တာချီလိတ်၌ ကွမ်းဈေးတက်သော်လည်း ကွမ်းစားသူများ လျော့မသွား

တာချီလိတ်၌ ကွမ်းဈေးတက်သော်လည်း ကွမ်းစားသူများ လျော့မသွား
ဇန်နဝါရီ 9, 2015
By Tachileik News Agency

ရှမ်းပြည်နယ်၊ အရှေ့ပိုင်းဒေသ နယ်စပ်မြို့ဖြစ်သည့် တာချီလိတ်တွင် ကွမ်းရွက်ဈေးများ ထက်ဝက်ကျော် တက်သော်လည်း ကွမ်းစားသုံးသူများ နည်းပါးသွားခြင်း မရှိကြောင်းသိရသည်။

“ကွမ်းရွက်တွေက ဆောင်းရာသီဆိုတော့ နှင်းကျပြီး အထွက်အား မကောင်းဘူး၊ ပိုးကျတာလဲပါတယ်၊ဒါကြောင့် ၀ယ်လိုအား များပြီး ရောင်းလိုအား နည်းနေတယ်၊ အဲ့ဒါကြောင့် ဈေးတက်တာပေါ့”ဟု ၀မ်ကောင်းရပ်ကွက်ရှိ ဦးအောင်မျိုးဝင်း ကွမ်းပစ္စည်းဆိုင်မှ ကွမ်းယာ ပစ္စည်းရောင်းချသူ ဦးမျိုးက ပြောသည်။

တာချီလိတ်မြို့တွင် လွန်ခဲ့သော (၃)လခန့်က ကွမ်းတစ်ပိဿ (၁၈၀)ဘတ်မှ (၂၀၀)ဘတ်အတွင်း ရှိသော်လည်း ယခု ၂၀၁၅ ဇန်န၀ါရီလပိုင်းတွင် ကွမ်းရွက်ဈေး (၄၆၀)ရှိကြောင်းသိရသည်။

တာချီလိတ် ကွမ်းဈေးကွက်အတွက် ကွမ်းရွက်များအား မန္တလေးမြို့မှ မှာယူရောင်းချခြင်းဖြစ်ပြီး ကုန်းလမ်းမှ ကားဖြင့်မှာ ယူတင်သွင်းခြင်းဖြစ်သောကြောင့် သယ်ယူပို့ဆောင်ခ (၁)ပိဿာ ကျပ်(၈၀၀)ဈေးခန့်ရှိကြောင်း သိရသည်။

တာချီလိတ်တွင် ကွမ်းစားသုံးသူ အများစုမှာ ဗမာလူမျိုးများဖြစ်ပြီး မြန်မာနိုင်ငံအလယ်ပိုင်းမှ လာရောက် လုပ်ကိုင်သူများဖြစ်ကြောင်း ၎င်းမှ ဆက်လက်ရှင်းပြသည်။

“တာချီလိတ်မှာ အရင် (၁၀)ဘတ်ဖိုး ကွမ်း(၈)ယာရတယ် အခု(၁၀)ဘတ်ဖိုးဆို ကွမ်း(၅)ယာဘဲရတော့ တယ်။ ရန်ကုန်ထက်စာရင်တော့ ငွေဈေးအရဆို သက်သာပါတယ်။ ရန်ကုန်မှာ ကျပ်(၁၀၀)ကို ကွမ်းတစ်ရာ ဆိုတော့(၃)ဘတ်ကျတယ်”ဟု ၎င်းမှဆက်လက်ပြောသည်။

ယခုမန္တလေးတွင် ကွမ်းရွက်ပေါက်ဈေးမှာ (၁၃၀၀၀)ကျပ်ခန့်ရှိပြီး မန္တလေးတွင် ဆောင်းရာသီကာလ၌ ကွမ်းရွက်များအား နှင်းရိုက်ခတ်ခြင်းကြောင့် ကွမ်းရွက်တွင် အစက်အပျောက်များဖြစ်ပေါ်ပြီး အထွက်နှုန်း ကျဆင်းခြင်းကြောင့် တာချီလိတ်တွင် ဈေးကြီးနေခြင်းဖြစ်ကြောင်း၊ တစ်ခါတစ်ရံ ငွေဈေး အတက်အကျတွင်လည်း ဈေးကွက်အနည်းငယ် သက်ရောက်မှု ရှိသော်လည်း ကြီးမားသည့် ပြောင်းလဲမှု မရှိကြောင်းနှင့် ရာသီအထွက်နှုန်းကျသည့် အချိန်ဖြစ်သည့် အတွက်သာ ဈေးတက်လာခြင်းဖြစ်ကြောင်း ၎င်းမှ ပြောသည်။

“ကျွန်တော်ကွမ်းစားလာတာ (၁၀)နှစ်ကျော်ပါပြီ ဈေးကြီးလဲ ဖြတ်မှမဖြတ်နိုင်တာ ၀ယ်စားရတာပေါ့ အရင်ကတစ်ရက် (၂၀)ဖိုးဆိုရင် အခု (၄၀)ဖိုးလောက်စားရတာပေါ့”ဟု ကွမ်းစားသုံးသူ တစ်ဦးမှပြောသည်။

မြန်မာနိုင်ငံတွင် ရှေးအစဉ်အဆက် လူမျိုးစုတိုင်းတွင် ကွမ်းစားသုံးမှုများရှိခဲ့ရာ ယခုခေတ်ကာလတွင်  ပိုမိုများပြားလာခြင်းကြောင့် ကွမ်းယာစားသုံးခြင်း၏ ကျန်းမာရေးဆိုင်ရာ ဘေးထွက်ဆိုးကျိုးများအား အများပြည်သူ နားလည် သဘောပေါက်စေရန် ကျန်းမာရေးဌာနမှ တီဗွီများနှင့် သတင်းစာ၊ ဂျာနယ်များတွင် ထည့်သွင်း အသိပညာပေးသော်လည်း ကွမ်းစားသုံးသူ လျော့ကျသွားခြင်းမရှိဟု သိရသည်။

သတင်း ။  ။ အိမ့်ကြယ်ဖြူ

 Tachileik Online News ( www.tachileik.net  ) 

~~~~~~~~~~~~~~~~~~ ကြော်ငြာ ~~~~~~~~~~~~~~~~~~~~