တာချီလိတ်၌ ဗိုလ်ချုပ်အောင်ဆန်း ရာပြည့်ပွဲတော် ကျင်းပရေးအတွက် မြေစိုက်ဆိုင်းဘုတ် စိုက်ထူ

တာချီလိတ်၌ ဗိုလ်ချုပ်အောင်ဆန်း ရာပြည့်ပွဲတော် ကျင်းပရေးအတွက် မြေစိုက်ဆိုင်းဘုတ် စိုက်ထူ
ဇန်နဝါရီ 11, 2015
By Tachileik News Agency

၂၀၁၅ခုနှစ် ဖေဖော်ဝါရီလ (၁၃)ရက်နေ့တွင် ကျရောက်မည်ဖြစ်သော ဗိုလ်ချုပ်အောင်ဆန်း၏ နှစ်(၁၀၀)ပြည့် မွေးနေ့အထိမ်းအမှတ်အဖြစ် ရာပြည့်ပွဲတော်ကို တာချီလိတ်၌ စည်ကားသိုက်မြိုက်စွာ ကျင်းပပြုလုပ်နိုင်ရေး အတွက် ယနေ့ ၂၀၁၅ခုနှစ် ဇန်န၀ါရီလ(၁၁)ရက် နံနက်ပိုင်းက လွတ်လပ်ရေးကျောက်တိုင် အနီးတွင် ရာပြည့်ပွဲတော် မြေစိုက်ဆိုင်းဘုတ်အား စိုက်ထူပွဲကို ကျင်းပပြုလုပ်ခဲ့ကြသည်။

ဆိုင်းဘုတ်စိုက်ထူပွဲသို့ တက်ရောက်လာသည့် ပွဲတော်ကျင်းပရေးကော်မတီမှ နာယကများ၊ ကော်မတီဝင်များ၊ ဆပ်ကော်မတီဝင်များအား တာချီလိတ်မြို့နယ်၊ တာလော့ရပ်ကွက်တွင် ဖွင့်လှစ်ထားရှိသည့် ဗယ်လင်တိုင်း ( Valentine ) ကဖေး နှင့် အအေး စားသောက်ဆိုင်မှ နံနက်စာ ဆီထမင်း အပါအ၀င် စားသောက်ဖွယ်ရာများဖြင့် တည်ခင်းဧည့်ခံကျွေးမွေးသည်။

ဆက်လက်၍ နံနက်(၉း၄၅)နာရီအချိန်တွင်  ပွဲတော်ကျင်းပရေးကော်မတီမှ နာယကများဖြစ်သည့် မြို့နယ်ဖွံ့ဖြိုးတိုးတက်ရေး အထောက်အကူပြု ကော်မတီ ဥက္ကဌ ဦးကြည်မြင့် နှင့် သတ္တုလုပ်ငန်းရှင်များ အသင်း ဥက္ကဌ ဦးမြင့်ဦး တို့မှ ဆိုင်းဘုတ်စိုက်ထူခြင်း အထိမ်းအမှတ်အဖြစ် ဖဲကြိုးဖြတ်၍ ဖွင့်လှစ်ပေးခဲ့ကြပြီး ဆက်လက်၍ နံနက်(၁၀)နာရီအချိန်မှာ ပွဲတော်ဖြစ်မြောက်ရေးအတွက် ဆပ်ကော်မတီ အသီးသီးတို့ဖြင့် လုပ်ငန်းညှိနှိုင်းဆွေးနွေး ခဲ့ကြကြောင်း သိရှိရသည်။

 မြေစိုက်ပိုစတာများကို တာချီလိတ်မြို့နယ် တာလော့ရပ်ကွက် ဗိုလ်ချုပ်လမ်းဘေး၊ လွတ်လပ်ရေးကျောက်တိုင် အနီးတွင် တစ်ခု၊ ပြည်သူ့ဆေးရုံရှေ့တွင် တစ်ခုနှင့် ရန်အောင်မြေ၊ ပါလျံဝန်ထမ်းအိမ်ရာ အနီးတွင် တစ်ခု စုစုပေါင်း (၃)ခု စိုက်ထူထားရှိသည်။

 Tachileik Online News ( www.tachileik.net  ) 
~~~~~~~~~~~~~~~~~~ ကြော်ငြာ ~~~~~~~~~~~~~~~~~~~~