မြန်မာနိုင်ငံ ရှမ်းပြည်နယ် အပါအ၀င် တရုတ်နိုင်ငံ၊ ထိုင်းနိုင်ငံ၊ လာအိုနိုင်ငံ နှင့် ဗီယက်နမ်နိုင်ငံများတွင် အများအပြား ပြန့်နှံ့နေထိုင်နေကြပြီး ပြောဆိုသော ဘာသာစကား၏ အသုံးအနှုန်းမှာ ၉၅ ရာခိုင်နှုန်း တူညီနေကြသည့် တိုင်းရင်းသားလူမျိုးစုကို ပြပါဆိုလျှင် "အာခါတိုင်းရင်းသား"ကို ညွှန်ပြရပါမည်။
အာခါတိုင်းရင်းသားလူမျိုးစုသည် အာခါမိရိုးဖလာဘာသာ၊ ဗုဒ္ဓဘာသာ၊ ကက်သလစ် နှင့် နှစ်ခြင်း ခရစ်ယာန်ဘာသာ စသည်ဖြင့် မိမိတို့ ယုံကြည်ရာကို ကိုးကွယ်ကြသူများဖြစ်ကြသည်။ ထို့အတူ အာခါလူမျိုး၏ စာပေကိုလည်း ယခင်က သာသနာအတွက် အဓိကထား၍ ကျင့်သုံးလာကြရာမှ ယနေ့တွင် အာခါလူမျိုးစုတို့အတွက် ဘာသာရေးကို အခြေမခံသော အာခါစာ အာခါစကား သင်ရိုးညွှန်းတမ်းအဖြစ် ဖွဲ့စည်းနိုင်ခဲ့ပြီဖြစ်ကြောင်း သိရပါသည်။
ယခုဆောင်းပါးသည် အာခါစာပေနှင့် ပတ်သက်သည့် အာခါစာပေဖြစ်ပေါ်လာပုံအပြင် အာခါတိုင်းရင်းသားများအတွက် သင်ရိုးညွှန်းတမ်းအဖြစ် ထုတ်လုပ်ထားပုံ တစ်စေ့တစ်စောင်းအဖြစ် အဓိကထား၍ ရေးသားဖော်ပြမည် ဖြစ်ပါသည်။
နီဆားအိုလူး.... / Nee Sar Ovq Luvq-ur / မင်္ဂလာပါ
ကမ္ဘာပေါ်ရှိ လူသားတိုင်း၊ လူမျိုးတိုင်း၊ တိုင်းရင်းသားတိုင်း၊ လူမျိုးစုတိုင်း၌ နှုတ်ခွန်းဆက်စကားဟူ၍ "မင်္ဂလာပါ"ဟူသော စကားလုံးကို လူတိုင်း သုံးနှုန်းတတ်ကြပါသည်။ အာခါတိုင်းရင်းသားများ၏ "မင်္ဂလာပါ" ဟူသော စကားကို အာခါဘာသာဖြင့် "နီဆားအိုလူး.."ဟု ချစ်စဖွယ် နှုတ်ခွန်းဆက်တတ်ကြပါသည်။
၁၉၂၇ ခုနှစ်မှ ၂၀၀၄ ခုနှစ် ထိ အသုံးဝင်ခဲ့သော အာခါစာပေ နှစ်မျိုး
၁၉၂၇ ခုနှစ်က ကျိုင်းတုံမြို့ရှိ ဖာသာရ်ပိုတာလူပီက အာခါကက်သလစ်သာသနာအတွက် အာခါတိုင်းရင်းသားများ ရေးသားပြောဆိုနိုင်ရန် ရည်ရွယ်ကာ အာခါစာပေဟု တီထွင်စီမံခဲ့ရာ ၂၀၀၄ ခုနှစ်ထိ အာခါကက်သလစ်သာသနာသုံးအဖြစ် သုံးစွဲခဲ့ပါသည်။ နောက် နှစ်ပေါင်း ၂၅နှစ်ကြာလာပြီးနောက် ၁၉၅၂ ခုနှစ်က အာခါနှစ်ခြင်းသာသနာအတွက် ကျိုင်းတုံမြို့၊ လွိုင်မွေ မှ ဆရာကြီးပေါလုဝစ်က အာခါနှစ်ခြင်း သာသနာသုံးအဖြစ် တီထွင်စီမံပြန်ရာ ပထမနည်းတူ ၂၀၀၄ ခုနှစ်ထိ အာခါနှစ်ခြင်း သာသနာသုံး အဖြစ် သုံးစွဲခဲ့ကြောင်း သိရသည်။
ထို အာခါကက်သလစ်သာသနာသုံး အာခါစာပေနှင့် အာခါနှစ်ခြင်းသာသနာသုံး အာခါစာပေတို့သည် သာသနာပြုရန်အတွက် အဓိကထား စီမံတီထွင်ခဲ့သည်ဖြစ်တာကြောင့် အာခါတစ်မျိုးသားလုံးအတွက် ကျယ်ကျယ်ပြန့်ပြန့် သုံးစွဲနိုင်ခြင်း မရှိကြောင်း တွေ့ရှိရသည်။
၁၉၇၅ ခုနှစ်မှ ၁၉၈၅ ခုနှစ် ထိ အသုံးဝင်ခဲ့သော အာခါစာပေ
၁၉၂၇ ခုနှစ်မှစ၍ နှစ်ပေါင်း ၄၈နှစ်ခန့် ကြာပြီးနောက် ၁၉၇၅ ခုနှစ်တွင် ကျိုင်းတုံမြို့ရှိ အာခါယဉ်ကျေးမှုဗဟိုအဖွဲ့မှ မြန်မာနိုင်ငံရှိ အာခါလူမျိုးစုအတွက်ဟု သတ်မှတ်ကာ မြန်မာအက္ခရာဖြင့် စီမံတီထွင်ခဲ့ရာ ၁၉၈၅ ခုနှစ်ထိ ၁၀နှစ် တိုင်တိုင် သုံးစွဲလာခဲ့ကြသော်လည်း အချို့နေရာဒေသ၌သာ အသုံးဝင်စေခဲ့ကြောင်း သိရသည်။
၁၉၆၂ ခုနှစ်မှ ၂၀၀၄ခုနှစ်ထိ မထွန်းကား မကျယ်ပြန့်ခဲ့သော အာခါစာပေများ
၁၉၆၂ ခုနှစ်မှာတော့ မြန်မာနိုင်ငံရှိ အာခါလူမျိုးစုအတွက် အာခါစာပေကို တီထွင်ရာမှာ အလွယ်သဘောအဖြစ် မြန်မာအက္ခရာ အာခါစာပေဟု သတ်မှတ်စေခဲ့ကြသော်လည်း ထိုမြန်မာအက္ခရာ အာခါစာပေသည် အာခါလူမျိုးများရှိရာ ဒေသတိုင်း၌ အသုံးမ၀င်ပဲ အချို့နေရာဒေသ၌သာ အသုံးဝင်ခဲ့သည်။
ထို့အတူပင် ၁၉၆၈ ခုနှစ်က ထိုင်းနိုင်ငံ တောင်ပေါ်ဒေသများတွင် နေထိုင်ကြသော အာခါလူမျိုးစုအတွက် ထိုင်းအက္ခရာအာခါစာပေဟု တီထွင်ပြန်ရာ မြန်မာအက္ခရာ အာခါစာပေနည်းတူပင် ကျယ်ပြန့်ခြင်းမရှိခဲ့ပေ။ ထိုအက္ခရာ အာခါစာပေသည် အာခါစကားပြော အသံထွက်ကို မြန်မာအက္ခရာ အသံထွက် သို့မဟုတ် ထိုင်းအက္ခရာ အသံထွက်ဖြင့် သုံးစွဲခဲ့ကြသည့်အတွက် မြန်မာစာ သို့မဟုတ် ထိုင်းစာ မတတ်သည့် အာခါလူမျိုးတို့အနေဖြင့် အခက်အခဲဖြစ်စေတဲ့အတွက် မထွန်းကားခဲ့ပေ။
နောက်ထပ် မထွန်းကားခဲ့သော အာခါစာပေများကို ဆက်လက်ဖော်ပြရမည်ဆိုပါလျှင် ၁၉၈၈ ခုနှစ်တွင် ထိုင်းနိုင်ငံရှိ ထိုင်းစာမာခုမ်အာခါလူမျိုးစုတို့က အာခါရိုးရာထိန်းသိမ်းရန်အတွက်ဟု ရည်ရွယ်ကာ အာခါစာပေကို စီမံတီထွင်ပြန်သော်လည်း မထွန်းကားခဲ့ပေ၊ ထိုနည်းတူ ထိုင်းနိုင်ငံတွင် နေထိုင်သူ
ဒေါက်တာဆရာတော် ဦးအားဂျေ့က ၁၉၉၇ ခုနှစ်တွင် အာခါနှစ်ခြင်းသာသနာအတွက်ဟု ရည်ရွယ်ပြီး စီမံတီထွင်ရာ အချို့နေရာဒေသ၌သာ အသုံးပြုခဲ့ကြသည်။ နောက်ဆုံး အာခါရိုးရာ ထိန်းသိမ်းရန်အတွက်ဟု ရည်ရွယ်ကာ ၂၀၀၀ ခုနှစ်တွင် ထိုင်းနိုင်ငံမှ ဒေါက်တာ လီယိုဗိုဂေဆို က စီမံတီထွင်ပြန်သော်လည်း အထက်ပါအတိုင်း ကျယ်ပြန့်မှုမရှိခဲ့ကြောင်း သိရပြန်သည်။
၂၀၀၄ ခုနှစ်မှ ယနေ့ထိ အသုံးပြုနေသော ဗြန့်ဒီအာခါစာပေ
ဗြန့်ဒီအာခါစာပေဆိုသည်မှာ ကက်သလစ် နှင့် နှစ်ခြင်း အတွက် တနည်းဆိုရသော် အာခါခရစ်ယာန် တိုင်းရင်းသားများအတွက် ၂၀၀၄ ခုနှစ်တွင် ကျိုင်းတုံမြို့မှ ဆရာတော် ဦးနိုးဝေက စီမံတီထွင်ခဲ့ပြီး ယနေ့ထိလည်း သာသနာအတွက် အသုံးပြုနေလျှက်ရှိကြောင်း သိရသည်။ အဆိုပါ
ဗြန့်ဒီအာခါစာပေသည် ကက်သလစ်နှင့် နှစ်ခြင်းခရစ်ယာန်အာခါများ ပေါင်းစည်းထားသော ဘာသာရေး စာပေအဖြစ် အဓိကထား သုံးစွဲသည်ကိုလည်း သိရသည်။
၂၀၀၈ ခုနှစ်မှစ၍ အာခါတိုင်းရင်းသားလူမျိုးစု အားလုံးအတွက် တစ်ခုတည်းသော အာခါစာပေထွက်ပေါ်
၁၉၂၇ ခုနှစ်မှစ၍ ၂၀၀၄ ခုနှစ်ထိ အာခါစာပေဟူ၍ အမျိုးမျိုး ထွက်ပေါ်လာခဲ့သည် ဖြစ်သော်လည်း ကမ္ဘာပေါ်ရှိ အာခါတိုင်းရင်းသားလူမျိုးစုအားလုံး အနေဖြင့် တသွေးတည်းတသားတည်း အတည်ပြုသုံးစွဲဖို့ လိုအပ်လာကြောင်းကို ပြည်တွင်း ပြည်ပ အာခါစာပေပညာရှင်များနှင့် ခေတ်ပညာတတ် အာခါတိုင်းရင်းသားများက အကြိမ်ကြိမ် တွေ့ဆုံ ဆွေးနွေးတိုင်ပင် ညှိနှိုင်းခဲ့ကြပြီး ၂၀၀၈ ခုနှစ်တွင် ထိုင်းနိုင်ငံ မယ်ဆိုင်မြို့၌ တရုတ်၊ မြန်မာ၊ ထိုင်း နှင့် လာအိုနိုင်ငံတို့ရှိ ခေတ်ပညာတတ် အာခါတိုင်းရင်းသားများ တွေ့ဆုံခဲ့ကြပြီးနောက် အာခါတိုင်းသားများ သင်ရိုးညွှန်းတမ်းစာအုပ်ကို စီမံပြီး ထုတ်ဝေခဲ့ကြသည်။
ဆက်လက်၍ မိမိတို့၏ အာခါစာပေသင်ရိုးညွှန်းတမ်းအား အဆင့်မြှင့်တင် မွမ်းမံနိုင်ရန် တရုတ်၊ မြန်မာ၊ ထိုင်း နှင့် လာအိုနိုင်ငံရှိ ခေတ်ပညာတတ် အာခါတိုင်းရင်းသားများ၏ အကြံဉာဏ် နှင့် လိုအပ်ချက်များကို ဖြည့်စွက်ရန်အတွက် ၂၀၀၉ ခုနှစ်တွင် တရုတ်နိုင်ငံ၊ ကျင်းဟုန်မြို့၌ ထပ်မံတွေ့ဆုံကာ သင်ရိုးညွှန်းတမ်းအား မွမ်းမံခဲ့ကြသည်။
အဆိုပါ သင်ရိုးညွှန်တမ်းသည် ကမ္ဘာပေါ်ရှိ အာခါတိုင်းရင်းသားလူမျိုးစုအတွက် တစ်ခုတည်း တစ်စိုက်မတ်မတ် အသုံးပြုသွားမည့် စာပေဖြစ်သလို စကား နှင့် စာ တို့သည်လည်း အားလုံး တပြေးညီတည်း ဖြစ်စေသည်။ ယခင်က အာခါစကားများသည် မြန်မာနိုင်ငံမှ အာခါတိုင်းရင်းသားများ အနေဖြင့် တမျိုး၊ ထိုင်းနိုင်ငံမှ အာခါတိုင်းရင်းသားများ အနေဖြင့်တမျိုး၊ စသည်ဖြင့် တရုတ်၊ လာအို၊ ဗီယက်နမ်နိုင်ငံများအလိုက် လူ့အသုံးအဆောင်ပစ္စည်း အမျိုးအမည်များနှင့် အချို့သော အသုံးအနှုန်းများသည် နိုင်ငံအလိုက်၊ ဒေသအလိုက် ခေါ်ဝေါ်နေကြသည့်အတွက် အားလုံးကို တညီတညွှတ်တည်း ဖြစ်စေရန် Dawq Siq Paer Tanr (1) အမည်ရှိ သင်ရိုးညွှန်းတမ်း စာအုပ်၌ ဖော်ပြထားသည်ကို တွေ့ရှိရပြီး အာခါတိုင်းရင်းသားလူမျိုးစုအတွက် သင်ရိုးညွှန်းတမ်း စာအုပ်အဖြစ် ၂စုံ၊ အုပ်ရေဖြင့် ၄ အုပ် ထုတ်ဝေထားပြီး အဆိုပါ သင်ရိုးညွှန်းတမ်းထဲ၌ အာခါတိုင်းရင်းသားများ နေထိုင်ရာ ၅ နိုင်ငံရှိ အာခါလူမျိုးစုအတွက် တပြေးညီဖြစ်စေရန် အာခါစာ တစ်မျိုးတည်းဖြင့်သာ ရိုက်နှိပ်ဖော်ပြထားပေသည်။
ယခင်က အာခါစာပေတွင် အချို့သော အက္ခရာများမှာ အတွန့်အတက်များစသည့် သင်္ကေတများ ပါရှိနေရာ ခေတ်ပညာတတ် အာခါတိုင်းရင်းသားများမှ အိုင်တီခေတ်တွင်လည်း အခက်အခဲ မရှိစေရန် အတွက် ကွန်ပျူတာနှင့် လက်ကိုင်ဖုန်းများတွင်လည်း အာခါစာဖြင့် ရေးသားအသုံးပြုနိုင်ရန် လက်ရှိ အင်္ဂလိပ်စာလုံးများဖြင့် အသုံးပြုရန်အဆင်ပြေစေရေးအတွက် ယခင်ကပါရှိနေသော အသံသင်္ကေတများကို
ပယ်လိုက်ပြီး အင်္ဂလိပ်စာ အာခါစာပေ ဗျည်း၌ မသုံးသော အက္ခရာဖြင့်သာရွေးချယ် အသုံးပြုစေခဲ့ကြသည်။ ထို့အတွက် ကွန်ပျူတာနှင့် အီလက်ထရောနစ် ပစ္စည်းများတွင် အသုံးပြုရန်အတွက် အာခါစာလုံးဟူ၍ သီးသန့် တီထွင်စရာ မလိုတော့သည်မှာ အားသာချက် တခုပင်ဖြစ်စေခဲ့သည်။
ယခုပေါင်းစည်းကာ အတည်ပြု ပြဋ္ဌာန်းလိုက်သည်ဖြစ်သော အာခါစာပေသင်ရိုးညွှန်တမ်း AQKAQ SANQ BOVQ DZAW DMQ (1) တွင် ဗျည်း ၂၅လုံး၊ သရ ၁၆လုံး၊ တက်ကျအသံ ၆လုံး နှင့် စာလုံးပေါင်းနည်း များကိုလည်း ဖော်ပြထားသည်ဖြစ်ရာ နမူနာအနေဖြင့် အောက်ပါ အက္ခရာများကို ကြည့်ရှု့နိုင်ပါသည်။
B | C | D | G | H |
J | K | L | M | N |
P | S | T | Y | Z |
BY | DZ | GH | KH | MY |
NG | NY | PY | X | TS |
A | E | I | O | U |
M | AE | AN | AW | EE |
EI | OE | OI | AI | AM |
AO |
Teir ye | ---> | ... | |
Teir nanq | ---> | q | အသံနိမ့် |
Teir ghanr | ---> | r | အသံမြင့် |
Teir tsaev | ---> | v | အသံပြတ် |
Teir tsaev nanq | ---> | vq | အသံပြတ်နိမ့် |
Teir tsaev ghanr | ---> | vr | အသံပြတ်မြင့် |
BA | - | ba | baq | bar, | bav | bavq | bavr |
CA | - | ca | caq | car, | cav | cavq | cavr |
DA | - | da | daq | dar, | dav | davq | davr |
GA | - | ga | gaq | gar, | gav | gavq | gavr |
HA | - | ha | haq | har, | hav | havq | havr |
အထက်၌ ဖော်ပြထားသော အက္ခရာများမှာ အာခါအက္ခရာများဖြစ်ကြပြီး အဆိုပါ အက္ခရာများဖြင့် ၅ နိုင်ငံတွင် နေထိုင်ကြသော အာခါလူမျိုးစုများအားလုံး အတည်ပြုကာ တပြေးညီသုံးစွဲနေကြသည်ဖြစ်သလို အာခါစကား အသံနေ အသံထားကိုလည်း အားလုံးတူညီနိုင်ရန်အတွက်လည်း သင်ရိုးညွှန်းတမ်း AQKAQ SANQ BOVQ DZAW DMQ (1+2) မှာ
ပြဋ္ဌာန်းပေးထားသည်ကို တွေ့ရှိရသည်။
အသံနေ အသံထား ညှိနှိုင်းတူညီ
သင်ရိုးညွှန်းတမ်း Dawq Siq Paer Tanr (1)၌ မြန်မာ၊ လာအို၊ ထိုင်း၊ တရုတ် နှင့် ဗီယက်နမ်နိုင်ငံတို့တွင် အများဆုံးနေထိုင်ကြသော အာခါလူမျိုးစုတို့၏ ပြောဆိုသုံးနှုန်းသော စကားမှာ
ဒေသအလိုက် ကွဲပြားမှုရှိကြောင်း နှင့် အချို့သော ပြောစကားအသံနေ အသံထားမှာ မတူညီကြောင်းကို ဖော်ပြထားသည်ကို တွေ့ရသည်။
ဥပမာအနေဖြင့် ဖော်ပြရသော် "လက်ကိုင်ဖုန်း"ကို....
- မြန်မာနိုင်ငံ မှ အာခါလူမျိုးစုက - Laer kaiq por
- ထိုင်းနိုင်ငံ မှ အာခါလူမျိုးစုက - Meer teeq
- ဗီယက်နမ်နိုင်ငံ မှ အာခါလူမျိုးစုက - Naq gaq
- လာအိုနိုင်ငံ မှ အာခါလူမျိုးစုက - Meer teeq
- တရုတ်နိုင်ငံ မှ အာခါလူမျိုးစုက - Se jir
စသည်ဖြင့် ကွဲပြားမှုများ ရှိနေသည့်အတွက် မြန်မာနိုင်ငံမှဖြစ်စေ အခြား ၄ နိုင်ငံမှ ဖြစ်စေ အာခါလူမျိုးစုတို့ တွေ့ဆုံသည့်အခါမှာ လူမျိုးချင်းတူညီသော်လည်း ပြောဆိုသည့် အသုံးအနှုန်းမှာ အခက်တွေ့စေမည်ဖြစ်တဲ့အတွက် ၂၀၀၈ခုနှစ်ကစပြီး အသံတစ်သံတည်း ထွက်အောင် သတ်မှတ်စေခဲ့ကြသည်။
ဥပမာအနေဖြင့် ပြထားသော လက်ကိုင်ဖုန်း အခေါ်အဝေါ်မှာ ၅ နိုင်ငံတွင် ၃ နိုင်ငံက ကွဲပြားနေတာကို တွေ့ရမည်ဖြစ်ပါသည်။ ထို့အတွက် အားလုံးတပြေးညီဖြစ်စေရန်အတွက် လက်ကိုင်ဖုန်းကို Lavqyur Naqgaq ဟု သတ်မှတ်စေခဲ့ကြသည်။
အချို့သော ပြောဆိုမှုများကို အားလုံးတူညီနေစေရန်အတွက် သင်ရိုးညွှန်းတမ်းဖြစ်သည့် AQKAQ SANQ BOVQ DZAW DMQ (1+2) နှင့် Dawq Siq Paer Tanr (1+2)တို့တွင် ဖော်ပြထားပါသည်။
ယခုအခါမှာ အထက်၌ ဖော်ပြထားသော ဘာသာရေးနှင့် နေရာဒေသကိုအခြေမခံပဲ လူမျိုးစုကိုသာ အခြေခံထားသည့် အာခါစာပေ သင်ရိုးညွှန်းတမ်းအတိုင်း မြန်မာနိုင်ငံ၊ ထိုင်းနိုင်ငံ၊ လာအိုနိုင်ငံ နှင့် တရုတ်နိုင်ငံတို့တွင် သင်ကြားပို့ချပေးနေလျှက်ရှိပြီး ထိုင်းနိုင်ငံ တောင်ပေါ်ဒေသများရှိ အာခါလူမျိုးစုတို့ အများအပြား နေထိုင်ရာ မြို့များ နှင့် ကျေးရွာများတွင် အာခါစာပေဘာသာရပ်အဖြစ် အတန်းချိန် တစ်ချိန်သတ်မှတ်ကာ သင်ကြားပို့ချပေးနေလျှက်ရှိကြောင်း သိရသည်ဖြစ်သည့်အတွက် အာခါတိုင်းရင်းသားများ၏ အနာဂတ်စာပေသည် အာခါတိုင်းရင်းသားအားလုံးအတွက် စည်းလုံးညီညွှတ်မှုနှင့် အာခါယဉ်ကျေးမှုကို ထိန်းသိမ်းနိုင်မည့် ပင်မ အသက်သွေးကြော ဖြစ်လာတော့မည့် အသွင်သဏ္ဍာန်အဖြစ် မြင်ယောင်မိပါတော့သည်။
~~~ ကိုးကား ~~
- AQKAQ SANQ BOVQ DZAW DMQ ( 1 )
- AQKAQ SANQ BOVQ DZAW DMQ ( 2 )
- Dawq Siq Paer Tanr ( 1 )
- Dawq Siq Paer Tanr ( 2 )
- အာခါစာပေဖြစ်ပေါ်လာပုံသမိုင်း သိကောင်းစရာများ