တာချီလိတ်၌ ရေကျသွားသော်လည်း တင်ကျန်နေခဲ့သည့် နုန်းများကြောင့် အခက်တွေ့

တာချီလိတ်၌ ရေကျသွားသော်လည်း တင်ကျန်နေခဲ့သည့် နုန်းများကြောင့် အခက်တွေ့
စက်တင်ဘာ 7, 2014
By Tachileik News Agency
၂၀၁၄ခုနှစ် စက်တင်ဘာလ(၆)ရက် နံနက်ပိုင်း မှစတင်၍ မိုးများရွာသွန်းမှုနှင့်အတူ တောင်ကျရေများကြောင့် တာချီိလိတ်မြို့ပေါ် ရပ်ကွက်များအားလုံး နီးပါး ရေကြီးနစ်မြှုပ်မှုများ ဖြစ်ပေါ်ခဲ့ရာ အဆိုးရွားဆုံး ရေကြီးရေလျှံမှုအဖြစ် ပုန်းထွန်ရပ်ကွက် နှင့် ၀မ်ကောင်းရပ်ကွက်တို့တွင် အကြီးမားဆုံး ရေကြီးမှုဒဏ်ကို ခံခဲ့ရပြီးနောက် ယနေ့ စက်တင်ဘာလ(၇)ရက်နေ့တွင် အဆိုပါ ရေကြီးရေလျှံမှု ဖြစ်ပေါ်ခဲ့သော ရပ်ကွက်များ၌ နုန်းမြေများ၊ ရွံ့နွံများ၊ အမှိုက်များ တင်ကျန်နေခဲ့ရာ အိမ်ခြေ(၃၀၀)ကျော် ရေဘေးသင့်ခံခဲ့ရသော တာချီလိတ်မြို့ ပုန်းထွန်ရပ်ကွက်ထဲတွင် ရှမ်းပြည်နယ်(အရှေ့ပိုင်း) သတ္တုလုပ်ငန်းရှင်များအသင်း ဥက္ကဌ ဦးမြင့်ဦး ဦးဆောင်သည့်အဖွဲ့မှ မည်သူတစ်ဦးတစ်ယောက်၏ ညွှန်ကြားချက်ကြောင့်မဟုတ်ပဲ နုန်းမြေများ၊ ရွံ့နွံများ၊ အမှိုက်များ ရှင်းလင်းဖယ်ရှားပေးနေသည်ကို တွေ့ရှိရသလို တာချီလိတ်မြို့နယ် စည်ပင်သာယာရေးဌာနမှလည်း ရှင်းလင်းပေးနေတာကို တွေ့ရှိရသည့်အပြင် ရပ်ကွက်သူ၊ ရပ်ကွက်သားများမှလည်း ကိုယ်ထူကိုယ်ထ ဆောင်ရွက်နေကြသည်ကိုလည်း တွေ့ရှိရသည်။ 
ရှမ်း(ရှေ့)သတ္တုလုပ်ငန်းရှင်များအသင်း ဥက္ကဌ ဦးမြင့်ဦးက "မိုးရာသီကာလဆိုတော့ သတ္တူလုပ်ငန်းတွေ နားထားရတယ်၊ အခုလည်း မည်သူတစ်ဦးတစ်ယောက်က ညွှန်ကြားလို့မဟုတ်ပဲ ကိုယ့်ဘာသာ သန့်ရှင်းရေးတွေ လုပ်ပေးနေပါတယ်။ လောလောဆယ် ဗိုလ်ချုပ်လမ်းမကြီးကို အရင်ဆုံး ရှင်းလင်းနေပါတယ်၊ ပြီးမှ ကျန်တဲ့ လမ်းတွေကို ဆက်ရှင်းသွားမယ်.."ဟု တာချီလိတ်အွန်လိုင်းသို့ ပြောပြသည်။
နုန်းမြေများ ဒုတိယအများဆုံးတင်ကျန်နေခဲ့သည့် တလော့ဈေးအတွင်း၌ "ဆိုင်တိုင်းကတော့ နုန်းတွေ၊ ရွံ့တွေကို ကိုယ်ဘာသာပဲ ရှင်းလင်းနေကြတယ်၊ ရှင်းလင်းပြီးသွားရင် ဒီနုန်းထုတ်တွေ ကားနဲ့ သယ်ဖို့တော့လိုနေတယ်၊ နောက်ပြီး ရေထိုးဆေးချဖို့လည်း အကူအညီတွေလိုအပ်နေသေးတယ်"ဟု တာလော့ရပ်ကွက်ဈေးသည်တစ်ဦးက တာချီလိတ်အွန်လိုင်းသို့ ပြောသည်။

"ခါတိုင်းဆိုရင်တော့ ရေကြီးတာက နည်းနည်းလေးပဲ ဖြစ်တော့ တင်ကျန်နေခဲ့တဲ့ နုန်းတွေကို ရှင်းလင်းဖယ်ရှားတာ ခဏလေးဆိုပေမဲ့ အခုက အဆိုးရွားဆုံး ဖြစ်ပေါ်ခဲ့တာဆိုတော့  တင်ကျန်နေတဲ့ နုန်းတော်တော်များများကို ဖယ်ရှားပေးတာ၊ ရေထိုးချပေးတာတွေက လွယ်လွယ်နဲ့ မပြီးနိုင်ဘူး၊ မီးသတ်ကားလည်း ၃-၄စီးပဲ ရှိတာတွေ့ရတယ်၊ အဲ့ဒီတော့ ဒီနုန်းတွေ အမြန်ဆုံး ဖယ်ရှားပေးနိုင်ဖို့ ကျွန်တော်တို့လည်း ကြိုးစားဆောင်ရွက်နေပါတယ်.."ဟု ပုန်းထွန်ရပ်ကွက်မှ ကယ်ဆယ်ရေးအဖွဲ့ဝင် တစ်ဦးက ပြောလာသည်။

သတင်း။   ။ ကိုဇောင်း
~⊱•❈❀ღ✿⊰❂⊱✿ღ❀❈•⊰~
Tachileik Online News
~⊱•❈❀ღ✿⊰❂⊱✿ღ❀❈•⊰~
~~~~~~~~~ ကြော်ငြာ ~~~~~~~~~