လားဟူတိုင်းရင်းသားရိုးရာ စုပေါင်းနှစ်သစ်ကူးပွဲတော်သို့ ရှမ်းပြည်နယ်တခုလုံးမှ လားဟူတိုင်းရင်းသားများ အများအပြားလာရောက်

လားဟူတိုင်းရင်းသားရိုးရာ စုပေါင်းနှစ်သစ်ကူးပွဲတော်သို့ ရှမ်းပြည်နယ်တခုလုံးမှ လားဟူတိုင်းရင်းသားများ အများအပြားလာရောက်
ဖေဖော်ဝါရီ 11, 2013
By Tachileik News Agency

၂၀၁၃ခုနှစ် ဖေဖော်ဝါရီ(၁၁)ရက်နေ့ နံနက်(၉း၂၃)နာရီက တာချီလိတ်မြို့ ရှမ်းရိုးမကွင်းမှာ လားဟူတိုင်းရင်းသားရိုးရာ စာပေနှင့်ယဉ်ကျေးမှု စုပေါင်း နှစ်သစ်ကူးပွဲတော် ဖွင့်ပွဲအခမ်းအနားကို စည်ကားသိုက်မြိုက်စွာ ကျင်းပခဲ့ကြတာဖြစ်ပါတယ်။

ယနေ့ကျင်းပပြုလုပ်တဲ့  လားဟူတိုင်းရင်းသားရိုးရာ စာပေနှင့်ယဉ်ကျေးမှု စုပေါင်း နှစ်သစ်ကူးပွဲတော်ကို စစ်ဘက်ဆိုင်ရာအကြီးအကဲများ၊ ရှမ်းပြည်နယ်အစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ ခရိုင်/မြိုနယ်အဆင့် ဌာနဆိုင်ရာ အကြီးအကဲများ၊ တိုင်းရင်းသားခေါင်းဆောင်များ၊ နိုင်ငံရေးပါတီကိုယ်စားလှယ်တော်များ နှင့် ရှမ်းပြည်နယ် တစ်ခုလုံးရှိ လားဟူတိုင်းရင်းသား ကိုယ်စားလှယ်များ စုစုပေါင်း တစ်သောင်းကျော် တက်ရောက်လာခဲ့ကြတာကို တွေ့ရှိရပါတယ်။

{လားဟူတိုင်းရင်းသားရိုးရာ မြေဝိုင်းအက}

အခမ်းအနားမှာ တြိဂံဒေသတိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ် သန်းထွန်းဦး က အဖွင့်အမှာစကားကို ပြောကြားပြီး၊  ရှမ်းပြည်နယ်အစိုးရအဖွဲ့ဝင် လားဟူတိုင်းရင်းသားရေးရာဝန်ကြီး ဦးရှာမွှေလှရှဲန် မှ နှုတ်ခွန်းဆက်စကားပြောကြားကာ လားဟူသမိုင်းအကျဉ်းကို ဖတ်ကြားသွားခဲ့ပါတယ်။ ဆက်လက်ပြီး လားဟူတိုင်းရင်းသားရိုးရာစာပေနှင့်ယဉ်ကျေးမှု ဥက္ကဌ အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဦးဝီလ်ဆင်မိုး မှ ကျေးဇူးတင်စကားပြောကြားခဲ့ပါတယ်။ တဆက်တည်းမှာ ရှမ်းပြည်နယ်အစိုးရအဖွဲ့မှ အလှူငွေ ကျပ်သိန်း(၈၀)၊ တြိဂံဒေသတိုင်း စစ်ဌာနချုပ်မှ ကျပ်(၁၀)သိန်း၊ အာခါတိုင်းရင်းသားရေးရာဝန်ကြီး  ဦးပီတာသောင်းစိန် မှ ကျပ်ငွေ(၁)သိန်း၊ ပြည်နယ်ပြည်ခိုင်ဖြိုး ပါတီမှ ကျပ်(၅)သိန်း နှင့် အဆွေတော်မိသားစုမှလည်း ပါဝင်လှူဒါန်းသွားကြောင်း သိရပါတယ်။

ရှမ်းပြည်တစ်ခုလုံးရှိ လားဟူတိုင်းရင်သားများ စုပေါင်းပြီး ပထမအကြိမ်အဖြစ် ကျင်းပပြုလုပ်တဲ့ လားဟူတိုင်းရင်းသားနှစ်သစ်ကူးပွဲတော်ကို တာချီလိတ်မြို့နယ်မှာကျင်းပတာဖြစ်ပြီး နှစ်စဉ်ပြုလုပ်ခဲ့သည့် လားဟူနှစ်ကူးပွဲတော်မှာ ယခုနှစ်အပါအဝင် (၁၀)ကြိမ်မြောက်ခဲ့တာဖြစ်ပါတယ်။ နောက်လာမည့် ၂၀၁၄မှာတော့ ရှမ်းပြည်နယ်ထဲက တစ်ခြားမြို့မှာ ယခုလိုပဲ ပြုလုပ်မှာ ဖြစ်ကြောင်း သိရပါတယ်။

ယခုပြုလုပ်တဲ့ ပထမအကြိမ် လားဟူတိုင်းရင်းသားရိုးရာ စုပေါင်း နှစ်သစ်ကူးပွဲတော်ကို ရှမ်းပြည်နယ်အတွင်းရှိ မြို့နယ် ကျေးရွာများမှ လားဟူတိုင်းရင်းသားတွေ အမြောက်အများလာရောက် ဆင်နွှဲကြတာနဲ့ပတ်သက်ပြီး မေးမြန်းရာမှာ "ရှမ်းပြည်နယ်မှာရှိတဲ့ လားဟူတိုင်းရင်းသားတွေ တော်တော်များများ လာကြပါတယ်။ အနီးအနားက မြို့တွေဆိုရင်တော့ တာလေ၊ မိုင်းဖြတ်၊ ကျိုင်းတုံ၊ မိုင်းပြင်း၊ မိုင်းဆတ် ပေါ့၊ အဝေးကဆိုရင်တော့ ကွန်ဟိန်း၊ နမ့်စန်၊ လားရှိုး၊ တန့်ယန်းဘက်က အများအပြားလာကြပါတယ်၊ နှစ်သစ်ကူးပွဲတော်ကို အဝေးက လားဟူတိုင်းရင်းသားအကုန်လုံးက လာချင်နေကြပေမယ့်လည်း တစ်ချို့တွေကမလာနိုင်ကြဘူးလေ၊ ဒါပေမယ့်လည်း လာနိုင်ကြတဲ့လူတွေကို ရွေးချယ်ပြီး သူတို့တွေအနေနဲ့ ပျော်ပျော်ပါးပါးဆင်နွှဲဖို့ ဒီပွဲတော်ကိုဖိတ်ကြားခဲ့တာပါ၊ ကျွန်တော့အနေနဲ့ခန့်မှန်းပြောရမယ်ဆိုရင် ဒီပွဲတော်ကိုတက်ရောက်လာတဲ့ ရပ်နီးရပ်ဝေးက လားဟူတိုင်းရင်းသားတွေ ၁၂၀၀၀ ကျော်မယ်လို့တော့ထင်တာပဲ" လို့ ပွဲတော်ဖြစ်မြောက်ရေး အဖွဲ့ဝင်တစ်ဦးက ပြောကြားသွားပါတယ်။

 နှစ်သစ်ကူးပွဲတော်ကို လာရောက်ကြတဲ့ မြို့နယ်/ကျေးရွာတွေက လားဟူတိုင်းရင်းသားတွေရဲ့ ပွဲတော်ကာလအတွင်း နေရေးထိုင်ရေးနဲ့ပတ်သက်ပြီး မေးမြန်းတဲ့အခါမှာ "တတ်နိုင်တဲ့လူတွေကတော့ ပွဲတော်ကာလအတွင်း တည်းခိုခန်းမှာ နေကြတာရှိသလို သူတို့ရဲ့ ဆွေမျိုးအသိမိတ်ဆွေတွေရဲ့အိမ်မှာ တည်းကြတာတွေလည်း ရှိပါတယ်၊ များသောအားဖြင့်တော့ နေရေးထိုင်ရေးအတွက် ကျွန်တော်တို့က စီစဉ်ပေးထားပါတယ်၊ ညအိပ်ဖို့အတွက် စောင်တွေခေါင်းအုံးတွေမလောက်ဘူးဆိုရင်လည်း ထပ်မံဖြည့်စွက်ပေးပါတယ်၊ အခုလိုမျိုး ပွဲတော်အတွင်း ညအိပ်ညနေအတွက် စီစဉ်ပေးတဲ့အခါမှာလည်း သူတို့တွေရဲ့ ပျော်ရွှင်မှုတွေကိုတွေ့ရတယ်လေ၊ ဘာဖြစ်လို့လည်းဆိုတော့ တစ်ခါမှမတွေ့မမြင်ဖူးသေးတဲ့ ကိုယ့်လူမျိုး လားဟူတိုင်းရင်းသား အချင်းချင်း အပြန်အလှန်မိတ်ဆက်ကြတာတွေက ဒို့လူမျိုးအချင်းချင်း ချစ်ခင်ရင်းနှီးမှုပိုရှိတာပေါ့.. "လို့ လားဟူတိုင်းရင်းသားရိုးရာ စာပေနှင့်ယဉ်ကျေးမှု ကော်မတီဝင်တစ်ဦးကဖြေကြားသွားခဲ့တာဖြစ်ပါတယ်။

ပွဲတော်ကျင်းပရာ  ကွင်းထဲရှိ မြေကွက်လပ်တစ်ခုမှာ ထင်းရှူးပင်ငယ်ကို စိုက်ထားကာ အပင်ရဲ့အောက်မှာ ခေါပုတ်နဲ့ ဝက်ကောင်လုံးကို ထားပြီး ကာခေ့ပွဲ ခေါ် မြေဝိုင်းအက ဖြင့်ပျော်ပျော်ပျော်ပါးပါးတီးမှုတ်ခုန်ကနေကြတာကို တွေ့ရပါတယ်။ ခေါပုတ်နဲ့ ဝက်ကောင်လုံး ထားတာကတော့ ခေါပုတ်ဟာ ဆန်ရေစပါးပေါများဖို့အတွက် ရည်ရွယ်တာဖြစ်ပြီး ဝက် ကတော့ သားငါးပေါများဖို့အတွက် ရည်ရွယ်တာဖြစ်ကြောင်း သိရပါတယ်။

ပွဲတော်ပုံများကို ကြည့်ရန်