၂၀၁၃ခုနှစ် ဇန်န၀ါရီလ(၇)ရက်နေ့ကထုတ်တဲ့ မြန်မာအလင်းသတင်းစာ၏ သတင်းစာမျက်နှာ(၁၀)မှာ ပါရှိသော "တာချီလိတ်၌ ဆိုင်ကယ်အငှားလုပ်ငန်းဥပဒေ၊ နည်းဥပဒေများအား လိုက်နာရန် အသိပေး"ဆိုသည့် သတင်းနှင့်ပတ်သက်၍ အငှားဆိုင်ကယ်ပြေးဆွဲသူများမှာ မကျေမနပ်ဖြစ်နေကြကြောင်း သိရှိရပါတယ်။
မြန်မာ့အလင်းသတင်းစာတွင် ဖော်ပြထားသော သတင်းအချက်အလက်များကို ပြန်လည်၍ ဖော်ပြလိုက်ပါတယ်။
"၁၉၆၄ခုနှစ် မောင်တော်ယာဉ်ဥပဒေ၊ ၁၉၈၉ခုနှစ် မော်တော်ယာဉ်နည်း ဥပဒေ၊ပို့ဆောင်ဆက်သွယ်ရေး ၀န်ကြီးဌာန၏ အမိန့်ကြော်ငြာစာအမှတ် ၁/၈၉၊ မော်တော်ယာဉ်နည်းဥပဒေများ အခန်း(၂) အပိုဒ်(ဇ)အရ မော်တော်ဆိုင်ကယ်ကို ကိုယ်ပိုင်ယာဉ်အဖြစ်သာ အသုံးပြုခွင့်ရှိပြီး အငှားယာဉ်အဖြစ် အသုံးပြုခွင့်မရှိကြောင်း၊ ဥပဒေမှ အတိအလင်းဖော်ပြထားသော်လည်း အချို့သောမြို့ရွာများတွင် မော်တော်ဆိုင်ကယ်တက္ကစီများအဖြစ် အသင်းအဖွဲ့များ၊ ပုဂ္ဂလိကများက ပြေးဆွဲလျက်ရှိရာ မလိုလားအပ်သော နောက်ဆက်တွဲ ပြဿနာများမဖြစ်ပွားစေရေးအတွက် ရှမ်းပြည်နယ်(အရှေ့ပိုင်း) တာချီလိတ်ခရိုင်အတွင်း အငှားမော်တော်ဆိုင်ကယ်အသင်းများ ဖွဲ့စည်းခွင့်မပြုကြောင်း ရှမ်းပြည်နယ်အစိုးရအဖွဲ့မှ ၂၀၁၂ခုနှစ် စက်တင်ဘာ(၁၀)ရက်နေ့ ရက်စွဲဖြင့် ထုတ်ပြန်ကြေညာခဲ့သည်။
သို့ရာတွင် အချို့သော ပုဂ္ဂိုလ်များမှာ ကြေညာချက်များအား လိုက်နာခြင်းမရှိဘဲ လူမှုကူညီရေးအသင်း အမည်ခံကာ မော်တော်ဆိုင်ကယ်အငှားလုပ်ငန်းအား ပြောင်ပြောင်တင်းတင်း ဆောင်ရွက်နေသည့်အတွက် တာချီလိတ်ခရိုင် အုပ်ချုပ်ရေးမှူး ဦးသောင်းတင်ထွေး၊ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးရဲထူးနှင့် တာဝန်ရှိသူများက ဇန်န၀ါရီ(၃)ရက်တွင် တာချီလိတ်ခရိုင်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံး၌ သက်ဆိုင်သူများအား ခေါ်ယူတွေ့ဆုံကာ နိုင်ငံတော်မှ ထုတ်ပြန်ထားသော ဥပဒေ၊ နည်းဥပဒေများအား ရိုသေလေးစားရေး၊ ပြည်နယ်အစိုးရ၏ ကြေညာချက်အား လိုက်နာဆောင်ရွက်ရေးတို့အတွက် အသိပေးပြောကြားခဲ့သည်။ (၀၆၀)
တာချီလိတ်မြို့ရှိ အငှားဆိုင်ကယ်ပြေးဆွဲနေကြသူများ၊ မိုင်းဖြတ်မြို့ နှင့် ကျိုင်းတုံမြို့ အပါအ၀င် အငှားဆိုင်ကယ်များ ပြေးဆွဲလျက်ရှိသော မြို့များမှ အငှားဆိုင်ကယ်ပြေးဆွဲသူများမှာ အငှားဆိုင်ကယ်ကို ပြေးဆွဲလာခဲ့သည်မှာ အတော်ကြာခဲ့ပြီဖြစ်ပြီး ယခုမှ အငှားယာဉ်အဖြစ် အသုံးပြုခွင့်မရှိကြောင်းဆိုသည့် ဥပဒေကို သတင်းစာတွင် ဖော်ပြသည့်အတွက် မကျေမနပ်ဖြစ်နေကြသည့်အပြင် ထိုသတင်းပါသော နောက်တစ်ရက်တွင် တာချီလိတ်မြို့ရှိ လေဆိပ်၌ ပြေးဆွဲလျက်ရှိသော အငှားဆိုင်ကယ်ပြေးဆွဲသူများနှင့် အငှားကားပြေးဆွဲသူများသည် ထိုသတင်းကြောင့် ပဋိပက္ခအနည်းအငယ်ဖြစ်ပွားခဲ့ကြောင်း သိရှိရပါတယ်။ ၎င်းတို့အနေဖြင့် အငှားဆိုင်ကယ်ပြေးဆွဲသော ဂိတ်အား ဖယ်ပေးရမလို ရွေ့ပေးရမလိုလိုစသည်ဖြင့် မတင်မကျဖြစ်ခဲ့ကြကြောင်း သိရပါတယ်။
မြန်မာ့အလင်းသတင်းစာတွင်ပါသော သတင်းသည် သတင်းပေးပို့သူအနေဖြင့် တာချီလိတ်မြို့ကို ရည်ညွှန်း၍ ရေးသားဟန်ရှိသော်လည်း တကယ်တန်းတွင် မြန်မာပြည်တစ်ပြည်လုံးရှိ အငှားဆိုင်ကယ် ပြေးဆွဲသူများအပေါ် ဆိုးကျိုးသက်ရောက်မှုရှိနိုင်ပြီး မန္တလေး၊ မကွေး၊ မှော်ဘီ၊ လှည်းကူး၊ မင်္ဂလာဒုံ ရှိ
အငှားဆိုင်ကယ်ပြေးဆွဲသူများမှာလည်း ထိုသတင်းပါအချက်အလုပ်ကြောင့် ဆိုးရိမ်မှုများရှိနေကြကြောင်းကို ကြားသိရပါတယ်။ ပြီးခဲ့သောရက်ပိုင်းက ရန်ကုန်မြို့ရှိ အဝေးပြေးကားကြီးကွင်းတစ်ခုဖြစ်သော အောင်မင်္ဂလာအဝေးပြေးကားကြီးကွင်းတွင်လည်း အငှားကားပြေးဆွဲသူများနှင့် အငှားဆိုင်ကယ်ပြေးဆွဲသူတို့သည် ခရီးသည်လုရာမှ စကားအနည်းအငယ်များခဲ့ရာ အငှားကားပြေးဆွဲသူမှ “မင်းတို့ ဆိုင်ကယ်ကယ်ရီသမားတွေ ပြေးဆွဲခွင့်မရှိဘူးဆိုတာ မသိဘူးလား သတင်းစာမဖတ်ဘူးလား”ဟု ပြောဆိုကာ စကားများခဲ့ကြောင်း ကြားသိရပါတယ်။
ယခင်က "တာချီလိတ်ဆိုင်ကယ်အသင်း"အမည်ဖြင့် ပြေးဆွဲခဲ့ရာမှာ အငှားဆိုင်ကယ်ပြေးဆွဲသူများထံ လစဉ်ကြေးအဖြစ် (၁၅၀)ဘတ်ကို ကောက်ခံပြီး လစဉ်ပုံမှန် သက်ဆိုင်ရာ လူမှုရေးအသင်းအဖွဲ့များ နှင့် ပုဂ္ဂလိကစီးပွားရှင်များသာ အကျိုးခံစားခွင့်ရကြပြီး အငှားဆိုင်ကယ်ပြေးဆွဲသူများမှာ ၎င်းတို့အနေဖြင့် လစဉ် (၁၅၀)ဘတ်ကို ပေးနေရပြီး အကျိုးရလဒ်မရှိသဖြင့် "တာချီလိတ်ဆိုင်ကယ်အသင်း"နှင့်ပတ်သက်၍ အငှားဆိုင်ကယ်ပြေးဆွဲသူ တစ်ချို့မှ ရှမ်းပြည်နယ် အစိုးရအဖွဲ့ သို့တိုင်ကြားချက်ကြောင့် "တာချီလိတ်ဆိုင်ကယ်အသင်း"အား ရုပ်သိမ်းသွားခြင်းဖြစ်ပါတယ်။
ထို့ကဲ့သို့ ရုပ်သိမ်းသွားခြင်းသည် အခြေခံလူတန်းစားတစ်ရပ်ဖြစ်သော တာချီလိတ်မြို့ရှိ အငှားဆိုင်ကယ်ပြေးဆွဲသူ (၉၂၀)၏ မိသားစု စားဝတ်နေရေးတွက်အခက်အခဲမဖြစ်စေရန်ရည်ရွယ်ကာ အသင်း၏ ဥက္ကဌ ဖြစ်သူ ဦးဘိုစံနှင့် အသင်း၏တာဝန်ရှိသူများက ညှိနှိုင်းခဲ့ကြပြီး "လူမှုကူညီရေးအသင်း၊ တာချီလိတ်"အမည်ဖြင့် ဖွဲ့စည်းခွင့်ပြုနိုင်ရန်အတွက် ရှမ်းပြည်နယ်အစိုးရအဖွဲ့ ၀န်ကြီးချုပ်ထံ သွားရောက်ပြီး တင်ပြခဲ့ရာ ပြည်နယ်ဝန်ကြီးချုပ်မှ အငှား Taxi ဆိုသည့် စာတမ်းမထည့်ဘဲ တူညီသည့် ၀တ်စကုတ်များဖြင့် ၀တ်ဆင်၍ လုပ်ကိုင်ဆောင်ရွက်လျှင် အဆင်ပြေမည်ဖြစ်ကြောင်း၊ ဒေသအုပ်ချုပ်ရေးအဖွဲ့နှင့် ညှိနှိုင်းဆောင်ရွက်ပြီး တရားဝင်မှတ်ပုံတင်ရရှိရေးကို အမြန်ဆုံးဆောင်ရွက်ရန်နှင့် "လူမှုကူညီရေးအသင်း၊ တာချီလိတ်" အမည်ဖြင့် လုပ်ငန်းများကိုလည်း ပါဝင်ဆောင်ရွက်ရန်အတွက် မှာကြားခဲ့ကြောင်း သိရှိရပါတယ်။
မြန်မာ့အလင်းသတင်းစာတွင်ပါရှိသော "အချို့သော ပုဂ္ဂိုလ်များမှာ ကြေညာချက်များအား လိုက်နာခြင်းမရှိဘဲ လူမှုကူညီရေးအသင်းအမည်ခံကာ မော်တော်ဆိုင်ကယ်အငှားလုပ်ငန်းအား ပြောင်ပြောင်တင်းတင်းဆောင်ရွက်နေသည့်အတွက် "ဆိုသည့် သတင်းပေးပို့သူ၏ ရေးသားဖော်ပြချက်ကြောင့် အငှားဆိုင်ကယ်ပြေးဆွဲသူများမှာ မကျေမနပ်ဖြစ်နေကြပါတယ်။ ထို့သို့ မကျေမနပ်ဖြစ်ရခြင်းမှာ ၎င်းတို့၏ အလုပ်အကိုင်လျော့ပါးသွားမည့်အပြင် မိသားစုဝမ်းစာအတွက် ဆိုးရိမ်မှုများကြောင့်ဖြစ်ကြောင်းသိရပါတယ်။ မြန်မာ့အလင်းသတင်းစာတွင်ပါရှိသော သတင်းသည် မြန်မာနိုင်ငံ တစ်ဝန်းလုံးရှိ အငှားဆိုင်ကယ်ပြေးဆွဲသူများအတွက် လှုပ်ခတ်သွားစေသော သတင်းဖြစ်စေခဲ့ပါတယ်။