နိုဝင်ဘာ(၁၈)ရက်နေ့ နံနက်(၉း၁၅)နာရီမှ နံနက်(၉း၄၅)နာရီထိ အ.ထ.က(တာချီလိတ်) ကျောင်းခန်းမမှာ တာချီလိတ်မြို့ရှိ ကြက်ခြေနီတပ်ဖွဲ့မှ ရှေးဦးပြုစုခြင်း အခြေခံပညာ(ကျောင်းကြက်ခြေနီ)အမှတ်စဉ် (၁/၂၀၁၂) သင်တန်းဆင်းပွဲအခမ်းအနားကို ပြုလုပ်ခဲ့ကြပါတယ်။
အဆိုပါအခမ်းအနားသို့ ခရိုင်အုပ်ချုပ်ရေးမှူး ဦးသောင်းတင်ထွေး နှင့် ခရိုင်ကျန်းမာရေးဦးစီးဌာနမှူး ဒေါက်တာစောလွင် အပါအ၀င် ဖိတ်ကြားထားသော ဌာနဆိုင်ရာ တာဝန်ရှိသူများ တက်ရောက်လာခဲ့ကြတာကို တွေ့ရပါတယ်။
ရှေးဦးပြုစုခြင်း အခြေခံပညာ(ကျောင်းကြက်ခြေနီ)သင်တန်းအဖြစ် ပို့ချခဲ့ကြသော ကျောင်းများကတော့ အ.ထ.က(တာချီလိတ်) နှင့် အ.ထ.က(ဆန်ဆိုင်း)တို့ ဖြစ်ကြပြီး အဆိုပါသင်တန်းအား တက်ရောက်သင်ကြားခဲ့သူများမှာ အ.ထ.က(တာချီလိတ်)မှ ကျောင်းသား/သူ စုစုပေါင်း (၁၁၃)ဦး နှင့် အ.ထ.က(ဆန်ဆိုင်း)မှ ကျောင်းသား/သူ စုစုပေါင်း(၄၆)ဦး ကျောင်း(၂)ကျောင်း၏ တက်ရောက်သင်ကြားသူ စုစုပေါင်းမှာ (၁၅၉)ဦးရှိကြောင်း သိရပါတယ်။
အခမ်းအနားတွင် ခရိုင်ကျန်းမာရေးဦးစီးဌာနမှူး ဒေါက်တာစောလွင် (ခရိုင်ကြက်ခြေနီအသင်းကြီးကြပ်မှုကော်မတီဥက္ကဌ) မှ အ.ထ.က(ဆန်ဆိုင်းကျောင်း)အတွက် သင်တန်းဆင်းလက်မှတ်များကို ပေးအပ်ပြီး ခရိုင်ရဲတပ်ဖွဲ့မှူး ဒု-ရဲမှူးကြီး နေမျိုးထွဋ် (ခရိုင်ကြက်ခြေနီတပ်ဖွဲ့မှူး)မှ အ.ထ.က(တာချီလိတ်ကျောင်း)အတွက် သင်တန်းဆင်းလက်မှတ်များ ပေးအပ်ခဲ့ကြပါတယ်။
ဆက်လက်ပြီး တာချီလိတ်ခရိုင်အမျိုးသမီးရေးရာ ဥက္ကဌ ဒေါ်နွေးနွေးလင်း နှင့် မြို့နယ် မိခင်နှင့်ကလေးစောင့်ရှောက်ရေး ဥက္ကဌ ဒေါ်ရွှေမိုးသူဇာ(ကိုယ်စား) တို့မှလည်း အဆိုပါ ကျောင်း(၂)ကျောင်းအား ရှေးဦးပြုစုခြင်း ဆေးသေတ္တာများကို လှူဒါန်းခဲ့ကြပါတယ်။
ယခုလို ကျောင်းကြက်ခြေနီသင်တန်းပို့ချရခြင်းမှာ ကြက်ခြေနီစိတ်ဓါတ်ကို အခြေခံပြီး အသိပညာ အလေ့အကျင့်များကို ကျောင်းသာ/သူအရွယ် သားငယ် သမီးငယ်တို့မှစ၍ ပြုစုပျိုးထောင်ပေးပြီး ၎င်းတို့မှအစပြု၍ ကလေးမှတဆင့်ကလေးသို့၊ ကလေးမှ တဆင့် မိဘဆွေမျိုးများ၊ ပြည်သူလူထုအတွင်းသို့ စသည်ဖြင့် ဆင့်ပွားပြန့်နှံ့စိမ့်ဝင်သွားစေရန်အတွက် မျှော်မှန်းဆောင်ရွက်တာဖြစ်ကြောင်း သိရပါတယ်။
မှတ်တမ်းဓါတ်ပုံများကို ကြည့်ရန်