မြန်မာ-ထိုင်း နှစ်နိုင်ငံ ကုန်သွယ်မှုမြှင့်တင်ရေးအတွက် တာချီလိတ်မြို့၌ အလွတ်သဘောဆွေးနွေး

မြန်မာ-ထိုင်း နှစ်နိုင်ငံ ကုန်သွယ်မှုမြှင့်တင်ရေးအတွက် တာချီလိတ်မြို့၌ အလွတ်သဘောဆွေးနွေး
ဇူလိုင် 26, 2013
By Tachileik News Agency

မြန်မာ-ထိုင်း နှစ်နိုင်ငံ ချစ်ကြည်ရင်းနှီးမှုနှင့် ကုန်သွယ်မှုမြှင့်တင်ရေးအတွက် အလွတ်သဘော ဆွေးနွေးပွဲအား ဇူလိုင်လ(၂၆)ရက် မွန်းလွဲပိုင်းက တာချီလိတ်မြို့ ဇန်းမွန် အာခါဟိုတယ်တွင် ကျင်းပပြုလုပ်ရာ ကူးသန်းရောင်းဝယ်ရေးနှင့် စားသုံးသူရေးရာဦးစီးဌာန တာချီလိတ် နယ်စပ်ကုန်သွယ်ရေးစခန်း တာဝန်ခံ ( ညွှန်ကြားရေးမှူး ) ဦးသိန်းထွန်းဦး နှင့် ဌာနဆိုင်ရာ တာဝန်ရှိသူများ၊ တာချီလိတ်နယ်စပ်ကုန်သည်များအသင်း ဒု-ဥက္ကဌ(၁) ဦးဌေးအောင်နှင့် ကုန်သည်များ၊ စီးပွားရေးလုပ်ငန်းရှင်များ၊ ထိုင်းနိုင်ငံ Chiang Rai Labour Office မှ Mr. Amnoay Sriyota ဦးဆောင်သော Chiang Rai, Phayao, Phrae, Nam ခရိုင်(၄)ခရိုင်မှ ကုန်သည်များ၊ စီးပွားရေးလုပ်ငန်းရှင်များ တက်ရောက်ခဲ့ကြသည်။

ဆွေးနွေးပွဲတွင် ရှေးဦးစွာ ထိုင်းနိုင်ငံ စီးပွားရေးလုပ်ငန်းရှင်များ အဖွဲ့ခေါင်းဆောင်နှင့် တာချီလိတ်နယ်စပ်ကုန်သည်များအသင်း ဒု-ဥက္ကဌ(၂) ဦးစိုင်းစိုင်းတို့မှ ကြိုဆို နှုတ်ခွန်းဆက် စကားများပြောကြားပြီး ညွှန်ကြားရေးမှူး ဦးသိန်းထွန်းဦးမှ တာချီလိတ်ခရိုင်အတွင်း ကုန်သွယ်မှုအခြေအနေနှင့် အခွင့်အရေးများအား ရှင်းလင်းတင်ပြကာ ထိုင်းနိုင်ငံ ကိုယ်စားလှယ်တစ်ဦးမှ ချင်းရိုင်းခရိုင်အတွင်း ကုန်သွယ်မှုအခြေအနေနှင့် အခွင့်အလမ်းများအား ဆွေးနွေးတင်ပြကြသည်။

ထို့နောက် နှစ်နိုင်ငံ ကိုယ်စားလှယ်များမှ မဲခေါင်မြစ်ဝှမ်းဒေသ ကုန်သွယ်မှုဆိုင်ရာများအား ရင်းနှီးပွင့်လင်းစွာ ဆွေးနွေးကြပြီး ဆွေးနွေးပွဲအား ညနေပိုင်းတွင် ရုပ်သိမ်းလိုက်ကြောင်း သိရှိရသည်။

သတင်းပေးပို့သူ။     ။ မောင်ယဉ်ကျေး