နှစ်စဉ်နှစ်တိုင်း ထင်းရှူးတွေ အညွှန့်ထွက်ချိန်၊ မက်မွန်တွေ အပွင့်ပွင့်ချိန်မှာ ကျင်းပမြဲဖြစ်တဲ့ နှစ်သစ်ကူးပွဲတော်ဟာ လားဟူလူမျိုးတို့ရဲ့ စည်းလုံးညီညွတ်မှုနဲ့ အပြန်အလှန် မှီခိုဆက်ဆံမှုတွေကို ဖော်ကျူးတဲ့ ရိုးရာပွဲတော်ပါ။
လားဟူအမျိုးသားတွေဟာ မြန်မာပြည်မှာရှိတဲ့ အခြားတောင်ပေါ်သားများလိုပဲ သူတို့ရဲ့ နှစ်သစ်ကူးပွဲတော်ကို တောင်ယာစပါးတွေ ရိတ်သိမ်းပြီးချိန်နဲ့ နောက်တစ်ကြိမ် မစိုက်ပျိုးမီကြား အလုပ်နားချိန်မှာ ကျင်းပလေ့ရှိကြပါတယ်။ လားဟူအမျိုးသားတွေ ကျင်းပတဲ့ နှစ်သစ်ကူးပွဲတော်ဟာ
နှစ်သစ်ကို ကြိုဆိုပြီး လူကြီးမိဘတွေကို အရိုအသေပေးတဲ့ပွဲဖြစ်သလို နောက်နှစ်အတွက် စပါးသီးနှံတွေ ဖြစ်ထွန်းမှု ရှိမရှိ နိမိတ်ဖတ်တဲ့ပွဲနဲ့ အိမ်ထောင်ဖက် ရှာတဲ့ပွဲလည်းဖြစ်ပါတယ်။
အဲဒီလို ရိုးရာအစဉ်အလာတွေနဲ့ ကျင်းပတဲ့အခါမှာ လားဟူအမျိုးသားတွေဟာ နေရာဒေသနဲ့ ဘာသာအယူဝါဒတွေ အပေါ်မှာ အခြေခံပြီး ပွဲတော်ကျင်းပတဲ့နေရာ မတူညီကြပါဘူး။ ကျင်းပတဲ့နေ့တွေဟာ ခရစ်ယာန်ဘာသာ ကိုးကွယ်သူတွေကတော့ ခရစ်နှစ်သစ်ကူးချိန် ဇန်န၀ါရီလ ၁ရက်နေ့မှာ ကျင်းပလေ့ရှိပြီး ရိုးရာနတ် ကိုးကွယ်သူတွေကတော့ မိမိတို့ သတ်မှတ်ရာနေ့ရက်နဲ့ တရုတ်ပြည်မှာ နေထိုင်သူတွေကတော့ တရုတ်နှစ်သစ်ကူးရက်မှာ ကျင်းပလေ့ရှိတယ်လို့ သိရပါတယ်။
လားဟူနှစ်သစ်ကူးပွဲတော်ကို တစ်ချို့ (၇)ရက်၊ တစ်ချို့က (၅)ရက် ကျင်းပလေ့ရှိပြီး အနည်းဆုံးတော့ (၃)ရက် ကျင်းပလေ့ရှိပါတယ်။ ဒီလိုနှစ်သစ်ကူးပွဲရက် ပထမဆုံးနေ့ရက် ကျင်းပပုံကို လားဟူအမျိုးသားကြီး ဦးကြာလူက အခုလိုပြောပြပါတယ်။ “နှစ်သစ်ကူးပွဲမှာ ပထမရက်ရောက်ရင် ကျွန်တော်တို့လားဟူ လူငယ်တွေက မအိပ်တော့ဘူးဗျ။ ပထမ ကြက်တွန်တာကိုပဲ သူတို့စောင့် နားထောင်နေတယ်။ ကြက်တွန်သံကြားတာနဲ့ ချက်ချင်းပဲ ရေသစ်ခပ်ပြီး ရေနွေးတည်တယ်။ ပြီးရင် မိဘ၊ အဘိုးအဘွားတို့ကို ကန်တော့ပြီး လက်ဆေးပေးတယ်။ ပထမနေ့ရက်မှာ ကျွန်တော်တို့ ဥပုသ်စောင့်တာပေါ့။ ရွာထဲမှာရှိတဲ့လူတွေ အပြင်မထွက်ဘူး။ အပြင်မှာရှိတဲ့လူတွေက ရွာထဲကို ၀င်လို့မရဘူး”
“ရေသစ်ခပ်တယ်”ဆိုတာက လားဟူယဉ်ကျေးမှုမှာ အရေးပါတဲ့ အချက်ပါ။ မနက်အစောဆုံး သူများမခပ်ခင် ခပ်ယူရတဲ့ ရေနဲ့ လူကြီးမိဘတွေကို ဆေးကြောသန့်စင်ပေးရင် ပိုပြီးတော့ တန်ဖိုးရှိတယ်လို့ ယုံကြည်ကြပါတယ်။ အဘိုးအဘွား မိဘတွေကို ဂါဝရပြုပြီးတဲ့နောက်မှာ လူငယ်တွေဟာ ရွာထဲမှာရှိတဲ့ ဆရာ၊ ဆရာမတွေ၊ တရားဟောဆရာ၊ ရွာသူကြီးနဲ့ ကိုယ့်ရဲ့ဆွေမျိုးတွေကို သွားရောက်လက်ဆေးပေးကြပြီး ဂါဝရပြု ကန်တော့ကြပါတယ်။ အဲဒီအချိန်မှာ ခေါပုတ်နဲ့ လက်ညှိုးလောက် အထူလှီးဖြတ်ထားတဲ့ ၀က်သားမြောင်းတွေ ထုပ်ပိုးပြင်ဆင်ပြီး လက်ဆောင်ပေးကြပါတယ်။
အဲဒီလို လူငယ်တွေသွားရောက် နှုတ်ဆက် ဂါဝရပြုကြတဲ့အခါမှာ ကန်တော့ခံလူကြီးတွေက ကျန်းမာရေးကောင်းဖို့၊ စားနပ်ရိက္ခာဖူလုံဖို့၊ မိသားစုလုံခြုံဖို့နဲ့ ငြိမ်းချမ်းဖို့ ကောင်းချီးပေးကြပါတယ်။ လူငယ်တွေကလည်း မိမိတို့ပြုခဲ့တဲ့ အပြစ်တွေ၊ အမှားအယွင်းတွေရှိခဲ့ရင် ခွင့်လွတ်ကြေအေးဖို့ သွားရောက်ဂါဝရပြုပြီး အဲဒီနှစ်သစ်ကူးနေ့မှာ လူကြီးမိဘတွေ ကောင်းချီးပေးရင် တစ်နှစ်လုံး ခံစားရတယ်လို့ ယုံကြည်ကြပါတယ်။
နှစ်သစ်ကူး ပထမနေ့ရက်မှာ ရွာထဲမှာရှိတဲ့လူတွေ အပြင်မထွက်ရသလို အပြင်မှာရှိတဲ့လူတွေလည်း ရွာထဲကို မ၀င်ဘဲ ဥပုသ်ပြုရပါတယ်။ အဲဒီနေ့ရက်မှာ ခရီးထွက်ရင် တစ်နှစ်လုံး ခရီးထွက်ရတတ်တယ်လို့ ယုံကြည် ကြတာကြောင့်ဖြစ်ပါတယ်။
ဒုတိယနေ့ရက်မှာတော့ တစ်ရွာလုံး စုပေါင်းထမင်းစားပွဲ ကျင်းပကြပြီး တစ်နေ့လုံး တီးမှုတ်ကခုန်ကြပါတယ်။ အဲဒီလို ကပွဲအတွက် ရွာသူကြီးက တာဝန်ယူမလား၊ ရွာသားတွေအားလုံး စုပေါင်းတာဝန်ယူမလားဆိုပြီး နှစ်သစ်ကူးမတိုင်ခင်မှာ စည်းဝေးပြီး ဆုံးဖြတ်ခဲ့ကြပါတယ်။ ကပွဲကျင်းပရာ ပွဲလယ်မှာတော့ ထင်းရူးပင်တစ်ပင် ကိုစိုက်ပြီး အပင်ရင်းမှာ စားပွဲခုံတစ်လုံး ချထားပါတယ်။ ကွင်းလယ်မှာ စိုက်ထားတဲ့ သစ်ပင်ကိုတော့ နှစ်သစ်ကူး သစ်ပင်လို့ သတ်မှတ်ပါတယ်။ အဲဒီစားပွဲပေါ်မှာ နောက်နှစ်စိုက်ပျိုးမဲ့ မျိုးစေ့တွေကို တင်ထားပြီး အသီးအနှံတွေ အောင်မြင်ဖြစ်ထွန်းစေဖို့ ဆုတောင်းကြပါတယ်။
ကပွဲကျင်းပတဲ့အခါမှာ ရွာနီးနားချင်းမှာရှိတဲ့ အကအဖွဲ့တွေကိုလည်း ဖိတ်ခေါ်ကျွေးမွေးပြီး ကခုန်ကြပါတယ်။ အဲလိုပဲ နှစ်သစ်ကူးရဲ့ အခြားနေ့ရက်တွေမှာ ကိုယ့်ရွာက အကအဖွဲ့တွေကလည်း တစ်ခြားရွာကို သွားရောက် ကပြကြပါတယ်။
လားဟူ နှစ်သစ်ကူးပွဲတော်အတွင်းမှာ လာမဲ့နှစ်မှာ ဖြစ်ထွန်းမဲ့ သီးနှံနဲ့ပတ်သက်ပြီး နိမိတ်ဖတ်ပုံကတော့ အမျိုးသားများ ဂျင်ပေါက်ကြတဲ့ပွဲပါ။ ဂျင်ပေါက်တာကိုတော့ တစ်ရွာလုံးက ကပွဲကျင်းပနေ့ကနေ နောက်ဆုံးနေ့ အထိ ကျင်းပကြပါတယ်။ အဲလိုဂျင်ပေါက်ကြတဲ့အခါ သူများဂျင်ကို များများထိသူက နောက်လာမဲ့နှစ်မှာ သီးနှံကောင်းမယ်။ ဂျင်ကွဲတယ်ဆိုရင် ၀ါဂွမ်းတွေ ပွင့်ထွက်ပြီး အောင်မြင်မယ်။ မကွဲရင် ၀ါမကွဲဘူး စသည်ဖြင့် ယုံကြည်ကြတယ်လို့ ဆိုပါတယ်။ ကွဲသွားတဲ့ ဂျင်သားအတွင်းက အ၀ါရောင်ရှိရင် လာမဲ့နှစ်မှာ အ၀ါရောင်ရှိတဲ့ သီးနှံတွေဖြစ်ထွန်းမယ် စသဖြင့် မှန်းဆလေ့ရှိပါတယ်။
နှစ်သစ်ကူးပွဲမှာ အမျိုးသမီးများကတော့ ဂုံးညင်းတိုး ပစ်ကစားလေ့ရှိပါတယ်။ အဲလိုကစားတာကတော့ အချင်းချင်း ချစ်ခင်ရင်းနှီးမှု ပိုမိုရရှိစေဖို့ ရည်ရွယ်တာပါ။ လားဟူနှစ်သစ်မှာ အရေးပါတဲ့
နောက်တစ်ချက်ကတော့ အပျို၊ လူပျိုတွေ အိမ်ထောင်ဖက် ရွေးချယ်တဲ့ ဓလေ့ပဲဖြစ်ပါတယ်။ အဲဒီလို ရွေးချယ်ဖို့အတွက် “ခဲရှီ” လို့ခေါ်တဲ့ အ၀တ်အိတ်ကို ပစ်ကစားကြပါတယ်။ “ခဲရှီ” ဆိုတာ လားဟူမိန်းမပျိုတွေက ရောင်စုံပိတ်စ တစ်မျိုးမျိုးကို ဖွဲ သို့မဟုတ် ပန်းပွင့်ဖတ်တွေ ထည့်ပြီး ချုပ်လုပ်ထားတဲ့ ခေါင်းအုံးပုံစံ အိတ်ငယ်ပါ။ သူ့ရဲ့အနားလေးဖက်မှာ ပန်းဖွားတွေ တပ်ဆင်ထားပါတယ်။ အဲဒီအိတ်ရဲ့ တစ်ဖက်အလယ်မှာ အ၀တ်ကြိုးစရှည်ရှည် တပ်ဆင်ချုပ်လုပ်ပြီး အဲတာကို အပျို၊ လူပျိုတွေက ပစ်ခတ်ကစားကြတာပါ။ လားဟူအမျိုးသမီးတစ်ဦးဖြစ်တဲ့ မဖဲလေက အခုလို ပြောပြပါတယ်။
“အပျိုနဲ့ လူပျိုတို့ ပစ်ကစားကြတယ်လေ။ လူပျိုပစ်ရင် အပျိုမက ဖမ်းရတယ်။ အပျိုပစ်ရင် လူပျိုက ဖမ်းရတယ်။ တကယ်လို့ အဲဒီဘောလုံးကကျရင် ကျတဲ့လူက ရှုံးတယ်။ ယောက်ျားလေးက ကျရင် ယောက်ျားလေးက မိန်းကလေးကို လက်ဆောင်တစ်ခုခု ရမယ်။ မိန်းကလေးကျရင် မိန်းကလေးက ယောက်ျားလေးကို လက်ဆောင်တစ်ခုခု ပေးရမယ်။ အဲဒီကနေ စပြီး ရည်းစားထားတဲ့ သဘောမျိုးပေါ့”
အများအားဖြင့်တော့ အပျို၊ လူပျိုတွေက ကိုယ့်သဘောကျတဲ့ လူတွေကို ရွေးချယ်ပြီး အခုလို ကစားကြတာပါ။ အမျိုးသားတွေက မိမိသဘောကျတဲ့ မိန်းကလေး တွေ့မိပြီဆိုရင် ရပ်ရွာက အောင်သွယ်လူကြီးတွေက သွားရောက် စေ့စပ်ကြောင်းလမ်းပြီး အိမ်ထောင်ဖက်ပြုကြပါတယ်။
နှစ်သစ်ကူးပွဲတော်မှာ လားဟူအပျို၊ လူပျိုတွေက တစ်ခြားရွာတွေကို သွားရောက်လည်ပတ်ကြပြီး ကခုန်ကြ၊ တီးဆိုတီးမှုတ်လေ့ ရှိတယ်လို့ ဆိုပါတယ်။ နှစ်သစ်ကူး နောက်ဆုံးနေ့ရက်မှာတော့
ကျေးရွာအသီးသီးက လာရောက်ကြတဲ့ အဖွဲ့တွေက နှစ်သစ်သစ်ပင်ကို တစ်ဖွဲချင်း ၀ိုင်းဖွဲ့ကခုန် ပူဇော်ပြီး အဆုံးသတ်လေ့ရှိပါတယ်။