သြဂုတ်လ ၂ရက်နေ့ ညနေ ၃နာရီ အချိန်က တာချီလိတ်မြို့နယ်၊ ဆန်ဆိုင်း(ခ)ရပ်ကွက်၊ ၀မ်မိုင်ရွာထဲ၌ စိတ်ကြွရူးသွပ်ဆေးပြားများနှင့် ဘိန်းဆီခဲ၊ ဘိန်းဖြူမှုန့်များ ဖမ်းဆီးသိမ်းဆည်းရမိကြောင်း သိရသည်။
တာချီလိတ်မူးယစ်(အထူး)အဖွဲ့မှ ဦးဆောင်သော ပူးပေါင်းအဖွဲ့တို့သည် မူးယစ်သတင်းအရ ၀မ်မိုင်ရွာထဲရှိ နေအိမ်တစ်အိမ်အား ၀င်ရောက်ရှာဖွေရာမှ ကာလတန်ဖိုးငွေ ကျပ် ၃၂၀သိန်းခန့်ရှိသော စိတ်ကြွရူးသွပ်ဆေးပြား ၁၆၀၀၀ပြား၊ ကျပ် ၈.၈၄သိန်းခန့် တန်ဖိုးရှိသည့် ဘိန်းဆီခဲ ၀.၆၈ကီလို၊ ကျပ် ၃၂.၅သိန်းခန့် တန်ဖိုးရှိ ဘိန်းစိမ်း ၃.၂၅ကီလို၊ ဘိန်းဖြူ ၂ ဂရမ် နှင့် ကဖင်း ၂.၃ကီလိုတို့ကို တရားခံနှင့်အတူ ရှာဖွေတွေ့ရှိခဲ့ကြကြောင်း သိရသည်။
မူးယစ်ဆေးဝါးများနှင့်အတူ ဖမ်းဆီးရမိသော အသက် ၄၄နှစ်အရွယ်ရှိ တရားခံ အမျိုးသားတစ်ဦးအား တာချီလိတ်မြို့နယ်ရဲစခန်းမှ မယ (ပ) ၈၇/၂၀၁၃၊ မူး/စိတ် ပုဒ်မ ၁၅/၁၉ (က)အရ အမှုဖွင့်ထားရှိကြောင်း သတင်းရရှိသည်။