အွန်လိုင်းမှ ထိုင်း - မြန်မာငွေလွှဲဝန်ဆောင်မှုလုပ်ငန်းများ တစ်ရက်လျှင် ကျပ်သိန်း(၃၀၀)ကျပ်ခန့် မြန်မာနိုင်ငံတွင်းသို့ ငွေလွှဲပို့ရကြောင်း သိရသည်။
“ငွေလွှဲလုပ်ငန်းကို လုပ်လာတာ (၄)နှစ်လောက်ရှိပြီ အွန်လိုင်းပေါ်က ငွေလွှဲလုပ်ငန်းတော့ (၂)နှစ်လောက်ဘဲ ရှိသေးတယ်၊ အွန်လိုင်းပေါ်က ငွေလွှဲမယ့် ပဏာမနဲ့ ဘဏ်တည်ရှိတဲ့မြို့ရယ် မှတ်ပုံတင်နံပတ်နဲ့ အမည်ကို အကြောင်းကြားလာရင် ကျွန်တော်တို့က လွှဲပေးလိုက်တယ် Customer တွေကလည်း ပြန်လွှဲပေးပါတယ်၊ အဓိကတော့ ယုံကြည်မှုနဲ့ တည်ဆောက်ပြီး အလုပ်လုပ်တာပေါ့”ဟု အွန်လိုင်းငွေလွှဲလုပ်ငန်း (MT)မှ ကိုသူရိန်ပြောသည်။
ငွေလဲလုပ်ငန်းတွင် ထိုင်းနိုင်ငံမှ မြန်မာနိုင်ငံသို့ ငွေလဲပို့မှု အများဆုံးဖြစ်ပြီး၊ လစာထုတ်ရက်များတွင် ငွေလွှဲမှု အများဆုံးဖြစ်ကြောင်း၊ ပုံမှန်အားဖြင့် တစ်ရက်ကျပ်ငွေ သိန်း(၃၀၀)ဖိုးခန့်ရှိကြောင်း၊ ငွေဈေးနှုန်း အတက်အကျ ပေါ်မူတည်၍ အရှုံးအမြတ်များရှိကြောင်း၊ ငွေလွှဲခအား ကျပ်တစ်သိန်းလျှင် ၀န်ဆောင်ခ(၄၀)ဘတ် ယူကြောင်း ၎င်းထံမှ သိရသည်။
“ကျွန်တော်တို့ ဘဏ်က သွားလွှဲဖို့အတွက် တစ်ခါတစ်လေ အချိန်မရဘူး နောက်ပြီး ကိုယ်ပို့ချင်တဲ့အချိန် ရောက်လာ မရောက်လားမသေချာဘူး အစိုးရဘဏ်တွေကို ပို့ရတာများတယ်၊ ဒါမျိုး ငွေလွှဲပေးတဲ့လုပ်ငန်းကပို့တာ ငွေရောက်မရောက် ချက်ချင်းသိရတယ် လုပ်ငန်းလုပ်ကိုင်သူတွေကိုတော့ ကျွန်တော်တို့ မမြင်ဖူးပါဘူး၊ မြ၀တီကဆိုတာတော့သိတယ်”ဟု ထိုင်းနိုင်ငံမှ ငွေလွှဲသူ ကိုမင်းသူမှပြောသည်။
အေပြီလ(၂၁)ရက်နေ့၏ ထိုင်း-မြန်မာငွေပေါက်ဈေးမှာ မြန်မာငွေကျပ်(၁)သိန်းလျှင် ထိုင်းဘတ်(၃၀၃၀)ဖြစ်ကြောင်း၊ အွန်လိုင်းပေါ်မှ ငွေပေါက်ဈေးပေါ်အခြေခံ၍ လုပ်ငန်းလုပ်ကိုင်လျှက်ရှိကြောင်း ထိုင်းနိုင်ငံမှ မြန်မာနိုင်ငံသို့ တရားဝင်ငွေလွှဲခြင်းအား ဘဏ်များဖွင့်လှစ်၍ လုပ်ဆောင်နေသော်လည် ထိုင်းနိုင်ငံရောက် မြန်မာအလုပ်သမားအများစုမှာ ဘဏ်လုပ်ငန်းစနစ်အား နားလည်ခြင်းမရှိသည့်အတွက် နှစ်ပေါင်းများစွာကျင့်သုံးလာသော အောက်လမ်းမှ ငွေလွှဲခြင်းလုပ်ငန်းများ သာ လုပ်ဆောင်လျှက်ရှိကြောင်း သိရသည်။