လူသတ်မှုနှင့် ပတ်သက်၍ မသင်္ကာသူအား ဖမ်းဆီးရာမှ လက်နက်ခဲယမ်းနှင့် ကျောက်စိမ်းအရိုင်းတုံးများ သိမ်းဆည်းရမိ

လူသတ်မှုနှင့် ပတ်သက်၍ မသင်္ကာသူအား ဖမ်းဆီးရာမှ လက်နက်ခဲယမ်းနှင့် ကျောက်စိမ်းအရိုင်းတုံးများ သိမ်းဆည်းရမိ
ဧပြီ 22, 2015
By Tachileik News Agency

တာချီလိတ်မြို့တွင် ပြီးခဲ့သော မတ်လ(၃၁)ရက်သို့ အကူး၌ သေနတ်ဖြင့် (၆)ချက်တိတိ ပစ်သတ်သည့် လူသတ်မှုနှင့် ပတ်သက်၍ မသင်္ကာသူအား ယနေ့ ဧပြီလ(၂၂)ရက် နံနက်(၇း၃၀)နာရီအချိန်ခန့်က တာချီလိတ်ရဲတပ်ဖွဲ့ဝင်များမှ ရှာဖွေဖမ်းဆီးရာ မူးယစ်ဆေးဝါးများနှင့်အတူ လက်နက်ခဲယမ်းများ အပါဝင် ကျောက်စိမ်း အရိုင်းတုံးများပါ ပူးတွဲ ဖမ်းဆီးသိမ်းဆည်း ရမိကြောင်းသိရသည်။

ဖြစ်စဉ်မှာ တာချီလိတ်ခရိုင်ရဲတပ်ဖွဲ့မှူးရုံးမှ တပ်ဖွဲ့ဝင်များ၊ တာချီလိတ်မြို့မရဲစခန်းမှ တပ်ဖွဲ့ဝင်များ၊ မူးယစ်ဆေးဝါး တားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့၊ တပ်ဖွဲ့စု(၃၀)တာချီလိတ်မှ တပ်ဖွဲ့ဝင်များ၊ မှုခင်းရဲတပ်ဖွဲ့ဝင်များ လူကုန်ကူးမှု တားဆီးနှိမ်နင်းရေး ရဲတပ်ဖွဲ့ဝင်များ နှင့် ရပ်ကွက်အဖွဲ့အ၀င်များ ပါဝင်သည့် ပူးပေါင်းအဖွဲ့မှ တာချီလိတ်မြို့နယ်၊ ပါဆတ်ရပ်ကွက်၊ လွန်းကျိုင်းကျေးရွာ အမှတ်(လက----)နေ အိုက်ရှဲန်(ခ) အိုက်ရှဲန်အွန်သည်  မတ်လ(၃၁)ရက်နေ့က ဖြစ်ပွားခဲ့သော လူသတ်မှုနှင့် ပတ်သက်၍ မသင်္ကာသူအဖြစ် သတင်းရရှိထားသည့်အတွက် နေအိမ်သို့ ၀င်ရောက်စီးနင်းရှာဖွေရာမှ ၎င်းနှင့်အတူ  မူးယစ်ဆေးဝါးများ၊ လက်နက်ခဲယမ်းများ အပါဝင် ကျောက်စိမ်းအရိုင်းတုံးများပါ ရှာဖွေ သိမ်းဆည်းရမိတာဖြစ်ကြောင်း  တာချီလိတ်မြို့မရဲစခန်းမှ သိရသည်။

ဖမ်းဆီးသိမ်းဆည်းရမိရာတွင် အလေးချိန် (၆၀)ကီလိုခန့်ရှိသည့် အဖြူရောင် ကျောက်စိမ်းအရိုင်းတုံး(၁)တုံး၊ ကျောက်စိမ်းအရိုင်းတုံး (၅)ကီလို၊ (၄)ကီလို၊ (၄)ကီလို၊ (၂)ကီလို အသီးသီးရှိသည့် (၄)တုံး စုစုပေါင်း ကျောက်စိမ်းအရိုင်းတုံး (၅)တုံး အပြင် မူးယစ်ဆေးဝါးများ အနေဖြင့် ပန်းရောင် စိတ်ကြွဆေးပြား (၁၈၅)ပြား၊ အဖြူရောင်ပုံဆောင်ခဲ အလေးချိန် (၄၂၀)ဂရမ် နှင့် ပန်းရောင်စိတ်ကြွဆေးပြား အကြေမှုန် (၆)ဂရမ်တို့ကို ပါဝင်ကြောင်း သိရသည်။

ရှာဖွေသိမ်းဆည်းရမိသည့် လက်နက်ခဲယမ်းများအနေဖြင့် ၉ မမ ကျည်(၈၀)တောင့် နှင့် ၎င်းကျည်ကတ် အလွတ်(၂)ခု၊ M-16 ကျည်ဘောက်(၂)ခုနှင့် ၎င်းကျည်(၁၄၀)တောင့်၊ GAMO စာတမ်းပါ စပိန်နိုင်ငံထုတ်၊ လေသေနတ်အရှည်(၁)လက်၊ ခဲသီး(၁၅၀)လုံး၊ S&W .357 MAGNUM တံဆိပ်ပါ အမေရိကန်နိုင်ငံလုပ် SMITH&WESSON ခြောက်လုံးပြူး(၁)လက်နှင့် ၎င်းကျည်(၃)တောင့်၊ SNN 753 နံပါတ်ပါ သြစတြေးလျနိုင်ငံထုတ် ပစ္စတိုသေနတ်(၁)လက် နှင့် ၉မမကျည်(၁၁)တောင့် နှင့် ကျည်ကတ်(၁)ခု တို့ကို သိမ်းဆည်းရမိကြောင်း သိရသည်။

"လူသတ်မှုနဲ့ ပတ်သက်ပြီးတော့ မသင်္ကာသူကို စစ်ဆေးပြီး ခိုင်လုံတဲ့ သက်သေ အထောက် အထားများနဲ့ တရားစွဲတင်ပို့ရန် အတွက် ဆက်လက်ဆောင်ရွက်နေဆဲဖြစ်ပါတယ်.."ဟု တာချီလိတ်မြို့မရဲစခန်းမှ စခန်းမှူး ဒုတိယရဲမှူးကျော်သန်းက တာချီလိတ်သတင်းအေဂျင်စီသို့ ပြောသည်။

မှုခင်းကိစ္စရပ်များနှင့် ပတ်သက်၍ တရားခံများအား ဖမ်းဆီးရမိနိုင်ခြင်းသည် အဓိကအားဖြင့် ပြည်သူများ၏ ပူးပေါင်းပါဝင်မှုကြောင့် ဖြစ်ကြောင်းနှင့် ယခုလိုပင် အမှုအခင်း ကိစ္စရပ်များ၊ ဒုစရိုက်နှိမ်နင်းရေး ကိစ္စရပ်များတွင် ပြည်သူများ အနေဖြင့် ဆက်လက်၍ ပူးပေါင်းပါဝင်ပေးကြဖို့ မေတ္တာရပ်ခံပါကြောင်း ၎င်းမှ ဆက်လက်ပြောကြားသည်။

ယခုဖြစ်စဉ်နှင့် ပတ်သက်၍ ဖမ်းဆီးရမိသူ အိုက်ရှဲန်(ခ)အိုက်ရှဲန်အွန်အား တာချီလိတ်မြို့မရဲစခန်းတွင် (ပ)၈၄/၂၀၁၅၊ ကျောက်မျက်ဥပေဒပုဒ်မ ၄၂(က)ဖြင့်လည်းကောင်း၊ ရှမ်းပြည်နယ်လက်နက်အမိန့် ၁၂(က)/၁၂(ဂ)ဖြင့် လည်းကောင်း၊ မူးယစ်ဆေးဝါးနှင့် ပတ်သက်၍ မယ(ပ)၅၆/၂၀၁၅၊ မူး/စိတ်ပုဒ်မ ၁၅/၁၉(က)/၂၂(ခ)ဖြင့်လည်းကောင်း အသီးသီး အမှုဖွင့်အရေးယူ ဆောင်ရွက်ထားရှိကြောင်း သိရသည်။

 #TachileikNewsAgency
#TachileikOnlineNews
www.tachileik.net  
~~~~~~ ကြော်ငြာ ~~~~~~