရေးယူဆောင်ရွက်ပေးပါရန် တောင်းဆိုခဲ့ပါတယ်။မဲခေါင်မြစ်ရဲ့ ထိုင်းနိုင်ငံရေပိုင်နက်တလျှောက် ပူးပေါင်းဆောင်ရွက်ရန် တရုတ်အမြှောက်တင်သင်္ဘောငယ်အား ခွင့်ပြုပေးရန်အတွက် ကနဦးကမ်းလှမ်းချက်ကို ဗိုလ်ချုပ် Prayuth Chanocha က အတိအလင်းပယ်ချခဲ့သော်လည်း တစ်လအတွင်း မြစ်ကြောင်းတစ်လျှောက် ကင်းလှည့်အင်အားတိုးရန်အတွက် လေးနိုင်ငံသဘောတူညီခဲ့ကြပါတယ်။
 လွန်ခဲ့သောနှစ်များအတွင်း မဲခေါင်မြစ်တစ်လျှောက် ပြစ်ဒဏ်ကင်းလွတ်ကာလှုပ်ရှားနေခဲ့သူ စိုင်းနော်ခမ်းကို ဖမ်းဆီးခဲ့မှုနဲ့ပတ်သက်ပြီး တရုတ်ဖိအားရဲ့ သြဇာသက်ရောက်မှုကို ထင်ရှားစေခဲ့ပါတယ်။ တရုတ်ရေပိုင်နက်မှဝေးသော နေရာတွင် ရာဇ၀တ်မှုများကျူးလွန်ခဲ့သော်လည်း တရုတ်အတွင်း စစ်ဆေးရန် ကြိုးစားခဲ့သည့် အချက်အလက်သည် အခြားတစ်ဘက်အနေဖြင့် နယ်ပယ်အတွင်း တရုတ်နိုင်ငံ၏အသံသည် မည်မျှအားကောင်းသည်ကို ညွှန်ပြခြင်းဖြစ်ပါတယ်။
ရုံးတင်စစ်ဆေးဖို့အတွက်လည်း သက်သေခံရန် ထိုင်းရဲအရာရှိ ၁၀ဦးကို ထိုင်းအစိုးရက စေလွှတ်ခဲ့ပါတယ်။ တရုတ်အာဏာပိုင်များက နယ်စပ်ဒေသတစ်လျှောက် ဥပဒေအင်အားသက်ရောက်မှု၏ စံပြအဖြစ် ထိုအမှုအား မီးမောင်းထိုးခဲ့တာကို တွေ့မြင်ရပါတယ်။
တရုတ်အင်အားသည် ဥပဒေနှင့်မညီစွာ မကောင်းသတင်းကျော်စောသည့် မဲခေါင်ဒေသအပေါ် လိုက်နာရန်ပြဋ္ဌာန်းနိုင်သည်ဖြစ်စေ မဖြစ်စေ ၎င်းသည်ကွဲပြားခြားနားသော ကိစ္စတစ်ခုသာဖြစ်ပါတယ်။ ယခုနှစ်အတွင်းမှာလည်း တစ်ချို့သင်္ဘောများပေါ်မှာတိုက်ခိုက်မှုများ ဆက်လက်ဖြစ်ပွားခဲ့တယ်လို့ သတင်းရရှိပါတယ်။
စိုင်းနော်ခမ်း ရဲ့ ၀န်ခံချက်တစ်ချို့မှာ သူ့ကို လူသတ်မှုနဲ့ပတ်သက်၍ အထင်မှားပြီး ဖမ်းတယ်လို့ သူကိုယ်တိုင် သျှမ်းဘာသာနဲ့ ပြောတဲ့ ဗွီဒီယိုသတင်းမှာ ကြည့်ရပါတယ်။ သို့သော်လည်း သူ့ရဲ့ပြောစကားကို တရုတ်နိုင်ငံပိုင် မီဒီယာတစ်ခုဖြစ်တဲ့ CCTV က စိုင်းနော်ခမ်းအနေဖြင့် ထိုကိစ္စကို အစီအစဉ်ဆွဲခဲ့ပြီး မဲခေါင်မြစ်အတွင်း သတ်ဖြတ်ခဲ့တယ်လို့ မှားယွင်းစွာ ဘာသာပြန် ဖော်ပြထားတာကိုလည်း တွေ့ရပါတယ်။
ဗွီဒီယိုသတင်းနဲ့ပတ်သက်ပြီး စုစည်းတင်ပြထားတာကို အောက်မှ ကြည့်နိုင်ပါတယ်။


Photo: Google