မြန်မာနိုင်ငံတွင် ပထမဆုံးပြသခဲ့သော သိပ္ပံရုပ်ရှင်ပွဲတော်(၂၀၁၂)

မြန်မာနိုင်ငံတွင် ပထမဆုံးပြသခဲ့သော သိပ္ပံရုပ်ရှင်ပွဲတော်(၂၀၁၂)
ဒီဇင်ဘာ 12, 2012
By Tachileik News Agency

ကျွန်တော်သည် (၂.၁၂.၂၀၁၂)တွင် ရန်ကုန်မြို့ ပြည်လမ်းရှိ ပြင်သစ်သံရုံးတွင်ပြသခဲ့သည့် မြန်မာနိုင်ငံတွင် ပထမဆုံးပြသခဲ့သော သိပ္ပံရုပ်ရှင်ပွဲတော်(၂၀၁၂)ကိုသမီးငယ်၊ တူငယ်တို့နှင့်အတူ ရောက်ရှိလေ့လာခွင့်ရရှိခဲ့ပါသည်။ တက်သစ်စမျိုးဆက်သစ်လူငယ်များ အတွက် အလွန်အရေးပါပြီး သိသင့်သော သိပ္ပံအခြေခံများကို ထိရောက်အောင်ပြသခဲ့ကြောင်း သိရှိခဲ့ရပါသည်။ တက်သစ်စလူငယ်များအတွက်ဆိုသော်လည်း သာမာန်လူကြီးပညာတတ်တစ်ဦးပင်မသိနိုင်သေးသော အနာဂတ်ကမ္ဘာ နှင့်မြန်မာကို ပိုမိုတိုးတက်စေမည့် သိပ္ပံအသိအမြင်များကို ရရှိစေပါသည်။

    တင်ပြရသော်    ရုပ်ရှင်ကားတိုလေးများကို    ပြသပြီး   လက်တွေ့ဆောင်ရွက်စေခြင်း၊ တီထွင်ပြုလုပ်စေခြင်း၊ ပြသခြင်း တို့ဖြင့်ဆောင်ရွက်စေခြင်းဖြစ်သည်။ ရုပ်ရှင်ကားတိုတစ်ခုကို တင်ပြရလျှင် ထရစ်ဘောက်စ်-၀စ်ကီ သရီးဒီ (TRICKBOXX-Wickie 3D) ရုပ်ရှင်ကားကိုပြသပြီးကလေးများကို သရီးဒီ ရုပ်ရှင် ဖန်တီးမှု လက်တွေ့ဖြင့် အရောင် အပြာနှင့်အနီပါ မျက်မှန်များပြုလုပ်စေခြင်း၊ သရီးဒီ ရုပ်ပုံများကို လက်တွေ့ရေးဆွဲစေပြီး ကလေးများကိုယ်တိုင် တီထွင်ပြုလုပ်ထားသော မျက်မှန်များဖြင့်ကြည့်စေခြင်းဖြင့် ကလေးများသည် သရီးဒီ၏ သဘောသဘာဝကို နားလည်သွားရုံပင်မက လက်တွေ့တီထွင်တတ်သွားသဖြင့် အနာဂတ်မြန်မာနိုင်ငံ၏ တီထွင်ပါရဂူလေးများ ဖြစ်ပေါ်လာစေရေး၏ နိဒါန်းအစပျိုးပေးလိုက်ခြင်းပင်ဖြစ်ပါသည်။

သရီးဒီရုပ်ရှင်ဆိုသည်မှာ ကျွန်တော်တို့ မြန်မာနိုင်ငံတွင် မကြာမြင့်သော နှစ်ပိုင်းကလေးများကပင် စတင်ပေါ်ပေါက်လာပြီး အရသာကိုစတင်ခံစားရုံသာရှိသေးချိန်တွင် ကလေးများကို ခုလိုသိပ္ပံသဘောတရားများရရှိသွားစေခြင်းမှာ မိဘတစ်ဦးဖြစ်သော၊ ဆရာတစ်ဦးဖြစ်သော ကျွန်တော့်ရင်ထဲတွင် မြန်မာကလေးငယ်များအားလုံးကို အသိပေးလိုစိတ်များပေါ်ပေါက်လာသဖြင့် ဤဆောင်းပါးငယ်ကိုရေးသားရခြင်းဖြစ်ပါသည်။

      ယခုကဲ့သို့ ခံစားမိခြင်းများအား အနည်းဆုံးတာချီလိတ်မှ ပညာတတ်လူထုနှင့် မိဘပြည်သူများမှတစ်ဆင့် အဆင့်မြင့်နည်းပညာများကို ကလေးငယ်များထံ ရရှိခံစားတတ်သိလာရေး အတွက် အစီအစဉ်တစ်ခုခုပြုလုပ်လာနိုင်ရေးအတွက် လှုံဆော်ခြင်းလည်းဖြစ်ပါသည်။ ကျွန်တော့်အနေဖြင့်လည်း တတ်စွမ်းသမျှ ကြိုးစားဆောင်ရွက်သွားမည်ဖြစ်ပါသည်။ မည်သို့မျှ အဆင်မပြေသေးသော် ကျွန်တော်တာဝန်ယူထားရသော နယ်မြေတစ်ခု အတွင်းစတင် ကြိုးစားမည်ဖြစ်ပါသည်။

    ထပ်မံ၍ ဥပမာရုပ်ရှင်ကားတစ်ခုကိုတင်ပြရသော် LIGHT HOUSE မီးပြတိုက် ရုပ်ရှင်ကားတွင် အလင်းကိုပုံစံအမျိုးမျိုးဖြင့်  အချက်ပြရာတွင် သမိုင်းကြောင်းနှင့်တကွ ပြသခဲ့ခြင်းဖြစ်ပါသည်။ ၄င်းရုပ်ရှင်ကား ပြသပြီးနောက် အလင်းသည်အဖြောင့်တိုင်းသွားသည်ချဉ်း မဟုတ်ဘဲ ကောက်၍လည်း
သွားကြောင်းကို ရေသန့်ဗူးတွင် အပေါက်ငယ်တစ်ခု ဖောက်ပြီး ၎င်းအပေါက်ငယ်ကို အနီရောင် စပေါ့လိုက်ကိုထိုးပြပြီး ရေကျသည့်လမ်းကြောင်းတွင် အလင်းသွားကြောင်း လက်တွေ့ကိုင်တွယ် ပြုလုပ်စေခြင်းဖြစ်ပါသည်။ ယခုကျွန်တော်စာဖြင့်ရေးသည်ကို နားမလည်ပါက ခွင့်လွှတ်ပါရန် တင်ပြပါသည်။ ၄င်းနေရာတွင်ရှိသော ကလေးများအားလုံးမှာမူ ရှင်းလင်းစွာ သိရှိနားလည်သဘောပေါက်သွားကြသည်။ အနာဂတ်သိပ္ပံပညာရှင်များ ဖြစ်သွားရန် အစပျိုး
မှုပင်ဖြစ်ပါသည်။

    အထက်ဖေါ်ပြပါ ဥပမာများကဲ့သို့ ရုပ်ရှင်ကားတိုများကိုပြသပြီး အသက်အရွယ်အလိုက်ခွဲခြား၍လည်း လုပ်ဆောင်စေခြင်းများရှိပါသည်။ မနက်ပိုင်း၉နာရီ  မှ ညနေပိုင်း ၃နာရီ ခွဲအထိ ပြသခဲ့ပါသည်။ ပြခန်းအနေအထား အကျယ်အ၀န်းနှင့် တက်ရောက်မှုကို လေ့လာသုံးသပ်ကြည့်ပါက (၁၀)ရက် ပြသခဲ့သော်လည်း ရန်ကုန်မြို့ရှိ လူငယ်အရေအတွက်၏ကိုပင် ပြသနိုင်မည့်အခြေအနေမရှိပါ။ အလွန်ဆုံးလူငယ် ထောင်ဂဏန်းသည်အများဆုံးပင်ဖြစ်ပါလိမ့်မည်။ သိပ္ပံပညာကို စိတ်ဝင်စားသူ မိဘများ နည်းပါသေးသည်ကို ခံစားမိပါသည်။

ကျွန်တော်တို့ မြန်မာနိုင်ငံရှိလူငယ်များ အနာဂတ်သိပ္ပံပညာရှင်ကြီးများဖြစ်ပေါ်လာစေရေးအတွက် ယခုကဲ့သို့ပညာပေးခြင်းများကို ကျောင်းစာသင်ခန်း များအထိ ထိရောက်အောင်မြင်လာစေရေး၊ ပြပွဲပြိုင်ပွဲများ ဖြစ်ပေါ်လာစေရေးအတွက် ရည်သန်ပြီးတင်ပြရခြင်းဖြစ်ပါသည်။ ၎င်းပြပွဲကို (၁.၁၂.၁၂)မှ(၁၀.၁၂.၁၂)အထိ ရန်ကုန်မြို့တွင် ပြသခဲ့ခြင်းဖြစ်ပါသည်။

  

အချက်အလက်အချို့ကိုသိရှိစေရန်အတွက်  ၄င်းပြပွဲမှ လက်ကမ်းစာစောင်ပါ အချက်တချို့အား ပူးတွဲ တင်ပြရင်း မြန်မာမှသိပ္ပံပညာရှင်ကြီးများ ပေါ်ပေါက်လာစေရေး ရည်မှန်းသည့် ဤဆောင်းပါးအား နိဂုံးချုပ်အပ်ပါသည်။

ဆောင်းပါးရှင်။   ။ မြတ်မျိုးမြင့်မာန်

ပုံများကို ကြည့်ရန်