တာချီလိတ်မြို့နယ်တွင် အကျယ် ပေ(၁၅၀)သို့မဟုတ် ပေ(၁၀၀)ရှိမည့် မြို့ရှောင်လမ်းဖောက်လုပ်မည့် ကိစ္စနှင့် ပတ်သက်၍ ပြီးခဲ့သည့် ၂၀၁၂ခုနှစ် ကတည်းက စတင် အကောင်အထည် ဖော်နေလျက်ရှိရာမှ ယခုအခါမှာ အဆိုပါ လမ်းဖောက်လုပ်မှုတွင် အိမ်ခြေများ တက်နိုင်သမျှ ပါဝင်မှု နည်းပါးစေရန်အတွက် ခရိုင်/မြို့နယ် ပူးပေါင်း အဖွဲ့တို့ဖြင့် တိုင်းထွာခဲ့ကြပြီး ထွက်ပေါ်လာသည့် အချက်အလက်များကို ပြည်နယ်ဝန်ကြီးချုပ်အား ယနေ့ ၂၀၁၄ခုနှစ် ဒီဇင်ဘာလ(၂၈)ရက် နေ့လယ်(၂)နာရီအချိန်က တာချီလိတ်မြို့၊ ဆေးခမ်းရပ်ကွက်၊ စက်မှုဇုံအနီး၊ ဓနလင်းတိုးဂိတ်အကွာ မြို့ရှောင်လမ်း အဆုံးနေရာတွင် သက်ဆိုင်ရာအဖွဲ့မှ အသေးစိတ် ရှင်းလင်းတင်ပြခဲ့ကြသည်။
ဆက်လက်၍ အဆိုပါ အနေအထားသည် အမှတ်(၂)တံတားမှ စ၍ တစ်မိုင်အတွင်းမှာ ပါဝင်မည့် အရေအတွက်များဖြစ်ပြီး တစ်မိုင်ထက် ကျော်လွန်ပြီး (၃)မိုင်အတွင်းတွင် လယ်၊ ယာ၊ ဥယျာဉ်၊ မြေရိုင်း နှင့် အဆောက်အဦမြေ စုစုပေါင်း ဧက (၂၉.၁၃)ဧက ပါဝင်မှာဖြစ်ပြီး ပိုင်ရှင်ပေါင်းမှာ (၁၃၂)ဦးရှိကြောင်း ရှင်းလင်းတင်ပြသည်။
တဆက်တည်းမှာပင် ဧက(၂၇၈)ဧကခန့်ရှိပြီး (၁၀၀)ပေပတ်လည် အကွက်ပေါင်း (၃၇၀)ကျော်၊ (၈၀x၆၀)ပေ အကွက်ပေါင်း(၃၅၀)ခန့်နှင့် (၆၀x၄၀)ပေ အကွက်ပေါင်း (၁၀၀၀)ကျော်ခန့် စုစုပေါင်း အကွက်ပေါင်း (၁၇၀၀)ကျော် ပါဝင်မည့် တာချီလိတ်မြို့စက်မှုရပ်ကွက်အတွင်း အိမ်ရာမြေကွက်များ ဖော်ထုတ်မည့် မြေပုံကြမ်း အခြေအနေများကိုလည်း ပြည်နယ်ဝန်ကြီးအား တာချီလိတ်ခရိုင်အုပ်ချုပ်ရေးမှူး ဦးတင်ဝင်းရွှေက ရှင်းလင်းတင်ပြသည်။
မြို့ရှောင်လမ်းဖောက်လုပ်မှုနှင့် စပ်လျဉ်း၍ လမ်းအူကြောင်းဖော်ထုတ်ရန်အတွက် လွန်ခဲ့သော ၂၀၁၂ခုနှစ် ဒီဇင်ဘာလ (၁၀)ရက်နေ့ကစပြီး လမ်းအူကြောင်း သတ်မှတ် သင်္ကေတအဖြစ် အလံနီတိုင်များ စိုက်ထူထားပြီး တိုင်းတာ စစ်ဆေးမှုများအရ လမ်းနှင့်မလွတ်ကင်းသည့် အိမ်ခြေတော်တော်များများ ပါဝင်နေသည့်အတွက် ၂၀၁၄ခုနှစ် ဒီဇင်ဘာလ(၂၆)ရက်နေ့အထိ အိမ်ခြေများ ထိခိုက်ပါဝင်မှု နည်းပါးစေရန် အတွက် ကွင်းဆင်းဆောင်ရွက်မှုများအရ ယခင်တိုင်းတာ စစ်ဆေးမှုများထက် အိမ်ခြေပါဝင်မှု လျော့နည်းခဲ့ကြောင်း သိရသည်။
သတင်း ။ ။ ကိုဇောင်း