မြန်မာ - လာအို - ထိုင်း - တရုတ် (၄)နိုင်ငံ နယ်စပ်ရှိ တာချီလိတ်ခရိုင် ကျိုင်းလပ်မြို့နယ်ခွဲ၊ ၀မ်ကျင်းကျေးရွာရှိ လှိုင်ဂူဘုန်းတော်ကြီးကျောင်းတွင် စိတ်ကြွရူးသွပ်ဆေးပြား ထုတ်လုပ်ရာ၌ အဓိက ဓါတုကုန်ကြမ်းဖြစ်သည့် ကဖင်းနှင့်ပတ်သက်၍ အသိပညာပေးခြင်းနှင့် ပြည်သူလူထု ပူးပေါင်းပါဝင်သော မူးယစ်ဆေးဝါး တားဆီးနှိမ်နင်းရေး စီမံချက်ပါလုပ်ငန်း တာဝန်များနှင့် မူးယစ်ဆေးဝါး သုံးစွဲခြင်းကြောင့် ဖြစ်ပေါ်လာသော လူမှုရေး ပြဿနာများအား စုပေါင်း အဖြေရှာနိုင်ရန်အတွက် တာချီလိတ်မူးယစ်(အထူး)အဖွဲ့ မှ ဇူလိုင်လ(၂၀)ရက်နေ့က ကျေးရွာသူ ကျေးရွာသားများအား အသိပညာပေး ဟောပြော၊ ဆွေးနွေး၊ရှင်းလင်းမှုများ ပြုလုပ်ခဲ့ကြကြောင်း သိရသည်။
အဆိုပါ အသိပညာပေးဟောပြော၊ ဆွေးနွေး၊ ရှင်းလင်းပွဲသို့ တက်ရောက်လာသည့် ကျေးရွာသူ/သား အယောက်(၂၀၀)အား ကျိုင်းလပ်မြို့နယ်ခွဲအုပ်ချုပ်ရေးမှူး ဦးနိုင်အောင်မြင့်က အဖွင့် အမှာစကားပြောကြားသည်။
ယင်းနောက် တာချီလိတ်မူးယစ်(အထူး)အဖွဲ့၊ ကြီးကြပ်သူအရာရှိ ဒုရဲမှူး သန်းရွှေမှ စိတ်ကြွဆေးပြား ထုတ်လုပ်ရာတွင် အသုံးပြုသည့် အဓိက ကုန်ကြမ်းဖြစ်သော ကဖင်း နှင့် ပတ်သက်၍ အသိပညာပေး ဟောပြောရာ ကျန်းမာရေးဝန်ကြီးဌာန၏ ၅.၆.၂၀၁၂ ရက်နေ့ အမိန့်ကြော်ငြာစာ အမှတ် (၁/၂၀၁၂)ဖြင့် ထိန်းချုပ်ဓါတုပစ္စည်း ပရီကာဆာ(၂၅)မျိုးအား မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများ ထုတ်လုပ်ရာတွင် အသုံးပြုသည့် ဓါတုပစ္စည်းဖြစ်ကြောင်းနှင့် ၎င်း(၂၅)မျိုးတွင် ကဖင်းလည်း အပါအ၀င်ဖြစ်ကြောင်း၊ ၁၉၉၃ခုနှစ်က ထုတ်ပြန်ထားသည့် အမိန့်ကြော်ငြာစာအမှတ် (၁/၉၃)တွင် မူးယစ်ဆေးဝါး ဥပဒေပုဒ်မ ၁၆(ခ)အရ မည်သူမဆို မူးယစ်ဆေး ထုတ်လုပ်ရာတွင် အသုံးပြုသည့် ပစ္စည်းဖြစ်သည်ဟု ကြော်ငြာထားသည့် ပစ္စည်းကိရိယာများ လက်ဝယ်ထားခြင်း၊ ရောင်းချခြင်း၊ ထုတ်လုပ်ခြင်း၊ သယ်ယူပို့ဆောင်ခြင်းများ ပြုလုပ်ပါက အနည်းဆုံး ထောင်ဒဏ်(၅)နှစ်မှ (၁၀)နှစ်အထိ ပြစ်ဒဏ်ချမှတ်နိုင်သည့်အပြင် ငွေဒဏ်လည်း ချမှတ်နိုင်ကြောင်း၊ ကဖင်းများအား ထိန်းချုပ်ဓါတုပစ္စည်းအဖြစ် မသိရှိပဲ ဓါတ်မြေသြဇာများ၊ တိရစ္ဆာန် အစားအစာများဖြစ်သည်ဟုသာ သိရှိခြင်းများကြောင့် ပြည်သူလူထုအနေဖြင့် တစ်နေရာမှ တစ်နေရာသို့ သယ်ယူပို့ဆောင်ရာတွင် ဖမ်းဆီးအရေးယူခံခဲ့ရသည့် ဖြစ်စဉ်များ မကြာခဏဖြစ်ပေါ်ခဲ့ကြောင်း၊ ကဖင်း အရောင်းအ၀ယ် ပြုလုပ်သည့် ၀ိသမလောဘသားများ အနေဖြင့် မသိနားမလည်သည့် ပြည်သူများ၊ ယာဉ်မောင်းသမားများအပေါ် လှည့်ကွက်ပြုလုပ်၍ သယ်ဆောင်စေခိုင်းခြင်းများ မရှိစေရန်အတွက် ကဖင်းနှင့် ပတ်သက်၍ ယခုလို အသိပညာပေး ဟောပြောရခြင်းဖြစ်ကြောင်း ရှင်းလင်းပြောကြားသည်။
ဆက်လက်၍ တာချီလိတ်ခရိုင် မူးယစ်ဆေးဝါးဆန့်ကျင်ရေးအသင်း ဥက္ကဌ ဦးသိန်းဝင်း မှ MANA ဖွဲ့စည်းပုံနှင့် မူးယစ်ဆေးဝါးဆန့်ကျင်ရေးအသင်း လှုပ်ရှားဆောင်ရွက်မှုအခြေအနေများကို ရှင်းလင်းပြောကြားခဲ့ပြီး တာချီလိတ်မူးယစ်(အထူး)အဖွဲ့မှ အဖွဲ့ခေါင်းဆောင် ရဲအုပ်မြင့်လွင်က ပြည်သူလူထု ပူးပေါင်းပါဝင်သော မူးယစ်ဆေးဝါး တားဆီးနှိမ်နင်းရေးစီမံချက်ပါ လုပ်ငန်းတာဝန်များနှင့် မူးယစ်ဆေးဝါး သုံးစွဲခြင်းကြောင့် ဖြစ်ပေါ်လာသော လူမှုရေးပြဿနာများနှင့် ဆိုးကျိုးများအား စုပေါင်းအဖြေရှာနိုင်ရန်အတွက် ပါဝါပွိုင့်ဖြင့် ဆွေးနွေးရှင်းလင်းခဲ့ပြီး တက်ရောက်လာသော ဌာနဆိုင်ရာများနှင့် ကျေးရွာသူ/သားများအား အသိပညာပေး လက်ကမ်းစာစောင်များ ဖြန့်ဝေပေး၍ နေ့လည် (၁၁း၂၀)နာရီအချိန်မှာ အသိပညာပေး ဟောပြော၊ ဆွေးနွေး၊ ရှင်းလင်းမှုပြီးမြောက်စေခဲ့ကြောင်း သိရှိရသည်။
စိတ်ကြွဆေးပြားထုတ်လုပ်ရာတွင် အခြေခံဓါတုပစ္စည်းဖြစ်သည့် ကဖင်းများမှာ မြန်မာ-လာအိုနယ်စပ်မှ တဆင့် တာချီလိတ်ခရိုင်အတွင်း ဖြတ်သန်း၍ မိုင်းဆတ်ခရိုင်နှင့် အခြားနေရာများသို့ သယ်ဆောင်လျှက်ရှိပြီး အဆိုပါ ဓါတုပစ္စည်းများ ၀င်ရောက်ရာတွင် ကျိုင်းလပ်မြို့နယ်ခွဲသည် အဓိက ၀င်ပေါက်ဖြစ်ကြောင်း သိရသည်။
ပုံများကိုကြည့်ရန်