ရှမ်းပြည်နယ်၊ မိုင်းဆတ်ခရိုင်၊ မိုင်းဆတ်မြို့တွင် ကျောင်းသား၊ ကျောင်းသူများ စကားပြောစွမ်းရည် ထက်မြက်ရေး၊ ကျောင်းသင်ခန်းစာအပြင် ပြင်ပဗဟုသုတစာပေများကို လေ့လာဖတ်ရှုသည့် အလေ့အကျင့် ကောင်းများရရှိစေပြီး ၊ တစ်ဦးချင်း ထူးချွန်ထက်မြက်၍ စွမ်းရည်တိုးတက်မြင့်မားကာ နိုင်ငံတော်အတွက် အားထားရသည့် သားကောင်းသမီးကောင်းများ ဖြစ်ထွန်းလာစေရေး ရည်ရွယ်လျက် စကားရည်လုပြိုင်ပွဲ၊ ကျပန်းစကားပြောပြိုင်ပွဲ၊ ကဗျာရွတ်ဆိုပြိုင်ပွဲနှင့် ပုံပြောပြိုင်ပွဲများကို ဇူလိုင်လ (၁၃)ရက်၊ နံနက် ၉နာရီ က မိုင်းဆတ်အခြေခံပညာ အထက်တန်းကျောင်း၊ သံလွင်ဆောင်ခန်းမ၌ ကျင်းပရာ မြို့နယ်ပညာရေးမှူး ဦးမြင့်ဆွေ က အဖွင့်အမှာစကားပြောကြားသည်။
အဆိုပါပြိုင်ပွဲများတွင် မိုင်းဆတ်မြို့နယ်အတွင်းရှိ အခြေခံပညာအထက်တန်း၊ အလယ်တန်း၊ မူလတန်း
ကျောင်းများမှ စကားရည်လုပြိုင်ပွဲတွင် အထက်တန်းအဆင့် ကျောင်းသား ကျောင်းသူ(၆)ဦးက လည်းကောင်း၊ ကျပန်းစကားပြောပြိုင်ပွဲတွင် အလယ်တန်းအဆင့် ကျောင်းသားကျောင်းသူ(၁၀)ဦးက လည်းကောင်း၊ ကဗျာရွတ်ဆိုပြိုင်ပွဲနှင့် ပုံပြောပြိုင်ပွဲတွင် မူလတန်းအဆင့် ကျောင်းသား ကျောင်းသူ(၁၄)ဦးစီက လည်းကောင်း ပါဝင်ယှဉ်ပြိုင်မှာဖြစ်ပြီး၊ ပြိုင်ပွဲများကို ဇူလိုင်လ(၁၃)ရက်နေ့မှ (၁၄)ရက်နေ့အထိ ကျင်းပပြုလုပ်ပေးသွားမည် ဖြစ်ကြောင်း သိရှိရသည်။