ရှေးဦးစွာ တာချီလိတ်မြို့နယ်အုပ်ချုပ်ရေးမှူး ဦးရဲထူးက အဖွင့်အမှာစကားပြောကြားပြီး တာချီလိတ်မြို့နယ် စည်ပင်သာယာရေးအဖွဲ့ အမှုဆောင်အရာရှိ ဒုတိယညွှန်ကြားရေးမှူး ဦးကိုကို က လမ်းခင်းကျင်းရခြင်းနှင့် ပတ်သက်၍ ရှင်းလင်းပြောကြားပြီး ဒေသခံ တိုင်းရင်းသားတစ်ဦးမှ ယခုလို သက်ဆိုင်ရာမှ လမ်းခင်းပေးတာနှင့် ပတ်သက်၍ ကျေးဇူးတင်စကား ပြောကြားသွားခဲ့သည်။
ဆက်လက်၍ အဆိုပါ အခမ်းအနားတွင် ပြည်နယ်စည်ပင်သာယာရေးဝန်ကြီး ဦးစိုင်းလှဝင်း၊ တာချီလိတ်ခရိုင်အုပ်ချုပ်ရေးမှူး ဦးသောင်းတင်ထွေး နှင့် တာချီလိတ်မြို့နယ် စည်ပင်သာယာရေးအဖွဲ့ အမှုဆောင်အရာရှိ ဒုတိယညွှန်ကြားရေးမှူး ဦးကိုကို တို့မှ ကတ္တရာလမ်းသစ်အား ဖဲကြိုးဖြတ် ဖွင့်လှစ်ပေးခဲ့ကြရာ ခရိုင်အဆင့်၊ မြို့နယ်အဆင့် ဌာနဆိုင်ရာများနှင့် ဒေသခံ တိုင်းရင်းသားများ၊ လူမှုရေးအသင်းအဖွဲ့များ၊ ကျေးရွာအုပ်ချုပ်ရေးမှူးများ စသည်တို့မှ တက်ရောက်လာခဲ့ကြသည်ကို တွေ့ရှိရသည်။
ယခု ဖွင့်လှစ်လိုက်သည့် အာခါဗုဒ္ဓကျောင်းလမ်း ကတ္တရာလမ်းသစ်အား ၂၀၁၃ခုနှစ် မေလ(၂၀)ရက်နေ့က စတင်၍ ပြုလုပ်လာခဲ့တာဖြစ်ပြီး လမ်းအား ကတ္တရာခင်းကျင်းချိန်မှာ အချိန်ကာလ (၇)လ၀န်းကျင် ကြာခဲ့ပြီး လမ်း၏ အရှည်မှာ ( ၅၉၆၀)ပေ နှင့် အနံ (၁၂)ပေ ရှိပြီး ထုထည်မှာ (၉)လက်မ အထူရှိသည်ဖြစ်ရာ လမ်း၏ စုစုပေါင်း ကုန်ကျငွေမှာ ကျပ် (၇၉၁)သိန်း ၀န်းကျင် ကုန်ကျမှုရှိကြောင်း သိရသည်။
"အခုလို ကတ္တရာလမ်းခင်းပေးတဲ့အတွက် အရမ်းဝမ်းသာပါတယ်၊ အရင် လမ်းမခင်းမီတုန်းကဆိုရင် လမ်းက ကြမ်းတယ်၊ အခုတော့ ကျွန်တော်တို့ ရွာလမ်းလေး အဆင်ပြေသွားပြီ"ဟု အာခါတိုင်းရင်းသား တစ်ဦးမှ တာချီလိတ်အွန်လိုင်းသို့ ၀မ်းသာမှုဖြင့် ပြောပြသည်။
တာချီလိတ်မြို့နယ်စည်ပင်သာယာရေးမှ ၂၀၁၃-၂၀၁၄ ဘဏ္ဍာနှစ်ထဲ၌ ပါဝင်သော လမ်းများကို အကုန်အကျခံကာ ဖောက်လုပ်၊ ပြုပြင်၊ ခင်းကျင်းပေးသွားမှာဖြစ်ပြီး ဘဏ္ဍာနှစ်ထဲ မပါဝင်သည့် လမ်းများကို ရပ်ကွက်အတွင်းရှိ စေတနာရှင်များအနေဖြင့် ခင်းကျင်းလိုပါက ပြည်နယ်အစိုးရအဖွဲ့မှ ၀ယ်ယူ၍ ချပေးထားသော ကတ္တရာများကို အခမဲ့ ရရှိနိုင်မှာ ဖြစ်သည့်အတွက် မိမိတို့ ရပ်ကွက်အတွင်းရှိ လမ်းများအား ကိုယ်ထူကိုယ်ထ စနစ်ဖြင့် ကတ္တရာလမ်းခင်းလိုပါက မြို့နယ်စည်ပင်သာယာရေးရုံးသို့ လာရောက်၍ တင်ပြရန် လိုကြောင်း မြို့နယ်စည်ပင်သာယာရေးဌာနမှ သိရှိရသည်။
"ပြည်နယ်အစိုးရအဖွဲ့က ချပေးထားတဲ့ ကတ္တရာတွေ ရှိပါတယ်။ ရပ်ကွက်အတွင်းက လမ်းတွေကို ကတ္တရာလမ်းအဖြစ် ခင်းချင်တယ်ဆိုရင်၊ ကျွန်တော်တို့ စည်ပင်သာယာရေးအဖွဲ့က ကတ္တရာအပါအ၀င် လိုအပ်တဲ့ ယန္တရားတွေနဲ့ ပံ့ပိုးပေးမှာဖြစ်ပါတယ်။ လမ်းခင်းလိုတဲ့ ဘက်က လုပ်အားခ၊ သဲဖိုး၊ ကျောက်ဖိုးလောက်ပဲ ကုန်မှာပါ၊ အသေးအစိတ်ကိုတော့ စည်ပင်သာယာရေးရုံးမှာ လာရောက်စုံစမ်းနိုင်ပါတယ်"ဟု တာချီလိတ်မြို့နယ် စည်ပင်သာယာရေးအဖွဲ့မှ တာဝန်ရှိသူ တစ်ဦးက တာချီလိတ်အွန်လိုင်းသို့ ပြောပြသည်။
ပုံများကိုကြည့်ရန်