တာချီလိတ်ခရိုင်ပြည်သူ့ဆေးရုံမှ အထူးကုဆရာဝန်ကြီးများ ဦးဆောင်သည့် အဖွဲ့မှ လစဉ် နယ်လှည့် အခမဲ့ ကွင်းဆင်း ဆေးကုသမှုများအဖြစ် တာချီလိတ်ခရိုင်၊ တာလေမြို့၊ နားယောင်းကျေးရွာအုပ်စုအတွင်း ပြုလုပ် လျက်ရှိရာသို့ ခရိုင်/မြို့နယ် အမျိုးသမီးရေးရာ နှင့် မိခင်နှင့်ကလေး စောင့်ရှောက်ရေး အသင်းတို့မှ ပူးပေါင်း၍ သွားရောက်ကာ လူနာများကို အားပေးခဲ့ကြပြီး အာဟာရမုန့်များ ထောက်ပံ့ ပေးအပ်ကြောင်း သိရသည်။
ဆေးဝါးအခမဲ့ ကုသပေးရာသို့ တာချီလိတ်မြို့နယ်အုပ်ချုပ်ရေးမှူး ဦးထွန်းထွန်းဝင်း ခရိုင်/မြို့နယ် အမျိုးသမီးရေးရာ နှင့် မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်းတို့မှ ဥက္ကဌများ အပါအ၀င် တာဝန်ရှိသူများက ဆေးဝါးကုသပေးနေမှုကို ကြည့်ရှုပြီး လူနာများအား အားပေးရာ တာချီလိတ်ခရိုင် ကျန်းမာရေး ဦးစီးဌာနမှူး ဒေါက်တာမျိုးမင်းက ဆေးဝါးကုသပေးနေမှု အခြေအနေများအား လိုက်လံ ရှင်းလင်းပြသသည်။
“တာချီလိတ်ခရိုင် အတွင်းမှာရှိတဲ့ အလှမ်းကွာဝေးတဲ့ ဒေသတွေကို ရွေးချယ်ပြီး (၁)လတစ်ကြိမ် ကွင်းဆင်း ဆေးကုသခြင်းအဖြစ် ဆောင်ရွက်နေသလို အခု၂၀၁၅ ခုနှစ်မှာလည်း အခမဲ့ ဆေးကုသပေးမှုအဖြစ် ဆက်လက် ကုသပေးသွားဖို့ အစီအစဉ်တွေ ရှိပါတယ်”ဟု တာချီလိခရိုင်ကျန်းမာရေး ဦးစီးဌာနမှူး ဒေါက်တာမျိုးမင်းက ပြောသည်။
တာချီလိတ်ခရိုင်အတွင်း အထူးကု ဆရာဝန်ကြီးများ ဦးဆောင်သောအဖွဲ့မှ နယ်လှည့်အခမဲ့ ကွင်းဆင်း ဆေးကုသမှုများအား ပြုလုပ်ခဲ့သည်မှာ (၂)နှစ်ခန့်ရှိပြီ ဖြစ်ကြောင်း၊ လိုအပ်သော ဆေးဝါးများအား နိုင်ငံတော်မှ ချပေးသည့် တာချီလိတ်ခရိုင်အတွင်း ကျန်းမာရေးအတွက် အသုံးပြုသော ဘတ်ဂျက်များမှ ခွဲဝေ အသုံးပြုတာဖြစ်ကြောင်း၊ ၂၀၁၄ ခုနှစ် အတွင်းမှာ (၈)ကြိမ်ရှိခဲ့ပြီဖြစ်ကြောင်းနှင့် ယခု ၂၀၁၅ ခုနှစ်အတွင်း ပထမဆုံးအကြိမ်အဖြစ် တာလေမြို့တွင်း လာရောက်ဆေးကုသခြင်းဖြစ်ကြောင်း အပြင် အထူးကုဆရာဝန် (၈)ဦးပါဝင်သည့် အဖွဲ့ဖြင့် ကလေးအထူးကု၊ အရိုးအထူးကု၊ သွားနှင့်ခံတွင်း အထူးကု၊ သားဖွားမီးယပ်၊ အထွေထွေရောဂါကုသမားတော်ကြီးများ ပါဝင်ကြောင်း သိရသည်။
“ယခင်က တာလေဆေးရုံအနေနဲ့ဘဲ ကွင်းဆင်းဆေးကုသမှုတွေရှိခဲ့တာပါ ကျွန်တော်ရောက်တဲ့ (၁)နှစ်ကျော်ထဲမှာ ဒါပထမဆုံးအကြိမ်ပါ..”ဟု တာလေမြို့ တာဝန်ခံဆရာဝန်ဒေါက်တာ အောင်မြင့်ကျော်မှ ပြောသည်။
ယနေ့ ကွင်းဆင်း ဆေးကုသမှုအား နံနက်(၈)နာရီမှ စတင်ကာ ညနေပိုင်းအထိ လူနာများ မကုန်မချင်း ဆေးဝါးကုသပေးမည်ဖြစ်ကြောင်း၊ ဆေးရုံတက် ကုသရန် လိုအပ်သော လူနာများအား ဆေးရုံတက်ရောက်ရန် ညွှန်ကြားပေးကြောင်း၊ ယခု ကုသမှုတွင် ရာသီ အပြောင်းအလဲကြောင့်ဖြစ်သော ရိုးရိုးဖျားနာနှင့် ဆီးချိုသွေးတိုးရောဂါ၊ အစာအိမ်ရောဂါ၊ အဆုတ်ရောဂါများကို ကုသရကြောင်း ကလေးများနှင့် ပတ်သက်သည့် ရောဂါများမှာလဲ အဆုတ် ရောဂါများသာ ဖြစ်ကြောင်း တာဝန်ခံ ဆရာဝန်ဒေါက်တာ အောင်မြင့်ကျော်ထံမှ သိရသည်။
ယနေ့ တာလေမြို့တွင် အခမဲ့ဆေးဝါး ကုသမှုသို့ တာချီလိတ်ခရိုင် မိခင်နှင့်ကလေး စောင့်ရှောက်မှု ကြီးကြပ်ရေးအဖွဲ့ ဥက္ကဌ ဒေါ်ဝင်းဝင်းသန့် နှင့် အဖွဲ့ဝင်များ၊ မြို့နယ် မိခင်နှင့်ကလေး စောင့်ရှောက်ရေးအသင်း ဥက္ကဌ ဒေါ်အေးသန္တာကျော် နှင့် အဖွဲ့ဝင်များ နှင့် ခရိုင်/မြို့နယ် အမျိုးသမီးရေးရာ အဖွဲ့ဝင်များမှ လူနာများအား အားပေးနှစ်သိမ့်ပေးပြီး အာဟာရအဖြစ် စားစရာမုန့်များကိုလည်း ပေးဝေခဲ့ကြသည်။
"လစဉ်လတိုင်း ကျန်းမာရေးစောင့်ရှောက်မှု ခရီးစဉ်တွင် အင်အားဖြည့် အစားအစာများနှင့် ရိက္ခာများအား လိုက်လံ ထောက်ပံ့ခြင်းနှင့် လူနာများအတွက် လိုအပ်သော ဆေးဝါးများအား ကော်မတီမှ တတ်နိုင်သမျှ ထောက်ပံ့ လှူဒါန်းလျှက်ရှိကြောင်း" တာချီလိတ်မြို့နယ် မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်း ဥက္ကဌ ဒေါ်အေးသန္တာကျော်ပြောသည်။
ပုံများကိုကြည့်ရန်