လောက်ကိုင်ဒေသတွင် သက်စွန့်ကြိုးပမ်း တာဝန်ထမ်းဆောင်နေသော တပ်မတော်သားများအတွက် ဒုတိယအကြိမ်မြောက် အလှူငွေများ ထောက်ပံ့ပေးအပ်

လောက်ကိုင်ဒေသတွင် သက်စွန့်ကြိုးပမ်း တာဝန်ထမ်းဆောင်နေသော တပ်မတော်သားများအတွက် ဒုတိယအကြိမ်မြောက် အလှူငွေများ ထောက်ပံ့ပေးအပ်
ဖေဖော်ဝါရီ 20, 2015
By Tachileik News Agency

မြန်မာနိုင်ငံ အရှေ့မြောက်တိုင်းစစ်ဌာနချုပ် လောက်ကိုင်ဒေသ စစ်ဆင်ရေး၌ တာဝန်ထမ်းဆောင်စဉ် တိုက်ပွဲတွင် ကျဆုံး/ဒဏ်ရာရ အရာရှိ၊ စစ်သည်၊ မိသားစုဝင်များအား တာချီလိတ်ဒေသခံများမှ ယနေ့ ဖေဖော်ဝါရီ(၂၀)ရက် နံနက်ပိုင်းက ဒုတိယအကြိမ်မြောက် အဖြစ် ကျပ်သိန်းပေါင်း (၇၀)ကျော် ထောက်ပံ့ပေးအပ် လှူဒါန်းခဲ့ကြောင်း သိရသည်။

“ ပြည်ခိုင်ဖြိုးပါတီနဲ့ ဆက်စပ်တဲ့ လူမှုရေးအသင်းအဖွဲ့တွေ၊ အစည်းအရုံးတွေနဲ့ ပါတီဝင်တွေပူးပေါင်းပြီး၊ ကျဆုံးသွားတဲ့ စစ်သည်တွေနဲ့ ဒဏ်ရာရရှိတဲ့ စစ်သည် မိသားစုဝင်တွေကို ထောက်ပံ့ဖို့ အလှူငွေတွေကို လာရောက်ပေးအပ်တာပါ”ဟု ပြည်ထောင်စုကြံခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီမှ ပြည်နယ် လွှတ်တော်ကိုယ်စားလှယ် ဒေါ်တင်မေထွန်းမှ အဆိုပါ အလှူငွေပေးအပ်ပွဲတွင် ပြောကြားသည်။

တာချီလိတ်မြို့ရှိ ဒေသခံပြည်သူများ နှင့် စီးပွားရေးလုပ်ငန်းရှင်များ၊ လူမှုရေးအသင်းအဖွဲ့များ၊ တာဝန်ရှိသူများ စသည်တို့မှ ပူးပေါင်း၍ စုပေါင်းလှူဒါန်းမှုမှာ (၆၆၅၀၀၀၀)ကျပ်ရှိပြီး၊ တာချီလိတ်တပ်နယ်မှ အရာရှိစစ်သည် မိသားစုများက ကျပ်(၄၄၀၀၀၀)သိန်း ထောက်ပံ့လှူဒါန်းခဲ့ပြီး စုစုပေါင်း (၇၀၉၀၀၀၀)ကျပ် စုပေါင်းလှူဒါန်းခဲ့ကြောင်းနှင့် ဖေဖော်ဝါရီလ (၁၆)ရက်နေ့က ပထမအကြိမ်အဖြစ် (၅၈၁၀၀၀၀)ကျပ် လှူဒါန်းခဲ့ကြောင်း သိရသည်။

ယခုလို ပြည်သူလူထုက တခဲနက်ထောက်ခံပြီး အားပေးကူညီထောက်ပံ့သည့်အတွက် ၀မ်းမြောက်ဝမ်းသာဖြစ်ရပြီး ကျေးဇူးအထူးတင်ရှိပါကြောင်း စစ်ဗျူဟာအဖွဲ့(အခြေချ)တာချီလိတ် စစ်ဗျူဟာမှူး ဗိုလ်မှူးကြီးဇော်နိုင်ဦးမှ ကျေးဇူးတင်စကားပြောကြားသည်။

ရပ်ရွာဒေသ အေးချမ်းသာယာရေးနှင့် တည်ငြိမ်ရေးသည် တပ်မတော်၏ အဓိကတာဝန်ဖြစ်သည့်အတွက် တပ်မတော်သည် အစဉ်တစိုက် ပြည်သူလူထုအား အကာအကွယ်ပေးနိုင်ရန် ကြိုးပမ်းဆောင်ရွက် သွားမည်ဖြစ်ကြောင်း၊ ပြည်သူလူထု၏ အသက်အိုးအိမ်စည်းစိမ် ကာကွယ်စောင့်ရှောက်ရန် တပ်မတော်သားတို့၏ သစ္စာအဓိဌာန်ပြုထားသည့်အတိုင်း ကာကွယ်စောင့်ရှောက်သွားမည်ဖြစ်ကြောင်း ၎င်းမှ ဆက်လက်ပြောကြားသည်။

ယခုလို လှူဒါန်းထောက်ပံ့မှုများအနေဖြင့် တာချီလိတ်စစ်ဗျူဟာသို့ လှူဒါန်းနေကြသလို တာချီလိတ်မြို့နယ် စစ်မှုထမ်းဟောင်းအဖွဲ့ရုံးသို့လည်း တာချီလိတ်ဒေသခံများမှ လှူဒါန်းနေလျက်ရှိကြောင်း သိရသည်။

ဆက်လက်၍ လှူဒါန်းလိုသူများ အနေဖြင့် တာချီလိတ်မြို့နယ်စစ်မှုထမ်းဟောင်းအဖွဲ့သို့လည်းကောင်း၊ စစ်ဗျူဟာအဖွဲ့(အခြေချ)တာချီလိတ်သို့လည်းကောင်း၊ တာချီလိတ်မြို့နယ်အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနတွင်လည်းကောင်း၊ သက်ဆိုင်ရာဌာနများတွင်လည်း လှူဒါန်းနိုင်မှာဖြစ်ကြောင်း သိရသည်။

တာချီလိတ်မြို့နယ် စစ်မှုထမ်းဟောင်းအဖွဲ့ရုံး
အကောက်ခွန်ရုံးဘေး၊ ၀မ်ကောင်းရပ်ကွက်၊ တာချီလိတ်မြို့။
မြန်မာဖုန်း။ ။ ၀၈၄-၅၁၆၃၀၊ ၀၉-၂၅၄၃၃၈၀၀၈

ပုံများကိုကြည့်ရန်
လောက်ကိုင်ဒေသတွင် သက်စွန့်ကြိုးပမ်း တာဝန်ထမ်းဆောင်နေသော.........

 Tachileik Online News ( www.tachileik.net  ) 
~~~~~~~~~~ ကြော်ငြာ ~~~~~~~~~