မြန်မာနိုင်ငံတွင် မှီတင်းနေထိုင်ကြသော တိုင်းရင်းသားများ အနက် လားဟူတိုင်းရင်းသားမှာလည်း တိုင်းရင်းသား တစ်မျိုးအဖြစ် ပါဝင်သည်။ လားဟူတိုင်းရင်းသားများသည် ရှမ်း(အရှေ့) မြို့များတွင် နေထိုင်သော သူများအတွက်မစိမ်းလှ။
မြို့ကြီးများတွင် နေထိုင်သော လားဟူတိုင်းရင်းသားများ ရှိသလို
တောင်ပေါ်ကျေးရွာများတွင်လည်း အများအပြားနေထိုင်ကြသည်။ မိုင်းပြင်း နှင့် မိုင်းဆတ်ဒေသ၌ လားဟူ အများဆုံးနေထိုင်ပြီး ကွန်ဟိန်း၊ နမ့်စန် နှင့် ရှမ်း(မြောက်)ရှိ လားရှိုး၊ တန့်ယန်း ဒေသများတွင်လည်း နေထိုင်ကြသည်။ တာချီလိတ်ရှိ လားဟူတိုင်းရင်းသားများ စုပေါင်း၍ နှစ်သစ်ကူးပွဲတော်ပြုလုပ်သည်မှာ ယခုအကြိမ်(၂၀၀၉)သည် (၆) ကြိမ်မြောက် ရှိခဲ့ပြီဖြစ်သည်။ ယခင်အကြိမ်များက တာချီလိတ်ပတ်ဝန်းကျင်ရှိ လားဟူရွာများတွင် အလှည့်ကျ ကျင်းပခဲ့ကြသည်။ ယခုအကြိမ်မှာ တာချီလိတ်မြို့၏ ရှမ်းရိုးမကွင်းထဲတွင် စုပေါင်းဆင်နွဲကြခြင်းဖြစ်ပြီး ဇန်နဝါရီလ ၂၄ ရက်နေ့မှ ၂၆ ရက်နေ့အထိ သုံးရက်တိုင်တိုင် ကျင်းပခဲ့ကြသည်။ တာချီလိတ်မြို့နေများအတွက် လားဟူတိုင်းရင်းသားများကို တိုင်းရင်းသား ဝတ်စုံဖြင့် ပထမဆုံးအကြိမ် အများအပြား တွေ့ဖူးခြင်းလည်းဖြစ်ပြီး လားဟူတိုင်းရင်းသားတို့၏ ရိုးရာယဉ်ကျေးမှု 'အတီးနှင့်အကများ' ၊ ဓလေ့ထုံးစံ၊ ဝတ်စားဆင်ယင်မှုတို့ကို တပေါင်းတစည်းတည်းတွေ့ရခြင်းလည်း ဖြစ်သည်။
လားဟူတိုင်းရင်းသားတို့၏ အထိမ်းအမှတ် (LOGO) မှာ ' ဘူးပလွေ ' ဖြစ်ပြီး ယခုနှစ်သစ်မှာ နွားနှစ်ဖြစ်သည်။ ကုန်လွန်ခဲ့သော နှစ်မှာ ကြွက်နှစ်ဖြစ်သည်။ ဇန်နဝါရီလ ၂၆ ရက်နေ့တွင်ကူးပြောင်းမည့် နှစ်သစ်ကူးပွဲတော်ကို လားဟူလို ' ခေါ့ရှီးကျားပွဲ ' ဟုခေါ်ပြီး အချင်းချင်းတွေ့လျှင် ' ချဲရှာချဲသြောသလား ' ဟု နှုတ်ကြသည်။ အဓိပ္ပါယ်မှာ ' နေကောင်းကျန်းမာပါရဲ့လား ' ဟူ၍ဖြစ်ပြီး ပြန်လျှင် 'ကွေ့အေးယိုမယ်' ဟုနှုတ်ဆက်ကြသည်။ နှစ်သစ်ကူးတွင်ဆိုလေ့ရှိသော သီချင်းမှာ ' သြောပုတေလဲမော် ဒါအာလေး ' ဖြစ်ပြီး ခေါပုတ်ထောင်းရင်းဆုံကြရအောင် ဟုအဓိပ္ပါယ်ရကာ အခြားလားဟူ နှစ်သစ်ကူး သီချင်းများကိုလည်း သီဆိုကြသည်။ ' ခေါပုတ် ' ဆိုသည်မှာ ကောက်ညှင်း၊ နှမ်း၊ ဆားတို့ဖြင့် ပြုလုပ်သောမုန့် ဖြစ်ပြီး အထူတစ်လက်မနှင့် ပြန့်ခြောက်လက်မခန့်ရှိ၍ ' ခေါပုတ် ' သည် 'လားဟူ' တို့ နှစ်သက်သော မုန့်တစ်မျိုးဖြစ်သည်။
လားဟူတို့၏ ထင်ရှားသောအကမှာ ' ကာခေ့ပွဲ ' ဟုခေါ်သော မြေဝိုင်းအကဖြစ်သည်။ ထင်းရှူးပင်ငယ်တစ်ပင်ကို အလယ်တွင် ထားပြီး ထင်းရှူးပင်ကို ဝိုင်းပတ်၍ တီးမှုတ်ကာ ကရသော အကတစ်မျိုးဖြစ်ပြီး ရှေးကပင်ကျင်းပလာ၍ ယခုတိုင် ရိုးရာမပျက်သီဆိုကပြသောအကဖြစ်သည်။ ပွဲတော်တွင် မြေဝိုင်းအကအတွက် သီးသန့်နေရာပြုလုပ်ထားပြီး ပျော်ရွှင်စွာ ဆင်နွှဲကြသည်။
ကာခေ့ပွဲမှာ ဘူးသီးခြောက်နှင့် ဝါးဖြင့်ပြုလုပ်ထားသော ' ဘူးပလွေ ' ကို သံစဉ်များဖြင့် မှုတ်ကြပြီး ခြေ၊ လက်များမှာ သံစဉ်အတိုင်းစည်းချက်ကျကျ ဝိုင်းဖွဲ့ပြီး ညီညီညာညာကရသော အကဖြစ်၍ သက်ကြီးလူကြီးများအပြင် လူငယ်များ၊ အမျိုးသား အမျိုးသမီးများ ဝိုင်းဖွဲ့ကကြသည်။ ဧည့်သည်များလည်း ဝိုင်းဖွဲ့ပါဝင်ကကြသည်။
လားဟူတိုင်းရင်းသားတို့တွင် ယခုနှစ်သစ်ကူးပွဲတော်နှင့် ကောက်သစ်စားပွဲတို့သည် အဓိကပွဲတော်ကြီးများဖြစ်သည်။ ဤနေရာတွင် အလျဉ်းသင့်၍ လားဟူတိုင်းရင်းသားတို့၏ ဆင်းသက်လာပုံသမိုင်းအကျဉ်းအနည်းငယ်ကို ဖော်ပြလိုပါသည်။ လားဟူဆင်းသက်လာပုံသမိုင်းနှင့် ဓလေ့ထုံးစံယဉ်ကျေးမှုများကို သိရှိနိုင်ရန် လားဟူတိုင်းရင်းသားတစ်ဦးဖြစ်သူ တာချီလိတ်မြို့နယ် လားဟူတိုင်းရင်းသားယဉ်ကျေးမှု ကော်မတီမှ Dr. ယားဘိုရှီးက ကူညီပေးပါသည်။
လားဟူတိုင်းရင်းသားတို့သည် တိဗက်-မြန်မာအနွယ်ဝင် ' လိုလို ' မျိုးနွယ်စုမှ ဆင်းသက်လာပြီး မဲခေါင်မြစ်နှင့် သံလွင်မြစ်ကြောင်းတစ်လျှောက် စုန်ဆင်းလာကာ တရုတ်ပြည်တောင်ပိုင်း၊ ရှမ်းပြည်နယ်၊ ထိုင်းနှင့်လာအိုနိုင်ငံတွင် နေထိုင်ခဲ့ကြသည်။ ဝတ်စုံမှာ အများအားဖြင့် ပိတ်အနက်ကို အခြေံပြီး ဝတ်ဆင်ကြသည်။ အကျီင်္တွင် အနီရောင်များသော အခြားအရောင်ဖြင့် ဒီဇိုင်းဖော်လေ့ရှိသည်။
အမျိုးသမီးဝတ်စုံကို ပွဲတော်များတွင် အမြတ်တနိုးဝတ်ဆင်လေ့ရှိပြီး အမျိုးသမီးတို့က ငွေကို အခြေခံသော လက်ဝတ်လက်စားများ ဝတ်ဆင်လေ့ရှိသည်။ အမျိုးသားများမှာ လွယ်အိတ်၊ ဓါး၊ ဆေးတံ၊ ဒူးလေးနှင့် တူမီးတို့ကို ကိုင်ဆောင်လေ့ရှိသည်။ လားဟူတို့၌ အဓိကစာပေရှိပြီး အင်္ဂလိပ်ဝေါဟာရကို အခြေခံကာ အသံအနိမ့်အမြင့် သင်္ကေတများပါရှိသည်။
လားဟူအမျိုးသားတို့သည် အမဲလိုက်ခြင်းကို အထူးစွဲလမ်းနှစ်သက်ကြသည်။ လုပ်ငန်းခွင်ပြီးလျှင်
တမေ့တမောတောတောင်များထဲသို့ အမဲလိုက်ထွက်လေ့ရှိပြီး သားကောင်ရှာဖွေရာတွင် အထူးကျွမ်းကျင်ကြသည်။ အမျိုးသမီးတို့မှာ စီးဆင်းလာသော ချောင်းကိုပိတ်ပြီး ငါးရှာလေ့ရှိသည်။ လားဟူတိုင်းရင်းသားတို့၏ နှစ်သစ်ကူးပွဲတော်ပေါ်ပေါက်ခဲ့ပုံမှာလည်း စိတ်ဝင်စားဖွယ်ကောင်းသည်။
"ရှေးတုန်းက နှစ်သစ်ကူးနေ့ရယ်လို့ သတ်သတ်မှတ်မှတ်မရှိခဲ့ပါဘူး။ ' ထင်းရှူးပင် အညွှန့်၊ အတက် ပေါက်ချိန်ရောက်ရင် နှစ်သစ်ကူးချိန်ရောက်ပြီး၊ မက်မွန် မက်မန်းဖူးပွင့်လာရင် စိုက်ရပျိုးရမယ့် ရာသီအချိန်ဖြစ်ပြီး ယာလုပ်ငန်းဝင်ကြပါ၊ ချယ်ရီပန်းတွေပွင့်လာရင် စပါးရိတ်သိမ်းအချိန်ရောက်ပြီး စပါးတွေကို ကျီထဲသွင်းကြပါ ' လို့ တစ်ဆင့်စကား တစ်ဆင့်နားအဖြစ်နားထောင်လာခဲ့ကြပါတယ်။ ၁၉၇၀ပြည့်နှစ်ကျမှ ကျိုင်းတုံမှာ လားဟူဘွဲ့ရလူငယ်တွေနဲ့ ရွာလူကြီးတွေ စုစည်းပြီး ထင်းရှူးပင် အညွှန့်အတက် ဖူးပွင့်လာနိုင်တဲ့ တပို့တွဲလဆန်းကာလကို နှစ်သစ်ကူးကာလလို့ သတ်မှတ်ခဲ့ပြီး တပို့တွဲလဆန်း၁ရက်နေ့ကို လားဟူတိုင်းရင်းသားတို့ရဲ့ ' နှစ်သစ်ကူးနေ့ ' ဆိုပြီး သတ်မှတ်ခဲ့ရပါတယ်။ လားဟူပြက္ခဒိန်လည်း အဲဒီကနေ စထွက်ပေါ်လာခဲ့ပါတယ်" ဟု လားဟူစုပေါင်း နှစ်သစ်ကူးပွဲတော်၌ မြို့နယ်ယဉ်ကျေးမှုကော်မတီမှ တာဝန်ရှိသူတစ်ဦး၏ ကြိုဆိုနှုတ်ခွန်းဆက်လွှာတွင် တက်ရောက်သူ ပရိသတ်ကို ထည့်သွင်းပြောကြားသွားသည်။ နှစ်သစ်ကူးပွဲတော်တွင် ထူးခြားသော အစီအစဉ်တစ်ခုပါဝင်သည်။ ရိုးရာလက်ဆေးမင်္ဂလာခံယူခြင်း ဟူ၍ဖြစ်ပြီး အဓိပ္ပါယ်ကို
အောက်တာယာဘိုရှီးက ရှင်းပြသည်။
" သက်ကြီး၊ ဝါကြီး ပုဂ္ဂိုလ်တွေကို လူငယ်တွေက လက်ဆေးပေးခြင်းဖြစ်ပါတယ်။ အဓိပ္ပါယ်က လူငယ်ကလူကြီးကို အမြဲရိုသေလေးစားခြင်း၊ ဂါဝရပြုခြင်းကို အဓိပ္ပါယ်ဖော်ဆောင်ခြင်းဖြစ်ပြီး လူကြီးတွေက အဲ့ဒီအချိန်မှာ ဆုံးမသြဝါဒပေးကြတယ်။ လိမ္မာယဉ်ကျေးဖို့နဲ့ လူတော်လူကောင်းဖြစ်ဖို့တွေ ပါဝင်ပြီး ရိုးရာယဉ်ကျေးမှုတွေ ထိန်းသိမ်းဖို့လည်း ပါဝင်ပါတယ်။ "
တာချီလိတ်၌ လားဟူတိုင်းရင်းသားများ နေထိုင်သော ကျေးရွာများတွင် တာလေမြို့နယ်ခွဲရှိ နာအွန်ရွာ၊ မိုင်းကိုးအုပ်စုရှိ မောတွီရွာတို့သည် ရွာကြီးများဖြစ်ပြီး ကျာကုနီရွာ၊ ရေပူစမ်းစံပြရွာ၊ နားယောင်းရွာ၊ ရန်ကုန်ရွာ၊ ရန်ရှင်းရွာ၊ ကျိုင်းလပ်ရှိ နမ်ဝမ်းရွာ၊ မော်ဝန်းရွာ၊ ကြိုးတံတားရွာ၊ ပါဆန်းရွာ၊ နာတာကျိုရွာ၊ မယ်ပုံးလုံရွာ၊ ဗေသလရွာ၊ ပန်နယ်ရွာ၊ မယ်ပုံးလုံရွာ၊ ကာနရွာ၊ မိုင်းဟဲရွာ တို့သည် လားဟူရွာများဖြစ်ကာ အခြားရွာများလည်းရှိသေးသည်။ မြို့နေ လားဟူတိုင်းရင်းသားတို့မှာ ရပ်ကွက်အသီးသီးတွင်
နေထိုင်ပြီး နှစ်သစ်ကူးပွဲတော်သို့ အများအပြား လာရောက်ဆင်နွှဲကြသည်။
ပွဲတော်တွင် စင်မြင့်ကြီးတစ်ခုနှင့် မြက်ခင်းတွင် မြေဝိုင်းအက ' ကာခေ့ပွဲ ' ကရန် လေးထောင့်ပုံနေရာတစ်ခု ပြုလုပ်ထားသည်။ စင်မြင့်သည် စတိတ်ရှိုးနှင့် ရိုးရာအကများ ဖျော်ဖြေရန်ဖြစ်ပြီး မြက်ခင်းရှိနေရာမှာ မြေဝိုင်းအက ကရန်ဖြစ်သည်။ အလယ်တွင် ၁၅ ပေခန့်ရှိ ထင်းရှူးပင်ပျိုကို စိုက်ထားပြီး ပတ်လည်တွင် စင်ထိုးထားသည်။ ထင်းရှူးပင်ထိပ်အနီးတွင် လားဟူတို့၏ အထိမ်းအမှတ်ဖြစ်သော ဘူးပုလွေအကြီးတစ်ခုကို ချိတ်ဆွဲထားသည်။ စင်ပေါ်တွင် ' မူခေါက် ' ဟုခေါ်သော ဝါးကြိမ်ခြင်းပြုလုပ်သည်။ ထမင်းစား စားပွဲငယ်လေးတင်ထားသည်။ စားပွဲပေါ်တွင် ဘူးသီးအကြီးအရွယ်ပုံစံ ပြုလုပ်ထားပြီး ဝက်ခေါင်းကြီးတစ်လုံးတင်ထားသည်။
" ခေါပုတ်နဲ့ ဝက်ခေါင်းကင်ထားတာကတော့ နှစ်သစ်ကူးတိုင်းမှာ လုပ်ရတာပါ။ ' ခေါပုတ် ' ဟာ ဆန်ရေစပါးပေါများဖို့ ရည်ရွယ်ပြီး ' ဝက်ခေါင်း ' ကတော့ သားငါးပေါများဖို့ ရည်ရွယ်တယ်။ တောင်ပေါ်နေ လားဟူအတွက် ဝက်က အဓိက အသားပါပဲ။ တင်ထားတဲ့ ဝက်ခေါင်းကိုတော့
မြေဝိုင်းအကခေါင်းဆောင်ကိုပေးရပြီး ရွာကိုယူသွားတယ်။ သူက အကအဖွဲ့ဝင်တွေကို ပြန်ပေးရတယ်။ ထင်းရှူးပင်ကို ဝိုင်းပြီး ရွေ့လျားကတာကတော့ စည်းလုံးမှုကို ရည်ရွယ်ပါတယ်။ ကသူတိုင်းက စည်းချက်အတိုင်း၊ ကကွက်အတိုင်း ညီညီညာညာကကြရပါတယ် " ဟု လားဟူတိုင်းရင်းသားလူကြီးတစ်ဦးက ရှင်းပြသည်။
ဇန်နဝါရီနောက်ဆုံးပတ်သည် ဆောင်းအကုန်နွေအကူး၏ ရာသီဥတုပြောင်းလဲမှုကို သိသိသာသာခံစားရသည်။ နေ့တွင်ပူပြီး ညတွင်အေးသည်။ ညဥ့်နက်လေ ပိုအေးလေ၊ နံနက်ဆို အအေးဆုံးဖြစ်သည်။ မြေဝိုင်းအကကို ပွဲတော်သုံးရက်စလုံး နံနက် ၁၀ နာရီတွင် စတင်သည်။ ပရိသတ်က ပတ်လည်တွင် အပြည့်ဖြစ်သည်။ ပရိသတ်များ နေပူဒဏ်မခံနိုင်ရန် တဲကြီးများထိုးထားပေးသည်။
ကျေးရွာများမှ ရောက်လာသော ' လားဟူ ' တိုင်းရင်းသားများက တစ်ဖွဲ့ပြီးတစ်ဖွဲ့ဝင်ပြီးကကြသည်။ တစ်ခါတစ်ရံ ဝိုင်းကသူများ၍ နှစ်ထပ်၊ သုံးထပ်အထိဖြစ်သွားသည်ကိုလည်းတွေ့ရသည်။ အခြေခံဝတ်စုံမှာ အနက်ဖြစ်သော်လည်း အနက်မဝတ်သော လားဟူတောင်ပေါ်နေ တိုင်းရင်းသားများလည်းရှိပြီး ကာခေ့ဝင်းထဲသို့ ဝင်ရောက်ကကြသည်။ ဝတ်ဆင်သော ဝတ်စုံမှာ အလွန်ထူးခြားပြီးမြို့နေများ
တွေ့ဖူးသူနည်းသည်။ လက်ရှည်အကျီင်္ဖြစ်သော်လည်း ဝတ်ရုံပုံစံမျိုးဖြစ်သည်။
အကျီင်္မှာ ခြေမျက်စိထိအောင်ရှည်သည်။ ဘူးပလွေကို အမျိုးသားကြီးတိုင်းကျွမ်းကျင်စွာ မှုတ်ကြပြီး ကကွက်များကို ပုံဖော်နိုင်သည်။ ထူးခြားသော အကျီင်္ရှည်နှင့်ဘူးပလွေမှုတ်ပြီး ဗုံတို၊ လင်ကွင်းတို့ဖြင့် ပျော်ရွှင်စွာ ကနေသူများသည် အကကိုသာ အာရုံစူးနစ်ထားပြီး အားလုံးမေ့ထားကြသည်။ ပျော်စရာမြင်ကွင်းမျိုး၊ အပျော်တွေကူးစက်နိုင်သော မြင်ကွင်းမျိုးလည်းဖြစ်သည်။ ဂျင်ပေါက်ခြင်းနှင့် ဂုံညင်းပစ်ခြင်းကဲ့သို့သော ရိုးရာကစားနည်းများလည်း ပါဝင်သည်။
" သူတို့က တောင်ပေါ်ဒေသတွေမှာ အများဆုံးနေကြတယ်။
ကျိုင်းတုံမြို့နေတွေကတော့ တွေ့ဖူးသူများပြီး တာချီလိတ်ကတော့ မြင်ဖူးသူနည်းတယ်လို့ထင်တယ်။ " အမျိုးသမီးများကတော့ ဝတ်စုံများမှာလည်း အနက်မပါ၊ ဆံပင်ကို ဆံထုံးထုံးလေ့ရှိသည်။ လုံချည်မှာ အနီရောင်ဖြစ်ပြီး လိုင်းများပါသည်။ အမျိုးသားတို့၏ ကကွက်ကိုကြည့်ပြီး အမျိုးသမီးများက ညီအောင်ကကြသည်။ နေပူသော်လည်း ရေသောက်လိုက်၊ ကလိုက် မမောနိုင်အောင် နှစ်သစ်ကူးပွဲတော်ကို ဆင်နွှဲကြသည်။
အကျီင်္ရှည်အဖွဲ့ပြီးရင် အနက်ကို အခြေခံသော ဝတ်စုံများဝတ်ဆင်သည်။ အခြားကျေးရွာများမှ အကအဖွဲ့များကလည်း မိမိတို့၏ တူရိယာများဖြင့် ဝင်လာပြီး ဝိုင်းပတ်ကကြသည်။ တစ်ဖွဲ့လျှင် အိုးစည်နှစ်လုံး၊ မောင်း၊ လင်းကွန်များပါသည်။ အမျိုးသမီးများလည်း တီးကြသည်။ သီချင်းမဆိုကြ။ သီချင်းမပါသော သံစဉ်များဖြင့် သွက်လက်ထူးခြားစွာ ဝိုင်းပတ်ကကြရသော ထူးခြားသည့် ရိုးရာမြေဝိုင်းအကတစ်ခုဖြစ်သည်။ သုံးရက်တိုင် သူတို့ကကြမည်ဖြစ်သည်။ ကာခေ့ပွဲ၏ အကတွင် လူကြီးပိုင်းများပြီး လူလတ်ပိုင်းပါသည်။ လူငယ်ပိုင်းနည်းသည်။
စင်မြင့်ပေါ်၌ ခေတ်သစ်စတိတ်ရှိုးစလျှင် အီလက်ထရောနစ်သံစဉ်များက ကာခေ့ပွဲအသံကို လွှမ်းသွားသည်။ လူငယ်တွေက စတိတ်ရှိုးကို အများဆုံး သွားအားပေးကြသည်။ လားဟူ အဆိုတော်တွေကလည်း များသည်။ လူငယ်များစတိတ်ရှိုးကို ပိုအားပေးတာကတော့
ခေတ်သစ်ရေစီးကြောင်းဖြစ်၍ မလွန်ဆန်နိုင်။ စတိတ်ရှိုးသီချင်းနှင့် ကြားတွင် အကအဖွဲ့များတစ်ဖွဲ့ပြီးတစ်ဖွဲ့ ကပြကြသည်။ ညတွင်ပို၍ စည်သည်။ ညတွင် မြေဝိုင်းအကမရှိပေ။
လားဟူတိုင်းရင်းသား နှစ်သစ်ကူးတွင် တောင်ပေါ်မြို့နေ အားလုံးလာကြသည်။ ခွဲခြားထားခြင်းမရှိ။ တပေါင်းတည်းကပြီး တပေါင်းတည်းစားကြသည်။ လားဟူမိဘများသည် ခေတ်သစ်ပညာရေးကို အားပေးသည်။ ရွာတွင် မူလတန်းအောင်ပါက မြို့ကိုရအောင်ပို့ပြီး စာကြိုးစားခိုင်းလေ့ရှိသည်။ လားဟူပညာတတ်များလည်း တိုးမြှင့်လာသည်ဟု မိတ်ဆွေ လားဟူများကဆိုကြသည်။
ဇန်နဝါရီလ ၂၆ ရက်သည် လားဟူတိုင်းရင်းသားတို့၏ နှစ်ဆန်းတနင်္လာနေ့ဖြစ်ပြီး ဇန်နဝါရီလ ၂၅ ရက်နေ့ညက ပွဲတော်တွင် ရောင်စုံမီးပန်း၊ မီးကျည်များ ပစ်ပေါက်ခဲ့ကြသည်။
တောင်ပေါ်ရွာနှင့် ကျေးရွာများမှ ရောက်ရှိလာသည့်သူများကို ယဉ်ကျေးမှုအဖွဲ့က လိုလေးသေးမရှိအောင် ဧည့်ခံကြသည်။ လားဟူတိုင်းရင်းသားတို့၏ ပွဲတော်တွင် အခြားတိုင်းရင်းသားများကလည်း ဝင်ရောက်ဆင်နွှဲကြပြီး နောင်နှစ်တွင်သည့်ထက် ပိုစည်မည်ဟု ကျွန်တော်ထင်ပါသည်။
မှတ်ချက်။ ။ ၄.၂.၂၀၀၉ခုနှစ်တွင် ထွက်ရှိသော Weekly Eleven News Journal တွင် ဖော်ပြထားသည့် ဆုလဏီး၏ ဆောင်းပါးအား မူရင်းအတိုင်း ပြန်လည်ဖော်ပြလိုက်ပါသည်။
ဆောင်းပါးတွင် ပါရှိသော ပုံများမှာ ၉.၂.၂၀၁၃ခုနှစ်တွင်ပြုလုပ်သော ပွဲတော်မှ ပုံများဖြစ်ပြီး ကျန်ပုံများမှာ Google မှာ ရယူအသုံးပြုထားပါသည်။