ရွာပေါင်း (၁၂)ရွာအတွက် အားထားရမည့် ကွန်ကရစ်တံတား တည်ဆောက်နေမှု (၉၀)ရာခိုင်နှုန်းခန့် ပြီးစီး

ရွာပေါင်း (၁၂)ရွာအတွက် အားထားရမည့် ကွန်ကရစ်တံတား တည်ဆောက်နေမှု (၉၀)ရာခိုင်နှုန်းခန့် ပြီးစီး
ဒီဇင်ဘာ 27, 2014
By Tachileik News Agency

ရှမ်းပြည်နယ် အစိုးရအဖွဲ့မှ ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများတွင် အသုံးပြုဆောင်ရွက်နိုင်ရန်အတွက် မြို့နယ်အထောက်အကူပြု အဖွဲ့သို့ ကျပ်သိန်းပေါင်း (၄၀၀)ချပေးထားလျက်ရှိပြီး လက်ကျန်ငွေဖြစ်သည့် ကျပ်သိန်းပေါင်း (၂၃၀)နှင့် ထပ်စိုက်ငွေ ကျပ်(၂၁၈၆၈၀၀၀)တို့ဖြင့် တည်ဆောက်နေလျက်ရှိသည်ဖြစ်ပြီး မိုင်းကိုးကျေးရွာ အုပ်စုရှိ ရွာပေါင်း (၁၂)ရွာအတွက် မရှိမဖြစ် လိုအပ်နေလျှက်ရှိသော ချောင်းဆုံ တံတားဖြစ်သည့် ဟွေဆာတံတား ပြုပြင် တည်ဆောက်နေမှုကို ယနေ့ ၂၀၁၄ခုနှစ် ဒီဇင်ဘာလ(၂၇)ရက် နံနက်ပိုင်းက ပြည်နယ်လွှတ်တော် ကိုယ်စားလှယ် နှင့် အဖွဲ့မှ လုပ်ငန်းပြီးစီးမှု အခြေအနေများအား သွားရောက် ကြည့်ရှုစစ်ဆေးခဲ့ကြသည်။

ထိုသို့ သွားရောက်ကြည့်ရှုရာတွင် ပြည်နယ်လွှတ်တော် ကိုယ်စားလှယ် ဒေါ်တင်မေထွန်း နှင့် အဖွဲ့ဝင်များ၊ တာချီလိတ်မြို့နယ် ဒုတိယအုပ်ချုပ်ရေးမှူး ဦးဝင်းအောင် နှင့် အဖွဲ့ဝင်များ၊ မြို့နယ်ဖွံ့ဖြိုးတိုးတက်ရေး အထောက်အကူပြု ကော်မတီ ဥက္ကဌ ဦးကြည်မြင့် နှင့် အတွင်းရေးမှူး ဦးကျော်ငြိမ်း အပါအ၀င် အင်ဂျင်နီယာအဖွဲ့များ နှင့် အတူ မိုင်းကိုးကျေးရွာအုပ်စုအုပ်ချုပ်ရေးမှူး ဦးစိုင်းကပ်ခမ်း နှင့် အဖွဲ့ဝင်များမှ အဆိုပါ တံတား၏ လုပ်ငန်းပြီးစီးမှု အခြေအနေများနှင့် လိုအပ်သည့် ဖြည့်စွက်ချက်များအတွက် ကွင်းဆင်းကြည့်ရှု စစ်ဆေးခဲ့ကြသည်။

ယခုတည်ဆောက်နေလျက်ရှိသော  ချောင်းဆုံတံတားသည် ပေအားဖြင့် (၆၀x၁၄x၁၀)ပေရှိပြီး ကွန်ကရစ်တံတား အဖြစ် ဆောက်လုပ်နေရာ ပြည်နယ်လွှတ်တော် ကိုယ်စားလှယ် ဒေါ်တင်မေထွန်း နှင့် အဖွဲ့မှ လုပ်ငန်းအတွင်း လိုအပ်ချက်များကို မေးမြန်းစိစစ်ရာ တာဝန်ရှိသူများက ဖြေကြားခဲ့ကြားသည်။

ကျေးရွာပေါင်း (၁၂)ရွာအတွက် အသုံးဝင်မည့် တံတား၏ ကုန်ကျမှုမှာ ကျပ်(၄၄၈၆၈၀၀၀)ရှိသည် ဖြစ်သော်လည်း ပြည်နယ်အစိုးရမှ ဒေသဖွံ့ဖြိုးရေးအတွက် ချပေးထားသည့် သိန်း(၄၀၀)အနက် ကျန်ရှိသည်မှာ သိန်း(၂၃၀)သာ ဖြစ်သည့်အတွက် အဆိုပါ တံတားပြုပြင်ရေးတွင် အသုံးပြုရန်အတွက် လိုအပ်သည့် ကျပ်(၂၁၈၆၈၀၀၀)ကို အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဦးဝီလ်ဆင်မိုးမှ လည်းကောင်း၊ တာချီလိတ်မြို့နယ် အထောက်အကူပြုကော်မတီမှ လည်းကောင်း၊ သတ္တုလုပ်ငန်းရှင် MD ဦးတင်နွယ်မှ လည်းကောင်း စုပေါင်း၍ ကုန်ကျခံကြမှာဖြစ်ပြီး ကျေးရွာလူထု၏ လုပ်အားများဖြင့် ပေါင်းစပ်၍ ရေရှည် အသုံးပြုနိုင်မည့် အဆိုပါ ကွန်ကရစ်တံတားကို  ၂၀၁၄ခုနှစ် နိုဝင်ဘာလ(၂၇)နေ့က စတင် ဆောက်လုပ်ခဲ့တာ ဖြစ်ပြီး ပြီးစီးမည့် ကာလကို ၂၀၁၅ခုနှစ် ဇန်န၀ါရီလအကုန် ခန့်မှန်းထားရှိပြီး  ဖေဖော်ဝါရီလအတွင်းမှာ ဖွင့်လှစ်နိုင်ရန်အတွက် ကြိုးစားသွားမည်ဖြစ်ကြောင်း သိရသည်။

ကျပ်သိန်းပေါင်း (၄၄၈)သိန်းကျော် အကုန်အကျခံကာ ဆောက်လုပ်မည့် ကွန်ကရစ်တံတားအား အဓိက အားထား သွားလာကြမည်ဖြစ်သော ကျေးရွာများမှာ နမ့်တွန်၊ ကူလောင်း၊ မိုင်းဝန်း၊ အောကာပါ၊ နားမိုး၊ မောရှက်(လားဟူ)၊ မောရှက်(အာခါ)၊ ပန်ဆန်း၊ မိုင်းကောင်၊ လွယ်စီမင်း၊ ကျာကူနီ လော်ခါး၊ စုစုပေါင်း ကျေးရွာပေါင်း (၁၂)ရွာဖြစ်ပြီး ဒေသခံတိုင်းရင်းသားများအတွက် များစွာ အထောက်အကူဖြစ်စေမည့် ကွန်ကရစ်တံတားဖြစ်စေမှာ ဖြစ်ကြောင်း သိရှိရသည်။

သတင်း၊ ။ ကိုဇောင်း
ဓါတ်ပုံ။  ။ တော်ဝင်

 Tachileik Online News ( www.tachileik.net  ) 

~~~~~~~~~~ ကြော်ငြာ ~~~~~~~~~