တာချီလိတ်မြို့တွင်း သန့်ရှင်းသာယာလှပရေးအတွက် လူထုပါဝင်သည့် အပတ်စဉ် စနေနေ့တိုင်း သန့်ရှင်းရေးကို တချီလိတ်၌ ၂၀၁၄ခုနှစ် စက်တင်ဘာလအတွင်းက စတင် ဆောင်ရွက်လာခဲ့ရာ ဒီဇင်ဘာလ (၁၃)ရက် နှင့် ဒီဇင်ဘာလ (၁၄)ရက် နှစ်ရက် ဆက်တိုက် လူမှုရေးအဖွဲ့အစည်း မဟုတ်သည့် တာချီလိတ်ဒေသခံ မိသားစုမှ ၎င်းတို့၏ အသိစိတ်ဖြင့် တာချီလိတ်ရွှေတိဂုံစေတီတော်တစ်ဝိုက်အား သန့်ရှင်းရေး ပြုလုပ်ခဲ့ကြောင်း သိရသည်။
ဒီဇင်ဘာလ(၁၃)ရက်နေ့က တာချီလိတ်ရွှေတိဂုံစေတီ အတက်ရှိ လှေကားထစ်များတွင် တာချီလိတ်မြို့ မကာဟိုခမ်း၊ ဗိုလ်ချုပ်လမ်းမဘေးတွင် ဖွင့်လှစ်ထားရှိသည့် One Mobile ဖုန်းဆိုင်မှ မ၀မ်း မိသားစုက စည်ပင်သာယာရေးမှ နေ့စားလပေး သန့်ရှင်းရေး ၀န်ထမ်းများ၏ အကူအညီရယူကာ ရွှေတိဂုံစေတီ အတက် လှေကားများ အတွင်းမှ အညစ်အကြေးများ၊ အမှိုက်များအား ရှင်းလင်းစေခဲ့ကြောင်း သိရသည်။
ယခုလို အသိစိတ်ဓါတ်ဖြင့် ဦးဆောင်ကာ သန့်ရှင်းရေးပြုလုပ်ရခြင်းနှင့် ပတ်သက်၍ "ကျွန်မ မနက်တိုင်း ရွှေတိဂုံလှေကားတစ်လျှောက် လမ်းလျှောက်တော့၊ ဒီနားမှာ အမှိုက်တွေများနေတာကိုလည်း တွေ့ရသလို၊ ညည ဒီနေရာမှာ လာပြီး အိပ်တဲ့လူတွေ မစင်စွန့်ထားတာတွေလည်းရှိသလို ပုလင်းတွေ အမှိုက်တွေလည်း များပြီး ဖြတ်သန်းဖြတ်လာ သူတွေအတွက် နံတဲ့အပြင် အမြင်မတော်တဲ့အတွက် အိမ်မှာက လူအင်အားနည်းတော့ စည်ပင်သာယာရေးက သန့်ရှင်းရေးအဖွဲ့ကို အကူအညီတောင်းပြီး အခုလို သန့်ရှင်းရေး လုပ်ဖြစ်တာပါ.."ဟု One Mobile ဖုန်းဆိုင်မှ မ၀မ်းက တာချီလိတ်အွန်လိုင်းသို့ ရှင်းပြသည်။
ယခုလို ပြည်သူတစ်ဦးတစ်ယောက်၏ အသိစိတ်ဖြင့် သန့်ရှင်းရေးလုပ်ဆောင်သည့် One Mobile ဖုန်းဆိုင် မိသားစုမှ ၎င်းတို့ လုပ်ဆောင်သော သန်ရှင်းရေးတွင် ပါဝင် ကူညီပေးသည့် နေ့စားလပေး စည်ပင်သန့်ရှင်ရေး စည်ပင်ဝန်ထမ်း (၁၃)ဦးအတွက် ဘတ်(၃၉၀၀)ကိုလည်း ပြန်လည်ပေးအပ် ကူညီလိုက်ကြောင်း သိရသည်။
ဒီဇင်ဘာလ(၁၅)ရက်မှာလည်း One Mobile ဖုန်းဆိုင် မိသားစုမှ တာချီလိတ်ရွှေတိဂုံ အတက် လှေကားတစ်လျှောက် မီးသတ်ဦးစီးဌာနမှ မီးသတ်ကား နှစ်စင်းဖြင့် ရေ(၁၅)စီးစာ အကုန်အကျခံ၍ အသုံးပြုကာ ရွှေတိဂုံကုန်းပေါ်ရှိ ခေါက်ဆွဲဆိုင်နေရာများ၊ လှေကားထစ်များ နှင့် အနီးတစ်ဝိုက်ကို သန့်ရှင်းရေး ဆောင်ရွက်ခဲ့ကြသည်။
တာချီလိတ်မြို့တွင် လူမှုအဖွဲ့အစည်း မဟုတ်ဘဲ ပြည်သူတစ်ဦး တစ်ယောက်အနေဖြင့် တာဝန်သိစိတ်ဖြင့် တတ်နိုင်သည့်ဘက်မှ ယခုလို ဆောင်ရွက်မှုအပေါ် တာချီလိတ်အွန်လိုင်းမှ ဂုဏ်ပြုသည့် အနေဖြင့် သတင်းဖော်ပြလိုက်ပါသည်။
ပုံများကိုကြည့်ရန်