တာချီလိတ်ခရိုင် ယာဉ်စည်းကမ်း လမ်းစည်းကမ်း ထိန်းသိမ်းရေး ကြီးကြပ်မှုကော်မတီ ဥက္ကဌ ခရိုင်ရဲတပ်ဖွဲ့မှူး ဒုတိယရဲမှူးကြီး ၀င်းထွန်း ဦးဆောင်၍ အခမဲ့ပေးဝေရာတွင် ခရိုင်အုပ်ချုပ်ရေးမှူး ဦးသောင်းတင်ထွေး၊ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးရဲထူး၊ မြို့သာယာလှပရေး အထောက်အကူပြုအဖွဲ့ နှင့် တာချီလိတ်ယာဉ်ထိန်းရဲတပ်ဖွဲ့ တပ်စိတ်(၂)မှ တပ်စိတ်မှူး ရဲအုပ်သန်းဇော်လင်း၊ ရဲအုပ်စံသိန်းနှင့် ယာဉ်ထိန်းရဲတပ်ဖွဲ့ဝင်များ ပါဝင်ခဲ့ကြပြီး ဆိုင်ကယ်စီး ဦးထုပ်မဆောင်းဘဲ စည်းကမ်းမဲ့ ဆိုင်ကယ် မောင်းနင်နေသည့် ဆိုင်ကယ်မောင်းသူများအား အသိပညာပေးဟောပြော၍ ပေးဝေခဲ့ကြခြင်းဖြစ်သည်။
ထိုသို့ အသိပညာပေးဟောပြောရာတွင် ရဲအုပ်စံသိန်းမှ ဆိုင်ကယ်စီးဦးထုပ်များ အခမဲ့ပေးဝေရခြင်း၏ အဓိက ရည်ရွယ်ချက်များနှင့် ဆိုင်ကယ်မောင်းနင်ရာတွင် ဆိုင်ကယ်စီးဦးထုပ်မဆောင်း၍ ယာဉ်တိုက်မှု ဖြစ်ပွားပါက ဦးခေါင်းဒဏ်ရာရရှိခြင်းကြောင့် သေဆုံးရခြင်းဖြစ်ကြောင်း စသည့်ဖြင့် အသိပညာပေးဟောပြောပြီး အခမ်းအနား မပြုလုပ်မီ စစ်ဆေးတွေ့ရှိရသည့် ဆိုင်ကယ်စီး ဦးထုပ်မဆောင်းဘဲ စည်းကမ်းမဲ့ ဆိုင်ကယ် မောင်းနင်နေသူများထဲမှ အမျိုးသား (၁၃၅)ဦး နှင့် အမျိုးသမီး (၆၅)ဦး စုစုပေါင်း (၂၀၀)ဦးတို့ကို ဆိုင်ကယ်စီး ဦးထုပ်များအား တက်ရောက်လာသည့် တာဝန်ရှိပုဂ္ဂိုလ်များက လက်ဝယ်အရောက် အခမဲ့ ပေးဝေခဲ့ကြသည်။
တာချီလိတ်မြို့တွင် ယခုရက်ပိုင်း၌ ယာဉ်တိုက်မှုများ မကြာခဏဖြစ်ပွားနေပြီး၊ ယာဉ်တိုက်မှု ဖြစ်ပွားသည့် အခါတွင်လည်း ဆိုင်ကယ်နှင့် ကား တိုက်မှုများကြောင်း သိရသည်။ အဆိုပါ ယာဉ်တိုက်မှုများအနက် ဆိုင်ကယ်မောင်းသူများမှာ ဆိုင်ကယ်စီး ဦးထုပ်မဆောင်းသည့်အတွက် အများအားဖြင့် ဦးခေါင်းပိုင်းတွင် ဒဏ်ရာများရရှိတာဖြစ်ကြောင်းလည်း သိရသည်။
" မနက်က မော်တော်ပီကယ် ဖမ်းတယ်ဆိုတော့ ဒဏ်ငွေရိုက်မယ်ထင်နေတာ၊ ရှမ်းရိုးမကွင်းထဲ ရောက်တော့ ဆိုင်ကယ်ဦးထုပ်တွေကိုလည်း တွေ့ရပြန်တော့၊ ဆိုင်ကယ်စီး ဦးထုပ်တွေ ရောင်းမို့လားမသိဘူး၊ ပိုက်ဆံမပါတော့ ခက်ပြီလို့ တွေးမိလိုက်သေးတယ်၊ မကြာပါဘူး၊ မော်တော်ပီကယ်တစ်ဦးက ဆိုင်ကယ်စီး ဦးထုပ်တွေ အလကားပေးမှာ လို့ ပြောလာတော့ ပျော်သွားတယ်၊"ဟု စည်းကမ်းမဲ့ ဆိုင်ကယ်စီးဦးထုပ်မဆောင်းပဲ မောင်းနင်သူ အမျိုးသမီး တစ်ဦးမှ ပြောလာသည်။
"ကျွန်တော်ကတော့ဗျာ မုန့်ဝေတဲ့အလှည့် မရောက်ပဲ တုတ်ဝေတဲ့အလှည့်ကြုံခဲ့ရတယ်၊ ဟိုနေ့က ဆိုင်ကယ်စီး ဦးထုပ်မဆောင်းလို့ ဒဏ်ငွေဆောင်လိုက်ရတယ်၊ ဒီနေ့ ဆိုင်ကယ်စီးဦးထုပ်တွေ အခမဲ့ ပေးတယ်ဆိုတော့မှ ကျွန်တော် ဦးထုပ်ဆောင်းပြီး မောင်းဖြစ်တယ်"ဟု ဆယ်ကျော်သက်အရွယ်
ကောင်လေးတစ်ဦးမှ နောက်နောက်ပြောင်ပြောင် ပြောလာသည်။
"ဒီအစီအစဉ်က ကောင်းပါတယ်၊ ဆိုင်ကယ်ဦးထုပ်မဆောင်းတဲ့ လူတွေကို သက်ဆိုင်ရာက ကိုယ်တိုင်ဆောင်းပေးသလိုပါပဲ၊ ခက်တာက ယာဉ်မောင်းတွေ ကိုယ်တိုင်က အသက်ကို နှမျှောစိတ်ရှိတယ်ဆိုရင် ယာဉ်/လမ်း စည်းကမ်းလေးတော့ အသိစိတ်နဲ့ လိုက်နာကျင့်သုံးသင့်တယ်လေ"ဟု မြို့မိမြို့ဖ တစ်ဦးမှလည်း တာချီလိတ်အွန်လိုင်းသို့ ပြောသည်။
Tachileik Online News