တာချီလိတ်ခရိုင်အတွင်း (၂၂)ကျောင်းမြောက်အဖြစ် တာလေ၌ ဓမ္မစကူးလ်ကျောင်းတော် ဖွင့်လှစ်

တာချီလိတ်ခရိုင်အတွင်း (၂၂)ကျောင်းမြောက်အဖြစ် တာလေ၌ ဓမ္မစကူးလ်ကျောင်းတော် ဖွင့်လှစ်
ဇန်နဝါရီ 10, 2015
By Tachileik News Agency

မြန်မာနိုင်ငံတွင် ဗုဒ္ဓဘာသာ ထွန်းကားပြန့်ပွားရေးနှင့် ကျောင်းသား၊ ကျောင်းသူ ကလေးသူငယ်များ ဘာသာတရား ကိုင်းရှိုင်းစေရေး အတွက် ဓမ္မစကူးလ်ကျောင်းတော်များကို ပြည်နယ်နှင့်တိုင်း၊ ခရိုင်/မြို့နယ် အဆင့်ဆင့် ဖွင့်လှစ်လာလျက်ရှိရာ ယနေ့ ၂၀၁၅ခုနှစ် ဇန်န၀ါရီလ(၁၀)ရက် နံနက်ပိုင်းက တာချီလိတ်ခရိုင် အတွင်း ဓမ္မစကူးလ်ကျောင်းတော် (၂၂)ကျောင်းမြောက် အဖြစ် တာလေမြို့ အခြေခံပညာ အထက်တန်း ကျောင်းတွင် အောင်မြင်စွာ ဖွင့်လှစ်သည်။

ဖွင့်ပွဲ အခမ်းအနားသို့ တာလေမြို့ ဓမ္မစကူးလ်ကျောင်းတော်၏ နာယက ဆရာတော်ဖြစ်သည့် မိုင်းလင်းဆရာတော်ဘုရားကြီး သဒ္ဓမ္မဇောတိကဓဇ ဘဒ္ဒန္တ ၀ိမလ ထပ်ဟိုနမ့် မှ ကြွရောက်၍ ချီးမြှင့်ပြီး ဓမ္မစကူးလ်ကျောင်းတော်နှင့် ပတ်သက်၍ "ဓမ္မစကူးလ်ဆိုတာ ဗုဒ္ဓရှင်တော်ဘုရားဟောတဲ့ တရားတော်တွေကို မျိုးဆက်သစ် လူငယ်တွေကို စနစ်တကျ သင်ကြားပို့ချတဲ့ ကျောင်းဖြစ်တဲ့အတွက် ဆရာ၊ ဒါယိကာ ညီညီညွတ်ညွတ်နဲ့ သာသနာ စည်ပင်ထွန်းကားပြီး အနာဂတ်သားသမီးတွေ လိမ္မာယဉ်ကျေးအောင် သင်ကြားပို့ချတဲ့ ကျောင်းဖြစ်တဲ့ အတွက် ၀မ်းသာမိကြောင်း”စသည်ဖြင့် သြ၀ါဒ မိန့်ကြားတော်မူသည်။

ဆက်လက်၍ တာချီလိတ်မြို့နယ်လုံးဆိုင်ရာ ဓမ္မစကူးလ်ကျောင်းတော် အလုပ်အမှုဆောင် ဆရာတော် ဥူးသုဇနမှ ဓမ္မစကူးလ်ကျောင်းတော် ဖွင့်လှစ်ရခြင်း အကြောင်းအရင်းနှင့် ပတ်သက်၍ အကျယ်တ၀ံ့ ရှင်းလင်း မိန့်ကြားတော်မူသည်။

တဆက်တည်းမှာ တာချီလိတ်မြို့နယ်အုပ်ချုပ်ရေးမှူး ဦးထွန်းထွန်းဝင်းမှ သာသနာရေးဆိုင်ရာများကို လျှောက်ထားပြီးနောက် တာချီလိတ်မြို့နယ်လုံးဆိုင်ရာ ဓမ္မစကူးလ်ကျောင်းတော် အလုပ်အမှုဆောင် ဥက္ကဌ ဦးကျော်သီဟမှ လုပ်ဆောင်ချက်များကို ရှင်းလင်းတင်ပြပြီး အ.ထ.က(တာလေ)မှ ကျောင်းအုပ်ဆရာကြီး ဦးသန်းစိုးက ကျေးဇူးတင် ၀မ်းမြောက်စကား ပြောကြားသည်။

တာလေမြို့ ဓမ္မစကူးလ်ကျောင်းတော်အတွက် လိုအပ်သည့် နေရာများနှင့် ရေရှည်တည်တံ့မှုများတွင် အသုံးပြုနိုင်ရေး အတွက် မိုင်းလင်းဆရာတော်ဘုရားကြီး သဒ္ဓမ္မဇောတိကဓဇ ဘဒ္ဒန္တ ၀ိမလ ထပ်ဟိုနမ့် အပါအ၀င် တာချီလိတ်မြို့နယ်အုပ်ချုပ်ရေးမှူး ဦးထွန်းထွန်းဝင်း နှင့် ဌာနဆိုင်ရာများ၊ လူမှူရေး အသင်းအဖွဲ့များ၊ ဒေသခံ တိုင်းရင်းသား ပြည်သူများက အလှူငွေများ လှူဒါန်းခဲ့ကြသည်။

တာလေမြို့တွင် ပထမဦးဆုံး ဖွင့်လှစ်သည့် ဓမ္မစကူးလ်ကျောင်းတော်အား စတင်ဖွင့်လှစ်ခြင်း အဖြစ် မိုင်းလင်းဆရာတော် ဘုရားကြီး သဒ္ဓမ္မဇောတိကဓဇ ဘဒ္ဒန္တ ၀ိမလ ထပ်ဟိုနမ့်၊ တာချီလိတ်မြို့နယ် အုပ်ချုပ်ရေးမှူး ဦးထွန်းထွန်းဝင်း၊ တာလေမြို့ အုပ်ချုပ်ရေးမှူး ဦးဇော်လွင်ထွန်းတို့မှ ဖဲကြိုးဖြတ်၍ ဖွင့်လှစ်ပေးခဲ့ကြသည်။

တာချီလိတ်ခရိုင်အတွင်းရှိ (၂၂)ကျောင်းမြောက်အဖြစ် ဖွင့်လှစ်သည့် အ.ထ.က(တာလေ) ဓမ္မစကူးလ်ကျောင်းတော် ဖွင့်ပွဲသို့ ကျောင်းသား၊ ကျောင်းသူများနှင့် ဧည့်သည်တော်များ စုစုပေါင်း (၅၀၀)ခန့် တက်ရောက်ခဲ့ကြရာတွင် တာချီလိတ်မြို့နယ်မှ လူမှုရေးအသင်းအဖွဲ့များလည်း လာရောက်၍ အားပေးခဲ့ကြကြောင်း သိရသည်။

တာချီလိတ်မြို့နယ်လုံးဆိုင်ရာ ဓမ္မစကူးလ်ကျောင်းတော် အလုပ်အမှုဆောင် အတွင်းရေးမှူး ဦးစိုင်းကျော်ရှဲန်က "အခုလောလောဆယ်မှာ သင်ကြားမှု ဆရာတွေ မလုံလောက်သေးတော့၊ တာချီလိတ်က ဆရာတွေနဲ့ဘဲ စနေနေ့တိုင်းမှာ လာသင်ကြားပေးဖြစ်မှာ ဖြစ်ပါတယ်၊ လာမဲ့ မတ်လ(၂၁)ရက်နေ့မှာ ဖွင့်လှစ်မဲ့ ဆင့်ပွား ဓမ္မစကူးလ် ဆရာဖြစ်သင်တန်းပြီးမှပဲ ပုံမှန် အပတ်စဉ် တနင်္ဂနွေနေ့တိုင်းမှာ ပြောင်းလဲသင်ကြားဖြစ်မှာပါ"ဟု ပြောသည်။

"ကလေးတွေရဲ့ တိုးတက်ရင်းနှီး အောင်မြင်မှုလေးတွေကို စောင့်ကြည့်ပြီးတော့ တာလေမှ တဆင့် မိုင်းလင်း၊ ကျိုင်းလပ်တို့ ဘက်ကိုလည်း တိုးချဲ့ပြီးတော့ ဖွင့်လှစ်သွားဖို့ အစီအစဉ်ရှိပါတယ်.."ဟု တာလေ ဓမ္မစကူးလ်ကျောင်းတော် အလုပ်အမှုဆောင် ဥက္ကဌ ဦးလှမိုးထွေးက ပြောသည်။

ဓမ္မစကူးလ်ကျောင်းတော် တာလေမှ အလုပ်အမှုဆောင် အတွင်းရေးမှူး ဦးညိမ်းသောင်က "တာလေ ဓမ္မစကူးလ်ကျောင်းတော် ဖွင့်လှစ်သင်ကြားရခြင်း အကြောင်းအရင်းကတော့ ကလေးတွေ ယဉ်ကျေးလိမ္မာ ရှိဖို့အတွက်နဲ့ မိရိုးဖလာ ဗုဒ္ဓဘာသာကနေ ဗုဒ္ဓဘာသာ အစစ်ဖြစ်အောင်လို့ ရည်ရွယ်ပြီးတော့ ဖွင့်လှစ်တာ ဖြစ်ပါတယ်၊ ဒီကျောင်းမှာ ဦးတည်ပြီး လုပ်ရတာကတော့ ကျောင်းနေကလေးတွေက ဒီမှာ စုဝေးနေခြင်းလည်း ဖြစ်သလို သူတို့ မိဘတွေနဲ့ နေရတဲ့ အချိန်က နည်းပြီး ဆရာမတွေနဲ့နေတဲ့ အချိန်တွေက များတဲ့အတွက် ကလေးတွေအတွက် ဒီကျောင်းမှာဘဲ ဦးတည်ပြီးတော့ လုပ်ဆောင်တာ ဖြစ်ပါတယ်.."ဟု ရှင်းပြသည်။

ဓမ္မစကူးလ်အား သီရိလင်္ကာနိုင်ငံတွင် စတင်ပေါ်ပေါက်ခြင်းဖြစ်ရာ သီရိလင်္ကာနိုင်ငံ ၀န်ကြီးချုပ်မှလဲ ဓမ္မစကူးလ်ကျောင်းထွက်ဖြစ်ကာ ၎င်းနိုင်ငံတွင် အလုပ်လျှောက်ရာတွင် လိုအပ်သော အကျင့်စာရိတ္တကောင်းမွန်ကြောင်းအား ဓမ္မစကူးလ်ကျောင်းလက်မှတ်ပါရုံဖြင့် လက်ခံပေးခြင်းဖြစ်ကြောင်း သိရသည်။  မြန်မာနိုင်ငံမှ နိုင်ငံတော်သြ၀ါဒစရိယဆရာတော် ဗန်းမော်ဆရာတော်ကြီးသည် သီရိလင်္ကာနိုင်ငံသို့ ဗုဒ္ဓဂါယာ ဘုရားဖူးသွားရောက်စဉ်တွေ့ရှိခဲ့သဖြင့် မြန်မာနိုင်ငံတွင် ဖွင့်လှစ်နိုင်ရန် ကြိုးပမ်းခဲ့ရမှာ ယခုလို အောင်မြင်စွာဖြင့် မြန်မာနိုင်ငံအတွင်း ဓမ္မစကူးလ်ကျောင်းတော်များကို ပြည်နယ်နှင့်တိုင်းအသီးသီးတို့တွင် ဖွင့်လှစ်ထားရှိပြီ ဖြစ်ကြောင်းသိရသည်။

ပုံများကိုကြည့်ရန်
တာချီလိတ်ခရိုင်အတွင်း (၂၂)ကျောင်းမြောက်အဖြစ် တာလေ၌ ဓမ္မစကူးလ်.....

 Tachileik Online News ( www.tachileik.net  ) 
~~~~~~~~~~~~~~~~~~ ကြော်ငြာ ~~~~~~~~~~~~~~~~~~~~