တာချီလိတ်မြို့၌ မြန်မာ-ထိုင်း မြို့နယ်အဆင့် နယ်ခြားကော်မတီအစည်းအဝေးပြုလုပ်ရာ တာချီလိတ် ပြည်သူ လူထု၏ အထူးလိုအပ်ချက်များ ပါဝင်

တာချီလိတ်မြို့၌ မြန်မာ-ထိုင်း မြို့နယ်အဆင့် နယ်ခြားကော်မတီအစည်းအဝေးပြုလုပ်ရာ တာချီလိတ် ပြည်သူ လူထု၏ အထူးလိုအပ်ချက်များ ပါဝင်
ဒီဇင်ဘာ 4, 2012
By Tachileik News Agency

(၇၃)ကြိမ်မြောက် မြန်မာ-ထိုင်း မြို့နယ်အဆင့် နယ်ခြားကော်မတီအစည်းအဝေးကို နိုဝင်ဘာ(၃၀)ရက်နေ့ နံနက် (၉း၃၀)မှ နံနက်(၁၀း၄၅)နာရီထိ တာချီလိတ်မြို့ရှိ ရီဂျီနား ဟိုတယ်မှာ ပြုလုပ်ခဲ့ကြောင်း သိရှိရပါတယ်။

အဆိုပါအစည်းအဝေးမှာ ထိုင်းနိုင်ငံ မြို့နယ်အဆင့် နယ်ခြားကော်မတီ ဥက္ကဌ  အမှတ်(၃)လှုပ်ရှားယန္တရားတပ်မှ ဗျူဟာမှူး ဗိုလ်မှူးကြီး ထနတ်ဖုံးကိုးဆိုင်စေ၀ီး ဦးဆောင်သော အဖွဲ့ဝင်များ နှင့် မြန်မာဘက်မှ  စစ်ဗျူဟာအဖွဲ့(အခြေချ) စစ်ဗျူဟာမှူး ဗိုလ်မှူးကြီး ကျော်အောင် အပါအ၀င် မြို့နယ်အဆင့် နယ်ခြားကော်မတီ ဥက္ကဌ  အမှတ်(၃၃၁) ခြေမြန်တပ်ရင်းမှ ခေတ္တ တပ်ရင်းမှူး ဗိုလ်မှူး ထွန်းမင်းအောင် ဦးဆောင်သောအဖွဲ့ဝင်များ တက်ရောက်ခဲ့ကြပြီး မြန်မာ-ထိုင်း နှစ်နိုင်ငံအတွင်းရှိ နယ်စပ်ရေးရာ ဆောင်ရွက်ရန်လိုအပ်ချက်များကို အပြန်အလည် ဆွေးနွေးတင်ပြခဲ့ကြပါတယ်။

 မြန်မာဘက်မှ ဆွေးနွေးတင်ပြချက်များအနက် ကောက်နှုတ်ဖော်ပြရာမှာ ထိုင်းနိုင်ငံအတွင်း သွားရောက်လည်ပတ်သူ လုပ်ငန်းဆောင်ရွက်သူများအား လူဝင်မှုကြီးကြပ်ရေးနှင့် အမျိုးသားမှတ်ပုံတင်ရေးဦးစီးဌာန၏ နယ်စပ်ဖြတ်သန်းခွင့် လက်မှတ်နှင့် ထိုင်းနိုင်ငံ ချင်းရိုင်းမြို့အထိ (၁၃)ညအိပ် (၁၄)ရက်ခရီး သွားရောက်ခွင့် ရရှိရေး ကိစ္စ၊ နေ့စဉ် ၀င်/ထွက်သွားလာနေသူများအား တစ်ခါတစ်ရံတွင် ထိုင်းနိုင်ငံဘက်မှ အကာအကွယ်မဲ့စွာ လူမြင်ကွင်းတွင် ဆီးသွားခိုင်း၍ ဆီးစစ်ဆေး ဆောင်ရွက်ခြင်းများမှာ အများအမြင်တွင် မသင့်လျော်သည့်အပြင် အရှက်အကြောက်တရားကို ထိခိုက်စေနိုင်သော ဆောင်ရွက်ချက်ဖြစ်သဖြင့် လိုအပ်သလို စဉ်းစားဆောင်ရွက်နိုင်ရေးကိစ္စ နှင့် မြန်မာနိုင်ငံဘက်မှ လိုင်စင်ရှိ မော်တော်ယာဉ်/ဆိုင်ကယ်များ လုပ်ငန်းကိစ္စဖြင့် ထိုင်းနိုင်ငံအတွင်း ၀င်/ထွက်သွားလာလျှက်ရှိရာ အမှတ်(၁)တံတား၌ ထိုင်းနိုင်ငံ အကောက်ခွန်ဦးစီးဌာနတွင် မှတ်ပုံတင်၍ စတေကာရယူ၍ လစဉ်အခွန်ငွေ ပေးဆောင်နေရခြင်းကိစ္စ စသည့် ကိစ္စအရပ်ရပ်များကို ဆွေးနွေးတင်ပြခဲ့ကြောင်း သိရှိရပါတယ်။

ဆက်လက်၍ ထိုင်းဘက်မှ ပြန်လည် ဆွေးနွေးတင်ပြချက်များအနက် ကောက်နှုတ်ဖော်ပြရာမှာ နှစ်စဉ် ဒီဇင်ဘာလနှင့် ဧပြီလများတွင် ချင်းမိုင်ခရိုင်နှင့် ချင်းရိုင်းခရိုင်များအပြင် မြန်မာနိုင်ငံဘက်ရှိ နယ်စပ်ဒေသတစ်လျှောက်တွင် မီးခိုးမှိုင်းများနှင့် ဖုန်မှုန့်များကြောင့် လေထုညစ်ညမ်းမှုဖြစ်ပြီး နှစ်နိုင်ငံ အများပြည်သူတို့၏ ကျန်းမာရေးထိခိုက်စေရုံသာမက သွားလာလှုပ်ရှားမှုများတွင် အမြင်အာရုံကို ထိပါးစေခဲ့ကြောင်း သို့ပါ၍ အလားတူဖြစ်စဉ်မျိုး ထပ်မံမဖြစ်ပေါ်စေရေးအတွက် ချင်းရိုင်းခရိုင်နှင့် ချင်းမိုင်ခရိုင်တို့အပြင် ၎င်းနယ်မြေနှင့် မျက်နှာချင်းဆိုင်ရှိ မြန်မာနိုင်ငံဘက် နယ်စပ်ဒေသတစ်လျှောက် နေထိုင်ကြသူများအား တောမီးမရှို့စေရေးနှင့် တောမီးရှို့မှုတားဆီးရေး စောင့်ကြည့်အဖွဲ့ ဖွဲ့စည်းတာဝန်ပေးသွားရေး၊ ကျယ်ပြန့်စွာ ပညာပေးဆော်သြပေးနိုင်ပါရန် မြန်မာဘက်သို့ ညှိနှိုင်းမေတ္တာရပ်ခံအပ်ပါကြောင်း ဆွေးနွေးတင်ပြသွားပါတယ်။

ဆက်လက်ပြီး တင်ပြရာမှာ နှစ်နိုင်ငံနယ်စပ်ကုန်သွယ်ရေး ခရီးသွားလာရေးနှင့် အပြန်အလှန်ဆက်ဆံရေး ပိုမိုတိုးတက်ကောင်းမွန်စေရေး အထောက်အကူဖြစ်စေရန်နှင့် ၂၀၁၅ခုနှစ် အာဆီယံ လူ့အဖွဲ့အစည်းသို့ ၀င်ရောက်ရေးကြိုတင်ပြင်ဆင်သည့် ရည်ရွယ်ချက်ဖြင့် ချစ်ကြည်ရေးတံတားဖွင့်လှစ်ချိန် တိုးမြှင့်၍ နယ်မြေ(၂)ခု နှစ်ဟောင်းနှုတ်ဆက် နှစ်သစ်ကြိုဆိုပွဲ ကျင်းပမည်ဖြစ်ကြောင်း သို့ပါ၍ အဆိုပါ ပွဲတော်ကာလအတွင်း လာရောက်လည်ပတ်ကြမည့် ခရီးသွားဧည့်သည်များ အန္တရာယ်ကင်း အဆင်ပြေချောမွေ့မှုရရှိစေရေးအတွက် လိုအပ်သလို ကူညီဆောင်ရွက်ပေးပါရန်နှင့် ခရီးသွားဧည့်သည်များ အယောင်ဆောင်ဝင်ရောက်လာပြီး ပုံသဏ္ဍာန်အမျိုးမျိုးဖြင့် ပြစ်မှုကျူးလွန်နိုင်ဖွယ်ရှိသဖြင့် လိုအပ်သလို စီမံချက်ချမှတ်စစ်ဆေးဆောင်ရွက်ပေးပါရန် စသည်ဖြင့် ဆွေးနွေးခဲ့ကြကြောင်း သိရှိရပါတယ်။

နှစ်နိုင်ငံ အပြန်အလှန်ဆွေးနွေးတင်ချက်များမှာ ပြည်သူများအတွက် တကယ့်လိုအပ်ချက်များ ဖြစ်နေသည့်အပြင် မြန်မာဘက်မှတင်ပြသော အချက်အလက်များမှာလည်း တာချီလိတ်နေ ပြည်သူ လူထုများအတွက် အထူးလိုအပ်ဆုံးသော ကိစ္စရပ်များဖြစ်ပါတယ်။