ဗိုလ်ချုပ်အောင်ဆန်း ရာပြည့်ပွဲတော်ကို စည်ကားသိုက်မြိုက်စွာ ကျင်းပနိုင်ရေးအတွက် နိုင်ငံရေး ပါတီများနှင့် လူမှုရေး အဖွဲ့အစည်းများမှ စုပေါင်းကာ ညှိနှိုင်းဆွေးနွေး

ဗိုလ်ချုပ်အောင်ဆန်း ရာပြည့်ပွဲတော်ကို စည်ကားသိုက်မြိုက်စွာ ကျင်းပနိုင်ရေးအတွက် နိုင်ငံရေး ပါတီများနှင့် လူမှုရေး အဖွဲ့အစည်းများမှ စုပေါင်းကာ ညှိနှိုင်းဆွေးနွေး
ဇန်နဝါရီ 11, 2015
By Tachileik News Agency

ရှမ်းပြည်နယ် အရှေ့ပိုင်းဒေသ၊ တာချီလိတ်မြို့နယ်တွင် ဗိုလ်ချုပ်အောင်ဆန်း မွေးနေ့ အထိမ်းအမှတ် ရာပြည့်ပွဲတော် ကျင်းပနိုင်ရေးအတွက် ဒုတိယအကြိမ် လုပ်ငန်း ညှိနှိုင်း အစည်းအဝေးအား ယနေ့ ၂၀၁၅ ခုနှစ် ဇန်န၀ါရီလ (၁၁)ရက် နံနက်(၁၀)နာရီအချိန်က ရှမ်းအရှေ့ သတ္တုလုပ်ငန်းရှင်များ အသင်းရုံး၏ အစည်းအဝေး ခန်းမတွင် ကျင်းပပြုလုပ်ခဲ့ကြသည်။

အဆိုပါ ဆွေးနွေးပွဲတွင် နာယကများနှင့် ပွဲတော်ဖြစ်မြောက်ရေး ဆပ်ကော်မတီ(၁၂)ခုမှ ကော်မတီဝင်များဖြစ်သည့် မြို့နယ်အထောက်အကူပြုကော်မတီများ၊ နိုင်ငံရေးပါတီများ၊ လူမှုရေး အသင်းအဖွဲ့များ၊ ဗိုလ်ချုပ် ချစ်မြတ်နိုးသူများ၊ စီးပွားရေး လုပ်ငန်းရှင်များ၊ ပညာရေးနယ်ပယ်မှ ပညာရေး ၀န်ထမ်းများနှင့် တိုင်းရင်းသားများ စုစုပေါင်း (၅၀)ကျော် တက်ရောက်၍ ဆွေးနွေးခဲ့ကြသည်။

လုပ်ငန်းကော်မတီ အသီးသီးမှ ဆောင်ရွက်ထားရှိမှု အခြေအနေများအား တင်ပြဆွေးနွေးခဲ့ရာ
လှုံ့ဆော်ရေး အလှပြကားကို (၆)ဘီးယာဉ်နှင့် အကောင်းဆုံးဖြစ်အောင် စီစဉ်ထားပြီး ဖျော်ဖြေရေး အတွက် ခန့်မှန်း ကုန်ကျစရိတ် တစ်ရက်ဘတ်(၁၀၀၀၀)ကျော် ကုန်ကျမည်ဟုသိရသည်။

( ရွှေမဟာကိုယ်ပိုင်အထက်တန်းကျောင်း မှ အလှူငွေပေးအပ်စဉ် )

တာချီလိတ်မြို့ ဗိုလ်ချုပ်ရာပြည့်ပွဲတော်တွင် ဗိုလ်ချုပ်အောင်ဆန်းအား ရည်စူး၍ ဆွမ်းဆန်စိမ်း လောင်းလှူပွဲကို ကျင်းပပြုလုပ်မှာဖြစ်ပြီး ဖျော်ဖြေရေး၊ အားကစား၊ နိဗ္ဗာန်ဈေး၊ ၊ ပန်းချီ၊ ကဗျာ၊ စာစီစာကုံး၊ ကာတွန်းပြိုင်ပွဲနှင့် ဗိုလ်ချုပ်ဖက်ရှင်ပြိုင်ပွဲ၊ ဇာတိမာန် သီချင်းဆိုပြိုင်ပွဲ စသည်ဖြင့် ပြိုင်ပွဲများ ကို ကျင်းပမည်ဖြစ်ကြောင်း သိရသည်။

ပွဲတော်တွင်  နိုင်ငံရေးပါတီများနှင့် အဖွဲ့အစည်းများမှ ကိုယ်ပိုင် အလံနှင့် တံဆိပ်များအား အသုံးပြုခွင့်ရှိမည် မဟုတ်ဘဲ သက်ဆိုင်ရာ ပါတီ၊ အဖွဲ့အစည်း၏ ဆိုင်းဘုတ်များသာ အသုံးပြုခွင့် ပေးသွားမည်ဟု ဆွေးနွေး ဆုံးဖြတ်ထားကြသည်။

အားကစားပြိုင်ပွဲများ အနေနှင့် ရိုးရာကစားနည်း(၁၈)မျိုးခန့် ပါဝင်မည်ဖြစ်ပြီး မာရသွန်ပြိုင်ပွဲအား ထည့်သွင်း ကျင်းပမည်ဖြစ်ကြောင်း သိရသည်။

ရန်ပုံငွေရှာဖွေရေး ဆပ်ကော်မတီမှ လိုအပ်သော ရန်ပုံငွေများ ရရှိနိုင်ရန် သက်ဆိုင်ရာ ဆပ်ကော်မတီ အသီးသီးမှ စာရင်းဇယားများပြုလုပ်၍ အသေးစိတ် အချက်အလက်များဖြင့် လာမည့် အစည်းအဝေး ပွဲများတွင် ထည့်သွင်းဆွေးနွေးလျှင် ပိုမိုပြည့်စုံနိုင်ကြောင်း ထည့်သွင်းဆွေးနွေးသွားသည်။

ပန်းချီ၊ ကဗျာ၊ စာစီစာကုံး၊ ကာတွန်းပြိုင်ပွဲများတွင် လွတ်လပ်သော အဖွဲ့အစည်းမှ သက်ဆိုင်ရာ ဘာသာရပ် အသီးသီးအား ကျွမ်းကျင်သော ပညာရှင်များအား ဒိုင်အဖွဲ့အဖြစ် ဖွဲ့စည်း ဆောင်ရွက်နိုင်ရေးကိုလည်း ထည့်သွင်းဆွေးနွေးခဲ့ကြသည်။

တာချီလိတ်မြို့ ဗိုလ်ချုပ်အောင်ဆန်းရာပြည့် ပွဲတော်ဖြစ်မြောက်ရေး အစည်းအဝေးအား နိုင်ငံရေးပါတီများနှင့် လူမှုရေး အဖွဲ့အစည်း အသီးသီးမှ (၅၀)ကျော် တက်ရောက်ခဲ့ကြောင်း သိရပြီး ဆက်လက်၍ ပွဲတော်ဖြစ်မြောက်ရေးအတွက် အပတ်စဉ် စနေနေ့ နေ့လယ်(၁)နာရီအချိန်တိုင်းမှာ တာချီလိတ်မြို့ ၀မ်ကောင်းရပ်ကွက်ရှိ ဟိုတယ်တာချီလိတ်တွင် လုပ်ငန်း ညှိနှိုင်း ဆွေးနွေးမှုများ ဆက်လက်လုပ်ဆောင်သွားမှာ ဖြစ်ကြောင်း သိရှိရသည်။

ပုံများကိုကြည့်ရန်
ဗိုလ်ချုပ်အောင်ဆန်း ရာပြည့်ပွဲတော်

 Tachileik Online News ( www.tachileik.net  ) 

~~~~~~~~~~~~~~~~~~ ကြော်ငြာ ~~~~~~~~~~~~~~~~~~~~