နိုဝင်ဘာ(၂၇)ရက်နေ့ နံနက်(၁၀)နာရီက တာချီလိတ်မြို့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်မှ ပုန်းထွန်ရပ်/ကျေး ညီလာခံနှင့် အလုပ်အမှုဆောင်ရွေးချယ်ခြင်း အခမ်းအနားကို မကာဟိုခမ်းရပ်ကွက်ရှိ ၎င်းတို့၏ အဖွဲ့ချုပ်ရုံးမှာ ပြုလုပ်ခဲ့ကြပါတယ်။
ရပ်/ကျေး ညီလာခံနှင့် အလုပ်အမှုဆောင်ရွေးချယ်ခြင်း အခမ်းအနားမှာ ပုန်းထွန်ရပ်ကွက်ရှိ အဖွဲ့ချုပ်အဖွဲ့ဝင်များထဲမှ (၆၅)ဦး တက်ရောက်လာခဲ့ကြပြီး (၆၄)ဦးက အလုပ်အမှုဆောင်ရွေးချယ်ရန်အတွက် မဲထည့်ခဲ့ကြတာကို တွေ့ရှိရပါတယ်။
အလုပ်အမှုဆောင်ရွေးချယ်ရန်အတွက် ပါဝင်ရွေးချယ်ခံ (၁၄)ဦးထဲမှ (၁၁)ဦးကို ရွေးချယ်ခဲ့ကြပြီး ရွေးချယ်ထားသော(၁၁)ဦးထဲမှ ဥက္ကဌအဖြစ် ဦးကျော်ဆွေ၊ ဒု-ဥက္ကဌအဖြစ် ဒေါ်အေးအေးချို၊ အတွင်းရေးမှူးအဖြစ် ဦးဟန်စိုး နှင့် ဘဏ္ဍာရေးမှူးအဖြစ် ဒေါ်နန်းချောလွင် တို့မှ တာဝန်ယူခဲ့ကြပါတယ်။
ပြီးခဲ့သော နိုဝင်ဘာ(၂၅)ရက်နေ့ကလည်း မိုင်းကိုးကျေးရွာအုပ်စုရှိ ရန်ရှင်း(၃)မှာ ရပ်/ကျေး ညီလာခံနှင့် အလုပ်အမှုဆောင်ရွေးချယ်ခြင်း အခမ်းအနားကို ပြုလုပ်ခဲ့ကြောင်း သိရှိရပါတယ်။
အဆိုပါ ရွေးချယ်ခြင်းအခမ်းအနားမှာ မိုင်းကိုးကျေးရွာအုပ်စုရှိ အဖွဲ့ချုပ်အဖွဲ့ဝင်(၃၀၀)ကျော် တက်ရောက်ခဲ့ကြပြီး အလုပ်အမှုဆောင်အဖြစ် ရွေးချယ်ခံ(၁၈)ဦးမှ (၁၁)ဦးကို အလုပ်အမှုဆောင်များအဖြစ် သတ်မှတ်ရွေးချယ်ခဲ့ကြကြောင်း သိရှိရပါတယ်။ အလုပ်အမှုဆောင်အဖြစ် ရွေးချယ်ထားသော (၁၁)ဦးထဲမှ ဥက္ကဌအဖြစ် ဦးကျာရင်၊ ဒု-ဥက္ကဌအဖြစ် ဦးအားမူ၊ အတွင်းရေးမှူးအဖြစ် ဒေါ်အားဒေါ့ နှင့် ဘဏ္ဍာရေးမှူးအဖြစ် ဦးထွန်းနိုင် တို့က တာဝန်ယူလျှက်ရှိကြောင်း သိရပါတယ်။
ဆက်လက်၍ တာချီလိတ်မြို့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်သည် နိုဝင်ဘာ(၂၈)ရက်နေ့မှ နိုဝင်ဘာ(၃၀)ရက်နေ့ထိ တာလေမြို့နယ်ခွဲဘက်တွင်လည်း ရပ်/ကျေး ညီလာခံနှင့် အလုပ်အမှုဆောင်ရွေးချယ်ခြင်း အခမ်းအနားများ ပြုလုပ်ဖို့ရန်ရှိကြောင်း သိရှိရပါတယ်။