တာချီလိတ်မြို့ မကာဟိုခမ်းရပ်ကွက်အတွင်း မေဖလားဝါးကွင်းထဲရှိ ဟုတ်တက် ဗုဒ္ဓဘာသာဘုရားကျောင်း မှာ လူမှုကူညီရေးအသင်း၊တာချီလိတ်၏ နာယက/ကော်မတီဝင်များနှင့် အသင်းသားများ သင်းလုံးကျွတ်ဆန္ဒခံယူပွဲကို ၂၀၁၃ခုနှစ် ဖေဖော်ဝါရီ(၃)ရက်နေ့ မွန်းလွှဲ(၁)နာရီမှာ ပြုလုပ်ခဲ့တာဖြစ်ပါတယ်။
အဆိုပါ အခမ်းအနားသို့ အငှားဆိုင်ကယ်ပြေးဆွဲသူ (၉၂၀)ဦး အနက် (၆၉၆)ဦး တက်ရောက်လာခဲ့ကြပြီး ပွင့်လင်းမြင်သာစွာ အပြန်အလှန်ဆွေးနွေးခဲ့ကြတာကို တွေ့ရပါတယ်။ ၎င်းတို့ အပြန်အလှန် ဆွေးနွေးတင်ပြရာမှာ "လူမှုကူညီရေးအသင်း တာချီလိတ်" အမည်ဖြင့် အငှားဆိုင်ကယ်ကိစ္စ၊ အသင်း၏ဖွဲ့စည်းပုံ၊ စည်းကမ်းချက်များ၊ ရှေ့ဆက်မည့် လုပ်ငန်းစဉ်များ၊ ငွေစာရင်းရှင်းတမ်းများ စသည့်ကိစ္စများကို ဆွေးနွေးတင်ပြခဲ့ကြပါတယ်။
အငှားဆိုင်ကယ်ပြေးဆွဲသူများ၏ ၀တ်စကုတ်များပေါ်တွင် "လူမှုကူညီရေးအသင်း တာချီလိတ်" အမည်ဖြင့်ရေးထိုး၍ ၀တ်ဆင်ပြေးဆွဲနေရာ ယခုအခါမှာ "ရွှေတာချီ ခရီးသွားလုပ်ငန်း" အမည်ဖြင့် ပြောင်းလဲကာ အငှားဆိုင်ကယ်များ ပြေးဆွဲရန်အတွက် အများဆန္ဒခံယူတာဖြစ်ပါတယ်။ အများဆန္ဒသဘောတူညီချက်အရ ယခုလထဲမှာပင် "ရွှေတာချီ ခရီးသွားလုပ်ငန်း"အမည်ဖြင့် အငှားဆိုင်ကယ်များ ပြေးဆွဲနိုင်တော့မှာ ဖြစ်ပါတယ်။
အခမ်းအနားသို့ တက်ရောက်လာသူ အငှားဆိုင်ကယ်ပြေးဆွဲသူတစ်ဦးမှ " ဆိုင်ကယ်အင်္ကျီတွေမှာက လူမှုကူညီရေးအသင်း တာချီလိတ် ဆိုတော့ တစ်ချို့တွေက ဆိုင်ကယ်ကို အလကား စီးလို့ရတယ် လို့ ထင်နေကြတာ။ တစ်ခါတလေဆို မင်းတို့က လူမှုကူညီရေးအသင်းလည်း ပြောတယ် ပိုက်ဆံလည်း တောင်းတယ်လို့ အပြောခံလိုက်ရသေးတယ်၊ အခုလို အမည်ပြောင်းလဲ လိုက်တယ်ဆိုတော့ ကောင်းတာပေါ့"ဟု တာချီလိတ်အွန်လိုင်းသို့ ပြောကြားသွားပါတယ်။
အခမ်းအနားတွင် "လူမှုကူညီရေးအသင်း တာချီလိတ်"စဖွဲ့စဉ်ကတည်းက အသင်းသို့ လစဉ်ကြေးပုံမှန်သွင်းသူများ၊ လူမှုကူညီရေးများတွင် ၀င်ရောက်၍ ကူညီဆောင်ရွက်ကြသူများ စုစုပေါင်း အငှားဆိုင်ကယ်ပြေးဆွဲသူ(၃၈)ဦးကို အင်ဂျင်ဝိုင်များ၊ ဆိုင်ကယ်ကျွတ်များစသည်တို့ဖြင့် ဆုအဖြစ်ပေးအပ်သွားခဲ့ကြပါတယ်။ ဆက်လက်ပြီး ဒု-ဥက္ကဌဖြစ်သူ ဦးဘိုစံမှ အသင်း၏ ဆုံးဖြတ်ချက်ဖြစ်သော ဆုံးဖြတ်ချက်(၇)ချက်အား ဖတ်ကြားသွားခဲ့ပြီး အခမ်းအနားအစီအစဉ်အား ပြီးမြောက်စေခဲ့ကြပါတယ်။
ဆုံးဖြတ်ချက်(၇)ချက်မှာ-
- ဆုံးဖြတ်ချက် (၁)
လူမှုကူညီရေးအသင်းနှင့် ရွှေတာချီ ခရီးသွားလုပ်ငန်း၏ ဆိုင်ကယ်အသင်းသားများ ဆိုင်ကယ်ပြေးဆွဲခြင်း လုပ်ငန်းအား "ရွှေတာချီ ခရီးသွားလုပ်ငန်း"အမည်ဖြင့်(၁၅.၂.၂၀၁၃)မှစ၍စတင်ပြေးဆွဲနိုင်ရေးအပြီး ဆောင်ရွက်ရန်
- ဆုံးဖြတ်ချက် (၂)
ရွှေတာချီ ခရီးသွားလုပ်ငန်း၏ ဥက္ကဌ၊ ဒု-ဥက္ကဌ၊ အတွင်းရေးမှူး နှင့် အဖွဲ့ဝင်(၅)ဦးအား အောက်ပါအတိုင်း တာဝန်ပေးအပ်ပါသည်။
(၁) ဦးစိုင်းကျော်စံ - ဥက္ကဌ
(၂) ဦးဘိုစံ - ဒု-ဥက္ကဌ
(၃) ဦးကျော်ဆွေ - အတွင်းရေးမှူး
(၄) ဦးဘမိုးမြင့် - အဖွဲ့ဝင်
(၅) ဦးကျော်မြင့် - အဖွဲ့ဝင်
(၆) ဦးသောင်းထိန်စိုး - အဖွဲ့ဝင်
(၇) ဦးကျော်သန်း - အဖွဲ့ဝင်
(၈) ဦးထွန်းထွန်း - အဖွဲ့ဝင်
- ဆုံးဖြတ်ချက် (၃)
လစဉ်ထောက်ပံ့ငွေများအား အောက်ပါအတိုင်း ထုတ်ပေးရန်
(၁) ဥက္ကဌ - ၅၀၀၀ ဘတ်
(၂) ဒု-ဥက္ကဌ - ၄၅၀၀ ဘတ်
(၃) အတွင်းရေးမှူး နှင့် ကော်မတီအဖွဲ့ဝင်များ - ၄၀၀၀ ဘတ်
- ဆုံးဖြတ်ချက် (၄)
မြို့သာယာဖွံ့ဖြိုးတိုးတက်ရေးအတွက် လစဉ်(၁၅၀၀၀)ဘတ် လှူဒါန်းပေးရန်
- ဆုံးဖြတ်ချက်(၅)
ရွှေတာချီခရီးသွားလုပ်ငန်းနှင့် ဂိတ်များအားလုံး သတ်မှတ်ထားသော စည်းကမ်းများအား ဆိုင်ကယ်အသင်းသားများ အားလုံးက တိတိကျကျ လိုက်နာသွားရန်
- ဆုံးဖြတ်ချက်(၆)
လူမှုကူညီရေးအသင်း စတင်တည်ထောင်သည့်နေ့မှစ၍ ယနေ့ ငွေရှင်းတမ်းများအား အတည်ပြုခြင်း
- ဆုံးဖြတ်ချက် (၇)
ကော်မတီအဖွဲ့သို့ ထပ်မံဝင်ရောက်လိုသူတိုင်း ဆိုင်ကယ်ပြေးဆွဲသူများသာ ရွေးချယ်တာဝန်ပေးအပ်ရန်
စသည့် အချက်(၇)ချက် ဖြစ်ပါတယ်။
"လူမှုကူညီရေးအသင်း၊တာချီလိတ်"အသင်း၏ လက်အောက်တွင် အငှားဆိုင်ကယ်ပြေးဆွဲသူများနှင့် အိမ်ထောင်စုစာရင်းဝင်များ၏ သာရေး/နာရေးကူညီမှုများကို ဆောင်ရွက်ပေးနေသော မေတ္တာရှင် သာရေး/နာရေး ကူညီမှုအသင်းနှင့် ယခု ဖွဲ့စည်းလိုက်သော "ရွှေတာချီ ခရီးသွားလုပ်ငန်း"ဟူ၍ ဖွဲ့စည်းထားကြောင်း သိရပါတယ်။
လူမှုကူညီရေးအသင်း၊တာချီလိတ်အမည်ဖြင့် အငှားဆိုင်ကယ်များကို ၁.၁.၂၀၁၃မှာ စတင်ပြေးဆွဲခဲ့တာဖြစ်ပြီး ၂၀၁၃ခုနှစ် ဖေဖော်ဝါရီလထဲမှာတော့ ထိုအမည်ကို ပြောင်းလဲကာ ရွှေတာချီ ခရီးသွားလုပ်ငန်းအမည်ဖြင့် ပြေးဆွဲမှာဖြစ်ပါတယ်။
သတင်းဓါတ်ပုံများကို ကြည့်ရန်